သူငယ်ချင်းတို့ရေ ဘ၀ဆိုတာကလဲ စကားလုံးလေးနှစ်လုံးမို့သာပါ။ အဆင်မပြေတာတွေက များလိုက်တာ။ အဆင်ပြေတာ၊ ရေရာတာ၊ သေချာတာ၊ အောင်မြင်တာကနည်းလို့ အခက်အခဲတွေ အများကြီးကြုံတွေ့နေရတာက များနေပါတယ်။ ကမ္ဘာကြီးမှာ မှီတင်းနေထိုင်နေကြတဲ့ လူသားတိုင်းမှာ ဘ၀ပုံစံစုံကို ပိုင်ဆိုင်ခွင့်ရနေကြသလို လူတစ်ယောက်ချင်းဆီမှာ မတူညီနိုင်တဲ့ ဘ၀ပုံစံတွေ လောကအတွေ့အကြုံတွေအများကြီးပါ။ အောင်မြင်သာယာတဲ့ဘ၀ပုံစံဖြစ်နိုင်သလို၊ ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရတာ ၊ဖြစ်ချင်တာတွေပဲ လုပ်ချင်တာတွေကို အကောင်အထည်ဖော်ပိုင်ခွင့်မရှိတဲ့လူသားတွေလဲ အများကြီးပါ။ ဒီလိုပါပဲ ကိုယ်ဖြစ်ချင်တာ ဖြစ်ခွင့်မရတဲ့အခါ ၀မ်းနည်းတတ်ကြတယ်။ ငိုကြွေးတတ်ကြတယ။် ဒေါသထွက်ကြတယ်။ဘ၀မှာ ဘယ်အရာမှာပဲဖြစ်ဖြစ် ဖြစ်ချင်တာ လုပ်ချင်တာကို အကောင်အထည်ဖော်ခွင့်ရတဲ့အခါ ၀မ်းသာ ပျော်ရွှင်ကြည်နူးတတ်ကြတာ သဘာဝပါ။ ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရတဲ့အခါ စိတ်အားငယ်တာ စိတ်ပျက်တာ မဖြစ်လိုက်ကြပါနဲ့။ လောကမှာ ကိုယ် တစ်ယောက်ထဲ ဒီလိုရှင်သန်နေရတာမှ မဟုတ်တာ။ ကိုယ်တစ်ယောက်ထဲ ဖြစ်ချင်တာတွေ မဖြစ်လာတာမှ မဟုတ်တာ ကိုယ်နဲ့တန်းတူ ကိုယ့်လိုလူတွေ အများကြီးလို့ တွေးလိုက်စမ်းပါ။ နောက်ခုဖြစ်ချင်တာတွေကို ခုနေချိန်မှာလက်တွေ့ အကောင်အထည် မဖော်ရရင်လဲ မေ့မပစ်လိုက်ပါနဲ့။ ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာကို မှတ်သားထားလိုက်ပါ။ အစဉ်တစိုက် စူးစိုက်တွေးတောပါ။ မျှော်မှန်းပါ အရာအားလုံးထပ်တူ မကျရင်တောင် တစ်နေ့မှာ ကိုယ်ဖြစ်ချင်တာကို လက်တွေ့ အကောင်အထည်ဖော်နိုင်လာမှာပါ။ ဘာပဲဖြစ်ဖြစ် အချိန်တွေ ကြာလာတာနဲ့အမျှ အတိတ်ကကြုံခဲ့တဲ့ဝမ်းနည်းမှုတွေက မထင်မှတ်ထားလောက်အောင် လောကကပေးတဲ့ ဟာသလက်ဆောင်ကောင်း၊ ပြက်လုံးကောင်းတစ်ခု ဖြစ်နေတာလို့ ခံစားမိလာကြမှာပါ။ အဲလိုဖြစ်လာတဲ့အခါ သေချာတွေးကြည့်တော့ ဒုက္ခလို့ ထင်ထားတဲ့ အရာတွေကို အချိန်ဆိုတဲ့ အကောင်းဆုံးသော သမားတော်ရဲ့ဆေးစွမ်းနဲ့ ကုသလိုက်တဲ့အခါ၊ စိတ်အေးအေးထားပြီး အချိန်ရဲ့ တိုက်စားမှုနဲ့ပေါင်းစပ်လိုက်ရင် ဘယ်လောက်ကြီးမားတဲ့ ဒုက္ခပဲဖြစ်ဖြစ် မကြောက်မရွံ့ ရင်ဆိုင်နိုင်လာမှာပါ။ လက်တွေ့မှာတော့ ဘယ်လောက်ပဲ စိတ်ညစ်စရာတွေကို ခံစားနေရပါစေ အမှန်တကယ်လိုအပ်တာက အချိန်ကာလပါ။ အချိန်ကာလတစ်ခုကို ကျော်ဖြတ်လိုက်တာနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ စိတ်ညစ်စရာတွေဟာ အနာဂတ် ဘ၀လမ်းအတွက် အတွေ့အကြုံကောင်းတစ်ခုဆိုတာ ခံစားမိလာမှာပါ။ ခုကြုံနေရတဲ့ ပြသာနာတွေ၊ စိတ်ညစ်စရာတွေ အခြေတည်လို့ နောင်မှာလာအုံးမယ့် ပြသာနာတွေမှာ အရင်က ဘယ်လိုဖြေရှင်းခဲ့တာ၊ ဘယ်လိုကျော်ဖြတ်ခဲ့တာလို့ ပြန်လည်တွေးမိမှာပါ။ ဒါ့ကြောင့်မို့လေ ဘယ်လောက်ပဲ ခုချိန်မှာ ပင်ပန်းဆင်းရဲနေပါစေ မှတ်ထားနော် ငါဖြတ်ကျော်နိုင်ပါတယ်။ ငါအောင်နိုင်မှာပါ လို့ တွေးရင်း ကိုယ့်စိတ်ကို အားတင်းထားလိုက်စမ်းပါ။ မဖြစ်နိုင်တာ မရှိပါဘူး တစ်နေ့မှာ ဖြစ်ချင်တာတွေ ဖြစ်လာမှာပါလို့ နှလုံးသွင်းရင်း လောကကြီးက ပေးတဲ့ လက်ဆောင်ကောင်းအဖြစ်မှတ်ယူလို့ အပြုံးမပျက် ကြိုးစားလိုက်စမ်းပါ။ ဆရာဇော်ဂျီရေးသားခဲ့တဲ့ ဗေဒါလမ်းကဗျာလေးထဲက ဗေဒါပန်းလေးလို၊ နောက်ဆရာ့ရဲ့ထိပ်ဆုံးသို့ကဗျာလေးထဲက အတွေးလေးတွေကို လက်ခံကျင့်သုံးရင်း လောကရဲ့ကျီစားမှုကို ဒူးထောက်လို့ အရှုံး မပေးပဲ ဘ၀အတွက် ကြိုးစားလိုက်ကြပါစို့နော်။ မှတ်ထားနော် သူငယ်ချင်း ဘ၀မှာ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းနေပါစေ ကိုယ်ယုံကြည်တဲ့ ကိုယ့်ဘ၀ရဲ့ မျှော်မှန်းချက်လေးကိုတော့ ဘယ်တော့မှ မေ့မပစ်လိုက်ပါနဲ့။ ရလာဒ်ကောင်းတွေကို ဖန်တီးနိုင်တာာလဲ ကိုယ်ပါပဲ၊ ရှုံးနိမ့်မှုတွေဖြစ်လာအောင်ဖန်တီးတာလဲ ကိုယ်ပဲဆိုတာကိုလေ။ ဘ၀ရဲ့ ခက်ခဲမှုတွေကို စိတ်အားမလျှော့ဘဲ ရင်ဆိုင်လို့ ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေအတွက် အားတင်းလိုက်ကြပါစို့။ မမေ့လိုက်နဲ့နော် မျှော်လင့်ချက်ဆိုတာ ရှိနေသရွေ့ ဘ၀မှာ သာယာကြည်နူးဖွယ်ကောင်းတဲ့ ပျော်ရွှင်စရာနေ့ရက်တွေကို ဖန်တီးနိုင်မှာပါ။
မှတ်ချက်။ ။သင်ဇာ့ဘ၀မှာလဲ ဖြစ်ချင်တာတွေ လုပ်ချင်တာတွေ ထပ်တူ မကျခဲ့တာက ဖြစ်ခွင့် လုပ်ခွင့်မရခဲ့တာ အများကြီးပါ။ သင်ဇာတွေးသလို သင်ဇာ့ သူငယ်ချင်းတွေကော တွေးကြရဲ့လားရှင်။ သင်ဇာကတော့ ဒီလိုပဲ ဆက်ပြီး အားတင်းထားပါတယ် သူငယ်ချင်းတို့ကော ဘယ်လိုတွေးမိကြလဲရှင် ဘာပဲဖြစ်ဖြစ် ရွှေရောင်လွှမ်းတဲ့ အနာဂတ်လမ်းအတွက် အားတင်းထားလိုက်ပါနော် …………………………..