Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

သူငယ်ချင်းကြားက အဖျက်တရား

$
0
0

မကြာသေးခင်က ရက်အတွင်းမှာပေါ့။ ကိုမိုးဟိန်းရှိတဲ့ နေရာကို ကျွန်တော် သွားခဲ့ပါတယ်။ သူက လာဘို့ ဖိတ်ခေါ်ထားလို့ပါ။ ကိုမိုးဟိန်းက ကျွန်တော် တို့ သူငယ်ချင်းတွေထဲမှာ အသက်လည်း အကြီးဆုံး နားလည်မှု့လည်း အပေးနိုင် ဆုံးပါ။ ကျွန်တော်တို့က ကိုမိုးလို့ပဲ ခေါ်ကြတယ်။ သူ့ကို အားလုံးက ယုံကြည်ကြ အားကိုးကြ လေးစားကြတယ်။ သူကိုယ်တိုင် ကတော့ ကျွန်တော်တို့နဲ့ တွေ့ရင် ဆုံရင် ညီအစ်ကိုလို သူငယ်ချင်းလို ခင်ခင်မင်မင် ရင်းရင်းနှီးနှီး နွေးနွေး ထွေးထွေး ဆက်ဆံ တတ်သူပါ။ ပျော်ပျော်နေတတ် သူပါ။ သဘောလည်း ကောင်းတယ်လို့ ပြောရမှာပေါ့။ ဘာအတွက် ဖိတ်မှန်းလည်း ကြို မသိရဘူးလေ။ ဘာကြောင့်များလဲ ဘာအကြောင်းထူး ရှိလို့လဲ ဆိုတဲ့ အတွေးနဲ့ပေါ့နော်။

ကျွန်တော်ရောက်သွားတော့ ကိုမိုးအိမ်မှာ သူငယ်ချင်း (၃) ယောက် ရောက်နေပါပြီ။ သူငယ်ချင်းတွေ ဆုံကြပြန်ပြီဆိုတော့လည်း ပျော်ရပြန်ပြီပေါ့။ ဟိုပြော ဒီပြော ဟိုကောင့်နောက်လိုက် ဒီကောင့်နောက်လိုက်နဲ့ပေါ့။ သူငယ်ချင်းသံယောဇဉ်ကလည်း မသေးဘူးနော်။ တော်တော် ခိုင်မြဲတာပဲ။ ပြီးတော့ သူငယ်ချင်းကောင်းဆိုရင် အားလည်းကိုးရတယ် နွေးထွေးမှု့ လည်းရှိတယ် ကူညီမှု့လည်းရတယ်။ သူငယ်ချင်းကောင်းဖြစ်ဘို့ ရှိဘို့တော့ လိုတာပေါ့နော်။ ကိုမိုးက “ င့ါညီ စံလင်း၊ မင်း သန်းလင်းကို သိလား ” လို့ မေးပါတယ်။ သန်းလင်းဆိုတဲ့ သူငယ်ချင်း တစ်ယောက် ရှိဘူးတယ်။ ကျောင်းသားဘ၀တုန်းက ဖဲရိုက်တတ်ခဲ့တာ သန်းလင်းကြောင့်ပေါ့။ သူ့ပယောဂကြောင့် ကျောင်းပြေးဘူးတယ်။ ဖဲရိုက်တတ်တယ်။ ဆရာက ခေါ်ပြီး သတိပေးတာ ခံရဘူးတယ်။ စိတ်တူ ကိုယ်တူ ဓာတ်တူဖြစ်နေလို့လား မသိဘူး။ သူ့အပြစ် ကိုယ့်အပြစ်လို့ မမြင်မိခဲ့ကြဘူး။ လောကမှာ ဓာတ်တူ ချင်းသာ ပေါင်းလို့ရတယ် (အရက်သမားအချင်းချင်း၊ နှာသမား အချင်းချင်း၊ ဖဲသမား အချင်းချင်း စသည်ပေါ့) ဆိုတာ သိပ်မှန်တာပဲ။ ကွဲသွားကြတာ လည်း ကြာပေါ့။ ဘယ်ပေါက်လို့ ဘယ်ရောက်နေမှန်းတောင် မသိတော့ဘူး။ ကျွန်တော် သိဘူးတဲ့ သန်းလင်း မဟုတ်လောက်ဘူး ထင်လို့ “ မသိ ဘူး ကိုမိုး၊ ဘာဖြစ်လို့လဲ ” လို့ မေးလိုက်တယ်။ ကိုမိုးက “ သူက မင်းကို သိတယ်လို့ ပြောတယ်၊ ခု ဇော်မျိုးဟိန်းနဲ့ Play card (ဖဲထုပ်) သွားဝယ် တယ်” ။ ကိုမိုးပြောသလိုဆိုရင် ဖဲ ကစားကြဦးမယ်ထင်တယ်။ ဖဲ မကစား တာလည်း မေ့နေသလိုလို မှတ်မိသလိုလိုပါပဲ။ ဟော မကြာပါဘူး။ ဇော်မျိုးဟိန်းနဲ့အတူ သန်းလင်း ရောက်လာ ကြတယ်။ ဟုတ်တာပေါ့။ သိတာပေါ့။ ဒီမျက်နှာကို ခွေးချီသွားတောင် မမေ့ပါဘူး။ သန်းလင်း အစစ် ပေါ့။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် ၀မ်းသာအားရ ဖက်ပွေ့ရင်း နှုတ်ဆက်ကြပါ တယ်။ အ ဟင့်။ ကျားအချင်းချင်း ဆိုတော့ ကောင်းဘူးနော်။ ဟိ။

