တောင်ပေါ်သားလေးရေ....
ရှမ်းတောင်တန်းကြီးတွ၊ ထင်းရှူးပင်တွေ၊ မြေနီလမ်းလေးတွေ။ ပြီးတော့ ချယ်ရီပန်းတွေပွင့်တဲ့မောမြေကို အလည်တစ်ခေါက်ရောက်ဖူးခဲ့တဲ့ မြေပြန့် သူလေးကို မေ့နေပြီလား...? ။ ငါကတော့ နွေနေပူနဲ့အပြိုင် နင့်ကိုလွမ်းနေတယ်။ မြေပြန့်မှာသာမွေးဖွားပြီးကြီးပြင်းခဲ့တဲ့ မြေပြန့်သူလေးစစ်စစ်ဖြစ်တဲ့ ငါက တာင်တန်းတွေနဲ့အတူချယ်ရီပန်းကိုလည်းမြတ်နိုးတတ်ပါတယ်။ တောင်တန်းကြီးတွေရဲ့တစ်ဖက်မှာရှိတဲ့ငါ့ကို တစ်ခါတရံတော့ သတိရပေးစေ ချင်ပါတယ်။
မြစ်တစ်ဖက်ဆီခြားပေမယ့် အရောက်ဆုံနိုင်ခဲ့တဲ့ရှင်မွေ့လွန်းနဲ့မင်းနန္ဒာကို ငါအားကျမိတယ်။ တောင်တန်းကြီးတွေကာဆီးထားတဲ့နင်နဲ့ငါ့ကြားမှာရော ...? ။ တောင်ပေါ်ကချယ်ရီပန်းလေးတွေရဲ့အလှကို ငါမမီပါဘူး။ ဒါပေမယ့် မြေပြန့်ကနွေပိတောက်မှာလည်း ချစ်ခြင်းနဲ့အပြိုင်သစ္စာတရားရဲ့အလှတော့ ရှိပါတယ်။ ငါကချယ်ရီပန်းလေးမဟုတ်ပေမယ့် နွေပိတောက်ပန်းကိုတော့ကိုယ်စားပြုနိုင်ပါတယ်။ သင်္ကြန်မိုးသာ မြေပြန့်ကပိတောက်ပန်းရဲ့ရှင်သန်ရာ ၊ ဖူးပွင့်ရာ၊ ဖြစ်တည်ရာပဲလေ။ ဒီလိုပဲ နင်တစ်ယောက်တည်းသာ ငါ့ရဲ့ရှင်သန်ရာပါ ဂူဂူး........။
တောင်တန်းကြီးတွေနဲ့ ချယ်ရီပန်းလေးတွေက " မြေပြန့်သူလေးကို ချစ်နိုင်ပါ့မလား " လို့ငါမေးခဲ့ဖူးတယ်။ နင်က " လူချင်းတူတူပဲဘာတွေကွာခြား မှာလဲ "လို့ ငါ့ကိုပြောခဲ့တယ်... " နင်သိလား ဂူဂူး ...?" ။ ချယ်ရီပန်းတွေက တောင်ပေါ်မှာသာပွင့်လန်းနေတတ်ကြတာမျိုးလေ။ ဒီတော့ တောင်ပေါ် သားလေးဖြစ်တဲ့ နင့်ရဲ့အချစ်ပန်းလေးကရော မြေပြန့်မှာရှင်သန်နိုင်ပါ့မလားဆိုတာကို ငါမတွေးချင်ဘူး။ လူချင်းအတူတူပေမယ့် ဓလေ့ထုံးတမ်းတွေ ကွာခြားနေတဲ့ နင့်နဲ့ငါ့ရဲ့ကြားမှာ ချစ်ခြင်းတရားတွကိုတော့ ထပ်တူညီစေချင်ခဲ့မိတယ်။ ဒါပေမယ့် ငါဟာ နင့်အတွက်ချယ်ရီပန်းလေးမဖြစ်နိုင်ဘူးလေ။ ပိတောက်ပန်းက ဘယ်နည်းနဲ့မှ ချယ်ရီပန်းလေးနဲ့ တပ်ထူညီလို့မရနိုင်ဘူးဆိုတာ ငါသိနေခဲ့ပါတယ်။
ငါက မြေပြန့်သူလေးဘ၀ကိုခင်တွယ်ပေမယ့် နင်နဲ့တွေ့တဲ့အချိန်တိုင်းမှာ တောင်ပေါ်သူပအို့မလေးတစ်ယောက်သာ ဖြစ်ချင်ခဲ့တယ်။ နင့်ဆီက ပအို့ဘာသာစကားလေးတွကို တန်ဖိုးထားသင်ယူခဲ့ပေမယ့် ငါကမြေပြန့်သူတစ်ယောက်ပဲလေ။" ငါ့ကို ပအို့နာမည်လေးမှည့်ပေးပါလားလို့" တောင်းဆို ခဲ့တော့နင်က (အောင်းဝ်) နှင်းလို့ခေါ်ခဲ့တယ်။ ငါအရမ်းသဘောကျခဲ့တယ်။ နှင်းဆိုတာမျိုးက တောင်ပေါ်မှာရောမြေပြန့်မှာပါကျဆင်းနေခွင့်ရှိတယ်လေ။ နင့်နာမည်ဖြစ်တဲ့ ဂူဂူး ရဲ့အဓိပါယ်က ချိုးငှက်လေးဆိုရင် ငှက်ကလေးလိုနားခိုရာအတည်တကျရှိနိုင်ပါ့မလား...?။ ငါက နင့်အတွက် ပထဆုံးချစ်သူတဲ့။ ဟင့်အင်း..။ ငါကနင့်ရဲ့နောက်ဆုံးချစ်သူပဲဖြစ်ချင်နေသူပါ။ ဂူဂူးရဲ့နောက်ဆုံးနားခိုရာနေရာလေးအဖြစ်နဲ့ပေါ့လို့ ငါပြောရင် မြေပြန့်သူအရူးမလေးလို့ ငါ့ကိုလှောင်ရယ်နေမလား ။ ဂူဂူးရေ..။ ချယ်ရီပန်းကိုလည်းချစ်နိုင်ပါတယ်။ ဒါပေမယ့် ပိတောက်ပန်းကိုလည်း မမုန်းလိုက်ပါနဲ့။ ရှမ်းတောင်တန်းကြီးတွေ ကိုသက်သေထားလို့ တောင်ပေါ်သားလေးနင့်ကို ငါစကားတစ်ခွန်းပြောချင်တယ်။ " ဂူဂူး....ခွေရပ်နား "။ " ဂူဂူး ....နင့်ကိုငါချစ်တယ်" ။
↧
ရှမ်းတောင်တန်းသို့လွမ်းချင်း
↧