{နင့်ကို မုန်းတယ်
မဟုတ်ဘူး အဲဒါထက်ကို ပိုပြီးမုန်းတယ်ဟာ
အရာရာကို စွန့်လွတ်ပြီးတော့
နင့်ဘ၀ထဲကို ခြေစုံပစ်ဝင်လာခဲ့တာ
သေချာတယ် ပန်းရောင်
ငါ အရှိန်နဲ့ လိမ့်နေတာမဟုတ်ဘူး
အချစ်ကို သိအောင် မပြတတ်ခြင်းထက်
အစောပိုင်းကတည်းက
မချစ်တတ်ခဲ့တဲ့
နင့်ကို မုန်းတာ
စွန့်လွတ်နိုင်တဲ့ နင့်နှလုံးသားထက်
စွန့်လွတ်ခဲ့တဲ့ နင့်ကိုမုန်းတာ
ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း
ငွေကို အလွန်အကျွံ မက်မောခြင်းတွေဟာ
ရောဂါတစ်မျိုးပဲ ပန်းရောင်
သစ်ပင်ကြီးရဲ့ ဘ၀ဟာ
ရေသောက်မြစ်ကလေးရဲ့ လက်ပေါ်မှာ မူတည်တယ်တဲ့
ကေသရာဇာခြသေ့ဆိုတာ
သိဂီရွှေခွက်နဲ့သာ ထိုက်တန်တာတဲ့
အမဲရိုးက ဟင်းအိုးမှ အားမနာတဲ့
မဟုတ်ဘူးဟာ..
အဲဒါတွေ
အဲဒါတွေ
အဲဒါတွေ ထက်ကို ပိုပြီး နင့်ကိုမုန်းတာ}
ငါကတော်တော် အသုံးမကျတဲ့ကောင်ပါကွာ…စကားတစ်ခွန်းကို မပြောမီလဲ မစဉ်းစားနိုင်ဘူး ..ပြောနေရင်းလဲ မစဉ်းစားနိုင်ဘူး .. ပြောပြီးတော့လဲ ပြန်မစဉ်းစားနိုင်ဘူး…ငါ့ရဲ့စကားတစ်ခွန်းကြောင့် လူတစ်ယောက်ဘ၀တစ်ခုလုံးသေဆုံးသွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိဘူး….
သူ့ရဲ့ ကြိုးစားထားသမျှတွေ.. မျှော်လင့်ထားသမျှတွေ..အားလုံးသေဆုံးကုန်ပြီ..အဆိုးဝါးဆုံးက သူ့ရဲ့ ကျန်ရှိနေသေးတဲ့ ဘ၀တစ်လျှောက်လုံးပြန်လည်ထမြောက်နိုင်မှာမဟုတ်တော့ဘူး..
တန်ဖိုးဖြတ်လို့မရတဲ့.လူ့ဘ၀တစ်ခုလုံးကို ငါဖျက်ဆီးလိုက်မိပြီ…….
ငါ့စကားလုံးတွေက ကြမ်းတာလား..သူကပဲ ခံနိုင်ရည်နည်းတာလား..
ဘာပဲဖြစ်ဖြစ် ငါ့ကိုငါမကျေနပ်ဘူး.. ငါလိပ်ပြာမလုံဘူး..
ဘာယ်နည်းနဲ့ မှ အစားထိုးလို့ မရတာကတော့ ငါ ’အချစ်စစ် အချစ်မှန်’ တစ်ခုကို ဆုံးရှုံးလိုက်ရပြီ……ငါကတော်တော် လူမဆန်တဲ့ကောင်ပဲ… ခံစားချက်ကိုရှေ့တန်းတင်ပြီး….နှလုံးသားတစ်ခုကို အမျိုးမျိုးပြိုလဲစေခဲ့တာ..
သူငယ်ချင်းတစ်ယောက်ကတော့ပြောတယ်.. ‘မင်းထူရင် သူထမှာပါ’တဲ့..
မဖြစ်နိုင်ဘူး..သူက မင်းကုသလို တမင်ထိုင်ချတာမဟုတ်ဘူး..ရင်နဲ့ မဆံ့တဲ့ စကားလုံး
နင့်နင့်တွေ မှန်လို မချိမဆံ့ ပြိုလဲခဲ့တာ..သူ့နှလုံးသားကသေဆုံးသွားတာ…ပန်းရောင်ရယ် ……..
နင်ကအချစ်ကိုသိအောင်မှ မပြတတ်တာကိုး……….နင်ထင်သလို အချစ်က ပေးဆပ်ရုံသက်သက်နဲ့ ပြီးပြည့်စုံတာမှ မဟုတ်တာ………ရင်ခုခြင်းကို ဖုံးဖိဖို့အတွက်
အေးစက်စက်နေတတ်သူလေး…နင်ဘာတွေကိုများ တိတ်တဆိတ် ယုံကြည်နေပါသလဲ..တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ ပွင့်လင်းခဲ့ကြမယ်ဆိုရင်..နှလုံးသားတွေလည်းလောင်မြိုက်ခဲ့ကြမှာ မဟုတ်ဘူး…
အခုတော့…ဘာမှ မတတ်နိုင်တော့ပါဘူး…မကြာခင်အချိန်အတွင်းမှာ ငါလဲ ပြိုလဲသွားမှာပါ… ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်တဲ့ ပြိုလဲခြင်းတွေထဲမှာ (ဒါမှမဟုတ်) နောက်နောင်ဘ၀တွေမှာ ပြန်လည်ဆုံတွေ့ ခဲ့ရင်တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေနဲ့ ပြန်လည်တည်ထောင်ချင်ပါသေးတယ်………ပန်းရောင်..တစ်ကွေ့ကွေ့မှာ ငါတို့ ချစ်ခြင်းတရားတွေနဲ့ ပြန်လည်ဆုံတွေ့ကြတာပေါ့………….