တစ်ယောက်အကြောင်းတစ်ယောက်ပြောရင်း သိလာရတယ်။ သန်းလင်းက ဆေးတက္ကသိုလ်တက်ဘို့ အမှတ် မှီပါတယ်။ ဒါပေမဲ့ သူ့အိမ်စီးပွားရေး ကြောင့် ရေကြောင်းသိပ္ပံပဲ တက်ခဲ့တာပါ။ သူပြောပြတာကတော့ ရွှေတဆိပ် ဆု ရခဲ့တယ်ဆိုပဲ။ ဖြစ်နိုင်ပါတယ်။ သူက လူတော်ပဲလေ။ သူက အခု သင်္ဘော ကပ္ပတိန် ဖြစ်နေသတဲ့။ တစ်လကို USA -10000 ရတယ်ဆိုပဲ။ ဒါလည်း ဖြစ်နိုင်တာပါပဲ။ ခုတော့သူက အပြီးပြန်တော့မှာတဲ့။ မြန်မာပြည်မှာပဲ အခြေချ နေထိုင်ပြီး စီးပွားရေးလုပ်တော့မယ်တဲ့။ အင်း ကောင်းပါတယ်လေ။ မြန်မာ ပြည် မှာမွေး မြန်မာသွေးနဲ့ မြန်မာပြည်မှာကြီးပြီး မြန်မာပြည်က သင်ခဲ့တဲ့ ပညာဟာ မြန်မာပြည်အတွက်ပဲဖြစ်ရမှာပေါ့။ ဖြစ်သင့်တာပေါ့။ သူ့ကို အားရ တယ်။ ထောက်ခံအားပေးမိပါတယ်။ နိုင်ငံခြားမှာ မြန်မာပြည်ဖွားတွေ မြန်မာ သွေးအပြည့်နဲ့ ပညာတတ်တွေ အများကြီးပါ။ သိပ်ကို နှမျော ဘို့ကောင်း တာပဲ။ မြန်မာပညာတတ်တွေက သူများပြည် သူများနိုင်ငံ အကျိုးကို ဆောင် ရွက်ပေး နေရတယ်။ မြန်မာပညာတတ်တွေက မြန်မာပြည်အကျိုးကို သယ်ပိုး ဆောင်ရွက် ပေးနေကြတယ်ဆိုရင် ဘယ်လောက် ဂုဏ်ယူဝမ်းသာ စရာ ကောင်းလိုက် မလဲနော်။ အဲဒီအကြောင်းတွေကို တွေးကြည့်မိတိုင်း စိတ် မကောင်းဖြစ်ရတယ်။

