မနက် အိပ်ယာထလိုက်ပြီး နံနက်စာစားသည်။ စားသောက်ပြီးသည်နှင့် အလုပ်ကိစ္စနှင့် ပတ်သက်ပြီး ဖုန်းဆက်ရန် သတိရလိုက်သဖြင့် ဖုန်းကိုဖွင့်လိုက်သည်။
ဖုန်းမျက်နှာပြင်မှာ အနီကွက်တွေဖြစ်နေသည်။ ဘာဖြစ်မှန်းမသိသောကြောင့် ပါဝါကို ပြန်ပိတ်ပြီး ပြန်ဖွင့်ကြည့်သည်။ အနီကွက်တွေပဲ ဖြစ်နေသည်။ touch screen ဖြစ်သဖြင့် လိုချင်တာကို လက်ညှိုးဖြင့် နှိပ်ကြည့်သည်။ အဆင်ပြေသည်။
ဖုန်းခေါ်ကြည့်သည်။ ဘာသံမှ မကြားရ။ အခြားဖုန်းဖြင့် ထိုဖုန်းကို ခေါ်ကြည့်သည်။ အသံထွက်လာသည်။ ပြန်ဖြေကြည့်သည်။ တစ်ဖက်ဖုန်းတွင် အသံမကြား။ တစ်ဖက်ဖုန်းမှ ပြန်ပြောကြည့်သည်။ ကောင်းစွာကြားရသည်။ စိတ်တော်တော်ညစ်သွားသည်။
နံမည်ကြီး ဖုန်းဆိုင်တစ်ဆိုင်သို့ သွားသည်။ ဆိုင်ကြီးကတော့ မန္တလေးမြို့၏ အထင်ကရနေရာမှာ ဖြစ်သည်။ သွားရေးလာရေးလွယ်ကူသည့်နေရာမှာဖြစ်သည်။
ဖုန်းအခြေအနေကို ပြောပြသည်။ ဆားဗစ်သမားက ယူကြည့်သည်။
“ကျွန်တော် စစ်ကြည့်လိုက်အုံးမယ်နော်”
သူက ကျွန်တော့် ဖုန်းကို ယူစစ်သည်။ ခေါင်းခါပြသည်။
“အစ်ကို့ဖုန်းက အတွင်းထဲက ဆားကစ်တွေ ပျက်ကုန်ပြီ”
“ဟုတ်လို့လားကွာ”
“ဟုတ်ပါတယ်အစ်ကို”
“ဒါဆို…ဘယ်လိုလုပ်ရင်ကောင်းမလဲ”
“ပြင်မယ်ဆိုရင်တော့…၂ ပတ်လောက် အချိန်ပေးရမယ်ခင်ဗျ”
“ဟာ…အဲဒီလောက်ငါက အချိန်မပေးနိုင်ဘူး။ ဒီဖုန်းနဲ့ အလုပ်လုပ်နေရတာ”
“အစ်ကို့ဖုန်းက အကောင်းစားကြီးဗျ။ ပြင်လိုက်ရင်ရပါတယ်”
“အချိန်မပေးနိုင်လို့ပါကွာ”
“ဒီလိုဆိုလဲ အစ်ကိုရယ်….ပြင်နေတုန်းသုံးရအောင် Hand set တစ်လုံးခဏ ၀ယ်သုံးလိုက်ပါလား”
“ဈေးက ဘယ်လောက်ရှိလဲ။ ကွန်ပျူတာနဲ့ အင်တာနက်ကို တိုက်ရိုက်ချိတ်လို့ရလား”
“ဈေးကတော့ ၄ သောင်း အနည်းဆုံးပဲ။ အင်တာနက်တော့ တိုက်ရိုက်သုံးလို့မရဘူး။ အင်တာနက် သုံးဖို့ဆိုရင် တစ်သိန်းခွဲအထက်မှာရှိတယ်”
“ငါက…အိမ်မှာတော့ အင်တာနက်သုံးရတာ လိုင်းသီးသန့်ရှိတော့ အကြောင်းမဟုတ်ဘူး။ ခရီးထွက်တဲ့အခါ အင်တာနက်သုံးဖို့ ဒီဖုန်းက အဆင်ပြေတယ်”
