ရှင်တော်ဘုရား မကျန်းမာခြင်းကြောင့် အကျွန်ုပ်၏ ခန္ဓာကိုယ်သည် လေးလံတောင့်တင်း နေသကဲ့သို့ဖြစ်ပါ သည်၊ အကျွန်ုပ်၏ အဖို့ရာ အရပ်မျက်နှာတို့လည်း မကွဲပြားပါကုန်၊ သတိပဌာန် အစရှိသော တရားတို့သည်လည်း အကျွန်ုပ်၏ ဥာဏ်၌ မထင်လင်းပါကုန်။
မြတ်စွာဘုရား… ထိုသို့ဖြစ်သော်လည်း ရှင်တော်ဘုရားသည် ရဟန်းသံဃာနှင့်စပ်လျဉ်း၍ တစုံတရာ မှာထားချက်ကို မြွက်ကြားတော်မမူရသေးသမျှ ကာလပတ်လုံး ရှင်တော်ဘုရားသည် ပရိနိဗ္ဗာန် ၀င်စံတော်မူလိမ့်မည် မဟုတ်ဟု အောက်မေ့နေသောကြောင့်သာ အကျွန်ုပ်၏အဖို့ရာ အနည်းငယ် သက်သာခွင့် ရရှိပါတော့သည်ဘုရား……
ထိုအခါ မြတ်စွာဘုရားရှင်သည် ရှင်အာနန္ဒာမထေရ်ကို ဤဆိုလတ္တံသောအတိုင်း ဖြေရှင်းဟောကြားတော်မူ၏-
“ချစ်သားအာနန္ဒာ… ရဟန်းသံဃာသည် ငါဘုရားထံမှ အဘယ်အရာကို မျှော်လင့်နေသေးသနည်း၊ ချစ်သားအာနန္ဒာ… ငါဘုရားသည် အတွင်း၊ အပြင်၊ မထားပဲ တရားကို ဟောခဲ့ပြီ၊ ချစ်သားအာနန္ဒာ… ငါဘုရား၏ အဖို့ရာ တရားအရာတို့၌ ဆရာ့လက်ဆုပ် ပြုလုပ်ထားသော လျှို့ဝှက်ချက် မရှိချေ။ ချစ်သား အာနန္ဒာ…`ရဟန်းသံဃာကို ငါသာလျှင် သိမ်းယူထားအံ့´ ဟူ၍လည်းကောင်း `ရဟန်းသံဃာသည် ငါ့ကိုသာလျှင် အားကိုးရာ ရှိ၍နေစေ´ဟူ၍လည်းကောင်း အကြင်သူ့မှာ ဤကဲ့သို့လိုလားခြင်းရှိရာ၏၊ ထိုသူသည်သာလျှင် ရဟန်းသံဃာနှင့်စပ်လျဉ်း၍ တစုံတရာမှာထားချက်ကို မြွက်ဆိုရာ၏။ ချစ်သားအာနန္ဒာ… ငါဘုရားမှာမူကား …`ရဟန်းသံဃာကို ငါသာလျှင် သိမ်းယူထားအံ့´ ဟူ၍လည်းကောင်း `ရဟန်းသံဃာသည် ငါ့ကိုသာလျှင် အားကိုးရာ ရှိ၍နေစေ´ဟူ၍လည်းကောင်း ဤကဲ့သို့လိုလားချက်သည် လုံးဝမရှိချေ။ ချစ်သားအာနန္ဒာ… ထိုသို့ လိုလားချက် လုံးဝမရှိသော ငါဘုရား သည် ရဟန်းသံဃာနှင့်စပ်လျဉ်း၍ တစုံတရာ မှာထားချက်ကို အဘယ်မှာ မြွက်ဆိုတော့အံနည်း။
ချစ်သားအာနန္ဒာ… ယခုအခါ ငါဘုရားသည် အိုမင်းကြီးရင့်လှလေပြီ၊ အရွယ်လွန်၍ အဆုံးပိုင်းသို့ ရောက်နေချေပြီ၊ ယခု ငါဘုရား၏အသက်မှာ အနှစ်ရှစ်ဆယ်ရှိနေပြီ၊ ချစ်သားအာနန္ဒာ… လှည်းအိုကြီးသည် ဖွဲ့စည်းတုပ်နှောင်ခြင်းဖြင့် တည်တံ့သကဲ့သို့ ဤအတူပင် ငါဘုရား၏ ခန္ဓာကိုယ်သည်လည်း ဖွဲ့စည်းတုပ်နှောင်ခြင်းနှင့် တူသော အာယုပါလကဖလသမာပတ်ဖြင့် တည်တံ့လျက် ရှိ၏။ ချစ်သား အာနန္ဒာ… အကြင်အခါ မြတ်စွားဘုရားသည် အလုံးစုံသော အာရုံနိမိတ်တို့ကို နှလုံးမသွင်းခြင်းကြောင့် ၄င်း၊ အချို့သော (လောကီ) ဝေဒနာတို့ ချုပ်ခြင်းကြောင့်၎င်း သင်္ခါရနိမိတ်ကို အာရုံမပြု (သင်္ခါရဆိတ်သည့် နိဗ္ဗာန်ကိုသာ အာရုံပြု) သော အရဟတ္တဖိုလ်သမာဓိသို့ ရောက်၍နေ၏။ ချစ်သားအာနန္ဒာ… ထိုအခါ၌ မြတ်စွာဘုရား၏ ခန္ဓာကိုယ်သည် လွန်၍ ချမ်းသာ၏