မြန်မာပြည်ထဲမှာ ခေတ်ပညာတတ်လူတော်တွေ ကိုယ်ကျင့်တရားကောင်းတဲ့ သူတော်ကောင်းတွေ အများကြီး ရှိပါတယ်။ သူတို့အကျိုး ဖြစ်ထွန်းအောင် ဆောင်ရွက်ပေးရပါမယ်၊ သူတို့အပေါ်ကို အန္တရာယ်တွေ ကျရောက်မလာ အောင် ကာကွယ်ပေးရပါမယ်။ ပြည်ပကအဖျက် သမားများ (ခေတ်ပညာ တတ်သော်လည်း မြန်မာ့စီးပွားသယံဇာတကို စုတ်ယူမည့်သူများ) သူယုတ် များ (ကိုယ်ကျင့်မကောင်း စာနာစိတ်မရှိ ကိုယ်ချင်းစာတရား မရှိသူများ) ကို ပြည်တွင်းဝင်ရောက်မလာအောင် တားဆီးပေးရပါမယ်။ ပြည်တွင်းက အဖျက် သမားများ သူယုတ်များကို ပယ်ဖျက်သုတ်သင်ရပါမယ်။ ခေတ်ပညာ တတ်တွေ ရှိရင် ကျွန်တော်တို့မြန်မာပြည်ကြီး ခေတ်မီဖွံဖြိုးတိုးတက်မယ်၊ ကောင်းမွန်တဲ့ အဆုံးအမစကားတွေကို လိုက်နာပြီး ကိုယ်ကျင့်တရား ကောင်းတဲ့ သူတော်ကောင်းတွေ ရှိရင် ကျွန်တော်တို့ မြန်မာပြည်ကြီး ငြိမ်းချမ်း သာယာမယ်။ ကျွန်တော်တို့ပြည်ထောင်စုကြီးကို အေးချမ်း သာယာ ကြီးပွား ချမ်းသာတဲ့ ပြည်ထောင်စု တစ်ခုအဖြစ် တည်ဆောက်ပေးနိုင်ကြ ပါစေလို့ တိတ်တိတ်ကလေး ကြိတ်မှိန်ပြီး ဆုတောင်း မိတာလည်း အခါခါပါပဲ။

ကဲ လူစုံတော့ ထုံးစံ အတိုင်းပေါ့။ သူကြိုက်တာ သူသောက် ကိုယ်ကြိုက်တာ ကိုယ်သောက်နဲ့။ ကျွန်တော့်ကိုလည်း တိုက်ကြတာပေါ့။ ကျွန်တော် မ သောက် ခဲ့ပါဘူး။ ရူးတယ်ပဲ ပြောပြော ထူးတယ်ပဲ ပြောပြောပေါ့။ ကျွန်တော် က “ မင်းတို့က ငါ့ကို အတင်းသောက်ခိုင်းတယ်နော်၊ ငါကလည်း အတင်းငြင်း နေတယ်၊ သောက်ခိုင်းတော့ ငါ စိတ်ညစ်ရတယ်၊ မသောက်တော့ မင်းတို့က စိတ်တိုကြတယ်၊ ငါ့ကို ကြီးတယ် ကျယ်တင် ထင်ကြတယ်၊ နှစ်ဦးနှစ်ဘက် စိတ် မကောင်းဖြစ်ရတယ်၊ မင်းတို့ကြိုက်ရင် သောက်ကွာ၊ ငါ့ကိုတော့ မတိုက် ကြနဲ့တော့၊ သောက်ဘို့ စကားမစနဲ့တော့၊ မင်းတို့ကို ငါဘယ်လောက် ခင်တယ် သံယောဇဉ်ရှိတယ်ဆိုတာလည်း မင်းတို့အသိဆုံးပဲ” လို့ ခပ်တည်တည်ပြောလိုက်တယ်။ ကိုမိုးကလည်း ကျွန်တော့်ဘက်က ၀င်ကူပြောပေးတော့ အဆင်ပြေသွားတယ်။ သူတို့က သောက်နေကြတယ်။ ကျွန်တော်က စားစရာများကို စားတယ်။ အဆင်ကို ပြေလို့။ ပြီးတော့ သောက်ရင်းနဲ့ 21 ဆွဲမယ်ဆိုပြီး လုပ်ကြပါတယ်။ ကျွန်တော်က “ 21- (၀မ်း) ဆွဲမယ်ဆိုရင်တော့ ငါက ပွဲကြည့်ပရိသတ်ပဲ လုပ်မယ်၊ အဲဒီကစားနည်းက အနိုင်အရှုံးနဲ့ ငွေကုန် ငွေရမြန်တယ်၊ ငါ မကြိုက်ဘူး။ ပိုကာဒေါင်းမယ် ဆိုရင်တော့ ငါလည်း ပါမယ်၊ မိတ်ဖြစ် ဆွေဖြစ်ပေါ့ ” လို့ ပြောလိုက်တယ်။ သူငယ်ချင်းတွေဆီက ငွေကို မလိုချင်ပါဘူး။ ညီအစ်ကိုရင်းတွေလိုပဲ သဘောထားတာပါ။ သူငယ်ချင်း အချင်းချင်းကြားမှာ ညီအစ်ကိုတွေကြားမှာ အနိုင်အရှုံး လောင်းတမ်းကြေးဆိုတာ မရှိသင့်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု့ပေးရမယ် ကူညီရမယ် ခွင့်လွှတ်ရမယ်လေ။ သူတို့ လည်း ကျွန်တော့်အကြိုက်လိုက်ပြီး ဒေါင်းကြတယ်ပေါ့နော်။