“ဒါဆိုလဲ အစ်ကိုရယ်…၊ ဒီဟန်းဆက်လဲ ပြင်ထားပေါ့၊ အင်တာနက်သုံးလို့ရတဲ့ ဟန်းဆက် အသစ် တစ်ခု ၀ယ်လိုက်ပါလား”
ကျွန်တော်စဉ်းစားသည်။ ဟန်းဆက်အသစ်ဝယ်ရန်ဆုံးဖြတ်လိုက်သည်။ သို့သော် လက်ထဲမှာ ငွေက ၅ သောင်းသာပါသည်။
“ဒါဆို ဒီလိုလုပ်ရအောင် ငါ့မှာ ပိုက်ဆံ ငါးသောင်းပဲပါသေးတယ်။ အိမ်ကို ပိုက်ဆံပြန်ယူပြီးမှ လာခဲ့မယ်”
“ဟုတ်ကဲ့ အစ်ကို လာခဲ့ပါ”
သူ့လက်ထဲမှ ဖုန်းကို ပြန်ယူလိုက်သည်။ ဆိုင်ထဲမှ ထွက်လာခဲ့သည်။
Xxxxx
အိမ်ရောက်တော့ ပိုက်ဆံယူလိုက်သည်။ လိုရမယ်ရ ၂ သိန်း ယူလာခဲ့သည်။
ဆိုင်ကယ်ဖြင့် ထိုဆိုင်ကို မောင်းထွက်လာခဲ့သည်။ “ဒီဖုန်း ဘာ့ကြောင့် ဒုက္ခပေးရတာလဲ” စဉ်းစား တွေးတောရင်း စိတ်ကူးတစ်ခုရလိုက်သည်။ စောစောက ဆိုင်ကို ပြန်မသွားဘဲ အခြား ဆိုင်တစ်ဆိုင် တွင် ပြကြည့်ရန် ဖြစ်သည်။
ကျွန်တော်က ဆိုင်ကယ်ကို ဖြည်းဖြည်းမောင်းရင်း မန္တလေးမြို့တွင်ရှိသည့် အခြား နံမည်ကြီး ဖုန်းဆိုင် တစ်ဆိုင်ကို ၀င်လိုက်သည်။
ဆိုင်ဝတ်စုံဝတ်ထားသူလေးက ပြုံးရွှင်စွာ ခရီးဦးကြိုဆိုပြီး နှုတ်ဆက်သည်။
“အစ်ကို…ညီမ ဘာလုပ်ပေးရမလဲ”
ကျွန်တော်က ဖုန်းအခြေအနေကို ပြောပြလိုက်သည်။ သူမက ကျွန်တော့ ဖုန်းကို ယူကြည့်သည်။
“ကျွန်မ USB ကြိုးနဲ့ တစ်ချက်စမ်းကြည့်မယ်နော်”
“စမ်းပါ…ကျွန်တော်က အခြေအနေ သိချင်လို့ပါ”
သူမက USB ကြိုးဖြင့် Power ပေးကြည့်သည်။ ဖုန်းက ဘာမှ ထူးခြားမလာ။ အနီကွက်သာဖြစ်နေသည်။
“အစ်ကို ကျွန်မ ဆားဗစ်သမားကို ပြကြည့်မယ်နော်”
“ပြကြည့်ပါ”
သူမက ဆားဗစ်သမား ကောင်လေးတစ်ယောက်ကို ခေါ်ပြီး အခြေအနေကို ပြောပြသည်။ ကောင်လေးက ကျွန်တော့်ဖုန်းကို ယူလိုက်ပြီး-
“အစ်ကို သုံးနေတဲ့ USB ကြိုးပါလား”
ကျွန်တော်က အိတ်ထဲမှ ထုတ်ပေးလိုက်သည်။ ကောင်လေးက လှမ်းယူလိုက်ပြီး ဖုန်းတွင်တပ်၍ တစ်ဖက်တွင် အားသွင်း adapter တွင် တပ်လိုက်သည်။ touch screen ကို ကလိလိုက်သည်။ ဘာကို ကလိလိုက်သည်တော့ မသိလိုက်ရ။
“ဒီမှာအစ်ကို”
ကောင်လေးက ကျွန်တော့ကို ပြသည်။ စောစောက အနီကွက်ပေါ်နေတာတွေ မတွေ့ရတော့။
“ဖုန်းပြောကြည့်စမ်းပါ”
