မြန်မာနိုင်ငံရဲ့ အစိုးရသစ် သမ္မတကြီးဦးသိန်းစိန်ရဲ့ နိုင်ငံတော်အခြေပြ မိန့်ခွန်းကို
တိုက်ရိုက် ထုတ်လွင့်ချက်ကို နားထောင်လိုက်ရပါတယ်..။
စီးပွားရေး..နိုင်ငံရေး..နယ်ပယ်အသီးသီးမှာ..ပြုပြင်ပြောင်းလဲရေး ဦးတည်မှုတွေက..
အထိုက်အလျောက် အားတက်စရာပါ ။
ကျွန်တော်ကတော့ ပညာရေးနယ်ပယ်သမားမို့ ပညာရေး အသုံးစရိတ်ကို
ယခင်ထက်နှစ်ဆ တိုးလိုက်ရတာသိရလို့ ၀မ်းမြောက်မိပါတယ်..။
ပညာရေးစနစ်ကို အခြေခံကျကျ ပြုပြင်ပြောင်လဲဖို့ လိုနေပီလို့ပဲထင်ပါတယ် ။
အခြေခံအကျဆုံးက ပညာရေးစနစ်ရဲ့ အတွေးအခေါ်(Paradigm) ဖြစ်ပါတယ် ။
ကျွန်တော်တို့နိုင်ငံမှာက တက္ကသိုလ်တွေ ကျောင်းတွေမှာ ဖြစ်နေတာက
သင်ကြားရေး(Teaching)ကိုသာ ဦးစားပေးလွန်းနေပြီး
ကျောင်းသားတွေရဲ့ အတွေးအခေါ်ပိုင်း(Thinking) ကိုအလေးနက်မထားကြပါဘူး ။
ဆရာတစ်ယောက်အတွက်က သင်ကြားတာက လွယ်ကူပြီး
ကျောင်းသားတွေ အတွေးအခေါ်ပေါက်ရောက်ဖို့က..အလွန်ပင်ပန်းပါတယ် ။
တစ်ပါးနိုင်ငံတွေမှာက ဆရာတွေက အဖြေမပေးပဲ မေးခွန်းတွေသာမေးပြီး
အဖြေကို ကျောင်းသားနဲ့အတူရှာကြတာပါ ။
ပညာသင်ခြင်းရဲ့ဦးတည်ချက်က စဉ်းစားတွေးခေါ်တတ်မှုအရာကို အစွမ်းကုန်မြှင့်တင်ပေးတာပါ ၊
ဒါမှလည်း ဘ၀ရဲ့ ပြဿနာတွေကို ရဲရဲရင့်ရင့် တွေးတွေးဆဆနဲ့ ရင်ဆိုင်တတ်မှာပါ ။
ဖြစ်နေတာက ဆရာက မြန်မာစာ စာစီစာကုံးကိုတောင်ရေးပေးပါတယ်..၊
မြန်မာ ကဗျာတွေဆိုလည်း စကားပြေ ရေးပေးပါတယ် ၊
ကျောင်းသားက အလွတ်ကျက်ပေတော့ ။ ၏ ၍ သည်..မလွဲလေ..အမှတ်ရလေပါ။
အမှန်က စာသင်ခန်းမှာ ကျောင်းသားသုံးဆယ်ရှိရင် အတွေးခေါ်သုံးဆယ်ဖြစ်လာသင့်တာပါ ။
ကိုးတန်း ဆယ်တန်းအင်္ဂလိပ်သင်တဲ့ခါ..
ကျောင်းကဆရာက Letter နဲ့ Essay ကိုအပြီးရေးပေးလိုက်ပါတယ် ၊
တစ်ခါတစ်ရံ အတန်းထဲမှာ အပြင်ထုတ်စာအုပ်ကြီး ကိုင်ပြီးရေးပေးတာပါ ၊
အပြင်ထုတ်စာအုပ်ဆိုတာ ဈေးကွက်ပေါက်အောင်..
ဒါမှမဟုတ်..ပညာရှင်ချင်း အထင်ကြီးအောင် ကိုးတန်း ဆယ်တန်းနဲ့မမျှအောင်
ရေးထားတတ်တာတွေလည်း ရှိတတ်ပါတယ် ။
ဆိုလိုတာက တက္ကသိုလ်အဆင့်လောက်တွေဖြစ်နေတတ်ပါတယ် ။
ဘလာစာရွက် နှစ်မျက်နှာခွဲ သုံးမျက်နှာလောက်တောင်ရှိတတ်တာပါ ။
သာမန်ကျောင်းသားကျက်မှတ်နိုင်မှာတဲ့လား ။
ရေးပေးတဲ့ဆရာ ဆရာမတောင် ကျက်ကြည့်ပါအုန်း ။
အတွေ့ကြုံလေးတစ်ခု ပြောပြချင်လို့ စကားပလ္လင်အရှည်ကြီးခံနေတာပါ ။
ဒီနှစ် ကိုးတန်းနှစ်ဝက်စာမေးပွဲမှာ..ကျွန်တော့် ကိုးတန်းတပည့်တွေ
ကျောင်းကပေးတဲက Essay အရှည်ကြီးကို မကျက်နိုင်ဖြစ်နေခဲ့ကြပါတယ် ၊
ဒီတော့ ကျွန်တော်က အင်္ဂလိပ်စာ short and simple ရေးနည်းလေးတွေသင်ပေးပြီး
အတန်းထဲမှာ ကိုယ်က idea ပေး..သူတို့ကရေးနဲ့ ပြန်ရေးစေပါတယ်။
ကွန့်ညွန့်နေအောင်တော့ မကောင်းပါဘူး ၊ဒါပေမဲ့ ကလေးတွေ အထိုက်လျောက်ရေးနိုင်ပါတယ်
မရပါဘူးတဲ့ခင်ဗျာ..ကျောင်းကအတိုင်း မဟုတ်လို့ပါတဲ့ ။
ဆယ်တန်းအောင်သွားတဲ့တပည့်တွေလည်း အနီးကပ်မှာ ကျူရှင်တက်
ကျူရှင်က ပေးတဲ့ မေးခွန်းရှစ်ခုလောက် အာဂုံဆောင်..
ဒါတောင်ပြောပါသေးတယ်..မတိုးရင်လည်း ကျက်ထားတာ ရေးသာချလိုက်တဲ့ ။
စိတ်ပျက်ဖို့တော့ ကောင်းကုန်ပြီ..။
ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးမှာ..
အားလုံးသော အရွေ့များနဲ့အတူ..ကျွန်တော်တို့ ပညာရေးနယ်ပယ်သမားများလည်း
လိုက်ရွေ့စေချင်ပါတယ်..။
ကမ္ဘာ့ ပညာရေးနဲ့ တန်းတူလိုက်နိုင်စေဖို့ဆိုတာ..မြန်လေကောင်းလေပါ..။
ဥပဒေပြုလွှတ်တော်ကြီးကရော..
အစိုးရသစ်ကြီးကရော..
ပညာရေး ဌာနကြီးကပါ..အရွေ့လေးမြန်အောင် ၀ိုင်းတွန်းစေချင်တာပါဗျာ..။