မကစားတာ ကြာပေမဲ့ ဒီပညာမျိုးကြတော့ မေ့သွားတယ် မရှိဘူးဗျ။ တော်တော် အံ့သြဘို့ ကောင်းတယ်နော်။ ပိုက်ဆံဖဲ တစ်လုံးကို ၅ - ကျပ် သတ်မှတ်ကြတယ်။ ဒေါင်းကြေးကိုတော့ ၅၀ - ကျပ် သတ်မှတ်ကြတယ်။ မြန်မာငွေနဲ့ တွက်ကြည့်ရင်တော့ မနည်းဘူးပေါ့နော်။ သန်းလင်းနဲ့ ကိုးမိုးက ပွဲကြည့်ပရိသတ်ပေါ့။ ကျွန်တော်တို့ ငါးယောက် ကစားကြတယ်။ ကျွန်တော် ကံကောင်းနေတယ် ထင်တယ်။ ကျွန်တော်ပဲ ဒေါင်းဒေါင်းနေတယ်။ ကျွန်တော့်ဆီမှာ တော်တော်လေး စုမိနေတော့ သူတို့က စိတ်တိုလာကြ တယ်လေ။ နောက်ပြီး သူတို့ရင်ထဲမှာ အပူရေတွေဝင်ရောက် နေရာ ယူနေကြပြီဆိုတော့ သွေးလည်း ဆူလာကြပြီထင်ပါရဲ့။ 21 – (၀မ်း) ကစားကြဘို့ ပြောလာကြတယ်။ သူတို့ မူမမှန်တာကို သိနေတော့ အတိုက် အခံ မလုပ်တော့ဘူး။ သူတို့ စိတ်ကြိုက် ၀မ်း ကစားပေးလိုက်တယ်။ သူတို့တွေက အသိစိတ်ပဲ ပျောက်နေတော့တာလား လောင်းကစားစိတ်ပဲ အားကြီးတာလား ရှုံးနေလို့ပဲ စိတ်တိုနေကြတာလားဆိုတာ သေသေချာချာ မသိပေမဲ့ ထိုးကြေးတွေ မြင့်မြင့်လာတာတော့ လန့်စရာပဲ။ ငွေက သိပ်ကို စွမ်အားရှိတာပဲဗျာ။ ကျွန်တော်တို့ စားချင် သွားချင် ၀တ်ချင် ပျော်ချင် သောက်ချင်တဲ့ အရာရာတိုင်းကို ၀ယ်လို့ရနေပါတယ်။ ခုကြည့်လေ သူငယ်ချင်းတို့ အသိစိတ်ကိုလည်း မူးနောက်အောင် မှောင်မိုက်အောင် လုပ်နေပြန်ပြီ။ သူတို့က ငွေရှုံး ငွေနဲ့လိုက် ဆိုတဲ့ စကားကို လက်ကိုင် ထားကြသည်ထင်ပါရဲ့၊ အတင်းလိုက်ကြတော့တာပါပဲ။ လောင်ကစားရဲ့ သဘာဝအတိုင်းပေါ့။ ကြွေတလက် ကြက်တခုန်၊ ကောက်ရိုးမီး ပြာကျ - ဆိုသလိုပါပဲ။ ကျွန်တော်နိုင်ထားတာတွေလည်း ပြန်ပါသွားတာပေါ့။ ပြန်ပါပါစေ။ သူတို့စိတ်ချမ်းသာရင် ပြီးတာပဲလေ။ သူတို့ဆီကနိုင်ထားတဲ့ ဟာပဲ။ ကျွန်တော့် အိတ်ထဲက ပါသွားတာ ၁၀၀ - လောက်ပဲ ရှိမှာပါ။ ကျွန်တော် မကစားတော့ ပါဘူး။ ဘေးထွက် လိုက်တယ်။ သူတို့ကြေးတွေ အရမ်းများလာတယ်လေ။ ကျွန်တော်လည်း မရှုံးချင်ဘူး မပေးချင်ဘူး သူတို့ဆီကလည်း မယူချင်ဘူး မယူရက်ဘူး။ ကျွန်တော့်နေရာကို သန်းလင်းက ၀င်ထိုင်လိုက်တယ်။