ချစ်သားအာနန္ဒာ… ထိုသို့ဖြစ်ရကား သင်ချစ်သားတို့သည် မိမိကိုယ်ကိုသာ မှီခိုရာပြု၍ မိမိမှတပါး ကိုးကွယ်ရာ မရှိပဲ မိမိသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ နေကြကုန်လော့၊ တရားကိုသာ မှီခိုရာပြု၍ တရားမှ တပါး ကိုးကွယ်ရာမရှိပဲ တရားသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ နေကြကုန်လော့။
ချစ်သားအာနန္ဒာ…ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာအားထုတ်လျက် ဆင်ခြင်လျက် သတိရှိလျက် ရုပ်ကိုယ်၌ ရုပ်ကိုယ်ဟု အဖန်ဖန်ရှုလျက် လောက၌ ဖြစ်တတ်သော လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကို ပယ်ဖျောက်၍ နေ၏။ ပြင်းစွာအားထုတ်လျက် ဆင်ခြင်လျက် သတိရှိလျက် ခံစားမှု= ဝေဒနာတို့၌ ခံစားမှု= ဝေဒနာဟု အဖန်ဖန်ရှုလျက်။ စိတ်ကို စိတ်ဟု အဖန်ဖန်ရှုလျက်။ သဘောတရားတို့၌ သဘောတရားဟု အဖန်ဖန်ရှုလျက် လောက၌ ဖြစ်တတ်သော လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကို ပယ်ဖျောက်၍ နေ၏။ ချစ်သားအာနန္ဒာ… ဤသို့လျှင် ရဟန်းသည် မိမိကိုယ်ကိုသာ မှီခိုရာပြု၍ မိမိမှတပါး ကိုးကွယ်ရာမရှိပဲ မိမိသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ နေ၏၊ တရားကိုသာ မှီခိုရာပြု၍ တရားမှတပါး ကိုးကွယ်ရာမရှိပဲ တရားသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ နေ၏။
ချစ်သာအာနန္ဒာ… အကြင်ရဟန်းတို့သည် ယခုအခါ၌ ဖြစ်စေ ငါဘုရား ကွယ်လွန်သောအခါ၌ ဖြစ်စေ မိမိကိုယ်ကိုသာ မှီခိုပြု၍ မိမိမှတပါး ကိုးကွယ်ရာ မရှိပဲ မိမိသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍၊ တရားကိုသာ မှီခိုရာပြု၍ တရားမှတပါး ကိုးကွယ်ရာမရှိပဲ တရားသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ နေကြမည်ဆိုလျှင် ထိုအလုံးစုံသောရဟန်းတို့သည် သိက္ခာသုံးပါး လိုလားကြသည့် ရဟန်းဟူသမျှတို့တွင် အမြတ်ဆုံးပုဂ္ဂိုလ်=(ရဟန္တာပုဂ္ဂိုလ်) စင်စစ် ဖြစ်ကြပေလိမ့်မည်။ (မဟာဗုဒ္ဒ၀င်)