“အစ်ကိုပြောကြည့်လေ”
ကျွန်တော်က သူငယ်ချင်းတစ်ယောက်ဆီ ဖုန်းလှမ်းဆက်သည်။ တစ်ဖက်မှ အသံကိုလည်း ကြည်ကြည်လင်လင်ကြားရသည်။ ကျွန်တော်ပြောတာကိုလည်း သူက ကောင်းကောင်းကြားရသည်။
“ဟာ…အရင်အတိုင်းပြန်ဖြစ်သွားပြီ။ ညီလေးရေ ကျေးဇူးတင်လိုက်တာကွာ၊ ဘယ်လောက်ပေးရမလဲ”
“ပေးစရာမလိုပါဘူး အစ်ကို”
“မဟုတ်ဘူးလေ…ဥာဏ်ပူဇော်ခတော့ ပေးရမှာပေါ့”
“မဟုတ်တာအစ်ကိုရာ ကျွန်တော်က ဘာမှ လုပ်ပေးရတာမှ မဟုတ်တာ၊ နောက်လဲ လိုအပ်တာရှိရင် လာခဲ့နော်၊ အစ်ကိုကိုင်တဲ့ဖုန်းက အကောင်းစားကြီး ပျက်ဖို့မလွယ်ဘူး”
“ဒါဆိုလဲ…အရမ်းကျေးဇူးတင်တယ်ကွာ”
ကျွန်တော် ဆိုင်ထဲမှ ထွက်လာခဲ့သည်။
အပြန်လမ်းတွင် အတွေးစက ကပ်ပါလာသည်။ နံမည်ကြီး ဆိုင်နှစ်ဆိုင်ကို တစ်ရက်ထဲ ၀င်မိသည့် အခိုက်တွင် ဘာကြောင့် ဒီလောက် ကွာခြားသွားတာလဲ။
ပထမဆိုင်က ဖုန်းကို နာရီဝက်လောက် စစ်ဆေးပြီးနောက် ပြင်ရမည်။ ၂ ပတ်ကြာမည်။ လောလောဆယ် တစ်သိန်းခွဲတန်ဖုန်းကို ၀ယ်ရန် တိုက်တွန်းသည်။
ဒုတိယဆိုင်က မိနစ်ပိုင်းလောက်ဖြင့် အခက်အခဲကို ပြေလည်အောင်ဖြေရှင်းပေးလိုက်နိုင်သည်။ ကျွမ်းကျင်ရာလိမ္မာဟု ပြောရမည်။
ပထမဆိုင်သည် အလွယ်တကူပြင်နိုင်သည်ကို သိသော်လည်း ပိုက်ဆံပိုရအောင်၊ ပစ္စည်းရောင်းရအောင် လုပ်လေသလား ဟုပင် သံသယ ၀င်မိသည်။
ဒုတိယဆိုင်က စေတနာဖြင့် ရိုးရိုးသားသား လုပ်ပေးလိုက်ခြင်းလား။ လူရည်မလည်သေးလို့လားဟု တွေးတောစရာဖြစ်လာသည်။
ထိုဆိုင်နှစ်ဆိုင်သည် မန္တလေးမြို့တွင် မရှေးမနှောင်းစီ ဖွင့်ကြပြီး နာမည်ကြီးဆိုင်များဖြစ်သဖြင့် စဉ်းစားရခက်မိသည်။
ကျွန်တော့အတွေးထဲမှာတော့ အလင်းတန်းတစ်ခုကို ရလိုက်သည်။ ဘာအခက်အခဲဖြစ်ဖြစ် တစ်နေရာ ထဲ၊ နည်းလမ်းတစ်ခုထဲဖြင့် ချက်ချင်းဖြေရှင်းသည်ထက် အချိန်အနည်းငယ်ယူပြီး အခြားနည်းလမ်း တစ်ခုဖြင့် ဖြေရှင်းခြင်းသည် အချိန်ပိုကုန်သော်လည်း ကုန်ကျစရိတ်တန်ဖိုး သက်သာနိုင်သည် ဟု ဆင်ခြင်းသုံးသပ်မိလေသည်။
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၂-၃-၂၀၁၂)(၀၁း၀၅)နာရီ