ဥပုသ်သည် အမျိုးသမီးများ၏ ရည်ရွယ်ချက်
မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံတော်မူနေစဉ်
ကျောင်းအမကြီး ၀ိသာခါသည် ဥပုသ်နေ့ကြီးတနေ့၌ ကျောင်းတော်သို့ ရောက်လာ၍ ဥပုသ်သည် အမျိုးသမီးငါးရာတို့အား ဥပုသ်စောင့်ခြင်း၏ ရည်ရွယ်ချက်ကို မေးမြန်း၏။
သက်ကြီးရွယ်အိုများက-လူနတ်စည်းစိမ် ခံစားရန်-ဟု ဖြေကြ၏။
အရွယ်လတ်များက-လင်၏ အခြားဇနီးများနှင့် တအိမ်တည်းမနေရန်-ဟု ဖြေကြ၏။
အိမ်ထောင်ကျခါစ ငယ်ရွယ်သူများက-ပထမမွေးဖွားသောကလေး သားယောက်ျားလေး ဖြစ်စေရန်-ဟု ဖြေကြ၏။
အပျိုစင် ဥပုသ်သည်များက-အရွယ်မဟိုင်းမီ လင်ယောက်ျားကောင်း ရရန် ဆုတောင်းပါသည်-ဟု ဖြေကြ၏။
အရွယ်လေးမျိုးက အဖြေလေးမျိုး ပေးကြကြောင်းကို ကျောင်းအမကြီး ၀ိသာခါက ရှင်တော်ဘုရားအား လျှောက်ထားသည်၊
ဘုရားရှင်က-သတ္တ၀ါတို့၏ ဇာတိမည်သည် နှင်တံကိုင်သော နွားကျောင်းသားနှင့်တူ၏၊ ဇာတိသည် ဇရာသို့၎င်း၊ ဇရာသည် ဗျာဓိသို့၎င်း၊ ဗျာဓိသည် မရဏသို့၎င်း အမြဲတစေ မောင်းနှင်ပို့ဆောင်နေ၏။
ဝဋ်မှလွှတ်ကြောင်းကိုသာ တောင့်တသင့်၏-ဟု ဟောတော်မူသည်။
( ပါဠိဂါထာ )
ယထာ ဒဏ္ဍေန ဂေါပါလော ၊ ဂါဝေါ ပါဇေတိ ဂေါစရံ ။
ဧ၀ံ ဇရာ စ မစ္စု စ ၊ အာယုံ ပါဇေန္တိ ပါဏိနံ ။
( မြန်မာပြန် )
နွားကျောင်းသားသည် နွားတို့ကို နှင့်တံဖြင့် စားကျက်သို့ မောင်းနှင်သကဲ့သို့
ထို့အတူ အိုခြင်းသည်၎င်း၊ သေခြင်းသည်၎င်း သတ္တ၀ါတို့၏ အသက်ကို သေမင်းနိုင်ငံသို့ မောင်းနှင်နေ၏။
( ဆောင်ပုဒ် )
နွားကျောင်းသားသည်၊ နွားများနေ့စဉ်၊ စားကျက်ခွင်သို့၊ လျင်မြန်ရောက်ရေး၊ နှင်မောင်းပေးသို့၊
အရေးတူစွာ၊ အိုဇရာနှင့်၊ မရဏမင်း၊ ထိုနှစ်သင်းသည်၊ ခပင်းများစွာ၊ သတ္တ၀ါအား၊ သေရွာအရောက်၊ တောက်လျှောက်မအား၊ မနားမနေ၊ နှင်၍နေသည်၊ မသေမချင်း အစဉ်တည်း။
( ဒဏ္ဍ၀ဂ် ဥပေါသထိက ဣတ္ထီနံ ၀တ္ထု )