သန်းလင်း နှုတ်ဆက်ပွဲက သိပ်မလှခဲ့ပါဘူး။ ဖဲဆိုတဲ့ အရာက ကောင်းတဲ့နေ့ဆိုရင် ဘယ်လိုပဲ ကစား ကစား ကောင်းနေတတ်ပါတယ်။ မကောင်းတဲ့နေ့ဆိုရင် ဘယ်လိုပဲ လိုက်လိုက် မကောင်းတတ်ပါဘူး။ အဲဒီ သဘာဝလေးကို သိထားဘို့လိုပါတယ်။ မယုံ မရှိပါနဲ့။ တကယ့်ဆရာကြီးလို့ နာမည်ကြီးတဲ့ သူတွေတောင် ဖဲမကောင်းတဲ့ နေ့ဆိုရင် ဘာမှ လုပ်လို့မရ ပါဘူး။ ပါသမျှ ကုန်ကာ ပြန်သွားရတာပါပဲ။ ဖဲ သမားတစ်ယောက်ဟာ ငါးပွဲလောက် ကစားပြီးရင် ဒီနေ့ ကိုယ့်မှာ ဖဲ ကံကောင်းနိုင်မလား မကောင်းလောက်ဘူးလားဆိုတာ သိဘို့လိုပါတယ်။ မဟုတ်ရင်တော့ ငုတ်တုတ်မေ့ဘို့သာ ပြင်ပေတော့။ သန်းလင်းအတွက် ကံဆိုးတဲ့ နေ့လေးတစ်နေ့ပါ။ သူ ဖဲကစားတာ ရှုံးတယ်။ ရှုံးလေ နှစ်ဆလိုက်လေ ရှုံးလေပါပဲ။ ဒေါင်းကြေးကို - 100 ။ ပိုက်ဆံဖဲ တစ်လုံးကို - 30 သတ်မှတ်ကြ တယ်။ တစ်ပွဲတစ်ပွဲ ခဏလေးပါပဲ။ တစ်ညလုံး ကစားကြတာပါ။ သန်းလင်း တော်တော်လေး ရှုံးသွားပါတယ်။ မနက်လင်းတော့ ကိုမိုးက ပွဲရပ်ကြဘို့ ပြောပါတယ်။ သန်းလင်းက “ မရပ်ဘူး၊ သွေးကြောင်ရင် ဝေးဝေးသွားနေ ” လို့ ပြောတယ်။ ဟုတ်မှာပေါ့။ သန်းလင်းရှုံးထားတာတွေ အများကြီးလေ ပြန်လိုချင်သေးတာပေါ့။ အဲဒါကြောင့် သူက ပွဲကို မရပ်ချင်သေးဘူး။ အဲဒီမှာ သူပြော ကိုယ်ပြောနဲ့ ပြောကြ စကားများကြ စိတ်တိုကြ စိတ်ဆိုးကြနဲ့ သန်းလင်းတစ်ယောက် ဘယ်သူ့ကိုမှ နှုတ်မဆက်ပဲ ပြန်သွားပါတယ်။ ကျွန်တော် တကယ်စိတ်မကောင်းပါဘူး။ ငွေဆိုတဲ့ အရာက သူငယ်ချင်း တွေရဲ့ကြား မိဘနဲ့ သားသမီးတွေရဲ့ကြား ဆရာနဲ့တပည့်တွေရဲ့ကြား ညီအစ်ကိုမောင်နှမဆွေမျိုးသားချင်းတွေရဲ့ကြားမှာ တံတားတစ်စင်းဖြစ်သလို ဆူးတစ်ချောင်းလည်း ဖြစ်နေတတ်ပါတယ်။ တံတားဖြစ်ခဲ့ရင် အကျိုးဖြစ်တာ ပေါ့နော်။ ကောင်းတာပေါ့။ ဆူးဖြစ်ခဲ့မယ်ဆိုရင်တော့ စူးမှာပေါ့။ နာကျင်ကြ မှာပေါ့။

သန်းလင်း ကျောပြင်ကို ငေးကြည့်ရင်း “ ငွေကြေးနဲ့ အနိုင်အရှုံးလောင်းကစားခြင်း, အားပြိုင်စမ်းပြီး လက်လှဲခြင်း, ချစ်သူကို အပြိုင်လုခြင်း, သူသာ ကိုယ်သာ ဂုဏ်ပြိုင်ခြင်း, တစ်ယောက်ကိုတစ်ယောက် မကောင်းကြံခြင်း, တစ်ယောက်အကြောင်း မကောင်းပြောခြင်း စသည် တို့သည် သူငယ်ချင်း သံယောဇဉ်ကို ဖျက်ဆီးပစ်နိုင်သည့် အဖျက်မြှား တွေပါလား ” လို့ တွေးမိ နေပါတယ်။ သူငယ်ချင်း သံယောဇဉ်က လွတ်လပ်တယ် အေးချမ်းတယ် နွေးထွေးတယ် ပေါ့ပါးတယ်။ ပူဆွေးရမှု့ နာကျင်မှု့ ချုပ်နှောင်မှု့ မပါဘူး။
သူငယ်ချင်းတို့ရေ သူငယ်ချင်းသံယောဇဉ်ကို ဖြတ်တောက်ပစ်မဲ့ အရာတွေကို ရှောင်ရှားနိုင်ကြပါစေနော်။ နွေးထွေး လွတ်လပ်တဲ့ သူငယ်ချင်း သံယောဇဉ်လေးကို မြတ်နိုးတတ်ပါစေ ခိုင်မာအောင် တည်ဆောင်နိုင်ကြပါစေလို့ ----

အိပ်ရေးလည်း ပျက်၊
စိတ်လည်း ညစ်ရ၊
ရှုံးက စိတ်တို၊
နိုင်သူကို စိတ်နာ၊
ချစ်ခင် ကြင်နာမှု့ကို ဖျက်၊
ကောင်းကျိုး မဖက်၊
ဆိုးကျိုးသာ ထွက်တဲ့ ဖဲ၊
စိတ်ထဲမှာ အခဲ မကြေ၊
ကဲ --
မြောင်းထဲကို သွားကြပေတော့။

အားလုံးကို
ခင်မင်စွာဖြင့်
စံလင်း


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...