ဟယ် လှလိုက်တာ။ အရမ်း ကြည့်လို့ ကောင်းတာပဲ။ ဟွန်း ဟိုကောင်မတွေများ ဒါမျိုးဆိုရင် မျက်နှာက ပင်လယ်လောက်ကြီးလို့ သေတွင်းကြီးလို မျက်လုံးတွေနဲ့ အစာငတ်နေတဲ့ ခွေးလို့ ပြုံးနေ လိုက်ကြတာ။ သိပ် စိတ်တိုဘို့ ကောင်းတာပဲ။ ဟူးးးးး သူ့နာမည်က ဘယ်သူပါလိမ့်။ သိချင်လိုက်တာ။ ဟော သူ သူ။ ဟိုကောင်မတွေကို ကျော်လာပြီ။ ငါ့ဆီ ငါခဲ့ ပါတော့။ လာခဲ့ပါတော့။ အမလေး နူးညံ့ ညင်သာလိုက်တဲ့ လက်ကလေးတွေ။ သူကတော့ သိမယ် မထင်ဘူး။ ကျွန်မကို တို့ထိ ကိုင်တွယ်လိုက်တဲ့ သူ့အတွေ့မှာ ကျွန်မ အသက်ရှူဘို့ တောင် မေ့သွားခဲ့ပါတယ်။ ပြီးတော့ သူက ကျွန်မကို စေ့စေ့ ကြည့်ပါတယ်။ တည်ငြိမ်ကြည်လင်တဲ့ အကြည့်တွေနဲ့ပေါ့။ ကျွန်မ ကြိတ်ပြီး ကြည်နူးနေမိတာကိုတော့ သူ မသိပါစေနဲ့။ သူက ကျွန်မကို ညင်ညင်သာသာလေး ဆွဲယူပြီး ဖွဖွလေး နမ်းရှိုက်လိုက်ပါတယ်။ ဟူးးးးးးးးး --- ၀မ်းသာလိုက်တာ သူရယ်။ ကျွန်မကို အမြတ်တနိုးနမ်းရှိုက်တဲ့ အတွက် သူ့ကို မောင်လို့ ခေါ်မှည့်လိုက်ပါတယ်။ သူဟာ ကျွန်မရဲ့ မောင်ပေါ့။ မောင်က အရမ်းကြည့် ကောင်းပါတယ်။ မောင်ပြုံးလိုက်ရင် အားလုံး ထိုင်ငိုသွားရလောက်အောင်ကို လှပလွန်းတယ်။ သူ့မျက်လုံး သူ့အကြည့် သူ့အပြုံးတွေမှာ တည်ကြည်ခြင်း ငြိမ်သက်ခြင်း အေးချမ်းခြင်း လေးနက်ခြင်းတွေပါနေတာကို ကျွန်မသတိ ထားမိလိုက်ပါတယ်။ မောင်ရယ် ကျွန်မကို ထာဝရ ပိုင်ဆိုင်ထားပေးပါနော်။
မောင် ကျွန်မကို နမ်းရှိုက်ပြီး ညင်သာစွာပဲ ပြန်လွှတ်ပေးပါတယ်။ အကြင်နာတရားတွေ ပြည့်နေတဲ့မောင်ပေါ့။ တစ်ချို့သူတွေဆိုရင် ကျွန်မကို ပရမ်းပတာ ဆွဲနမ်းပြီး ကြမ်းကြမ်းတမ်းတမ်းပဲ လွှတ်ပစ်ကြတယ်။ အားနွဲ့သူ ကျွန်မမှာတော့ ပရမ်းပတာနဲ့ လှုပ်ရမ်း နာကျင်လို့ ကျန်ခဲ့ရတာပေါ့။ မောင်က သူတို့လို မဟုတ်ဘူး။ ကျွန်မအတွက်တော့ မောင်ဟာ သိပ်ထူးတဲ့ လူတစ်ယောက်ပါပဲ။ ကျွန်မအပါးက ခွါသွားတဲ့ မောင့်ကို “ မောင်လို့ ” အကျယ်ကြီး ကြားအောင် အော်ခေါ်လိုက်ချင်ပါတယ်။ မောင် ကြားနိုင်မယ် ဆိုရင်ပေါ့။ ကျွန်မမှာ မောင်ကြားနိုင်အောင် ခေါ်နိုင်တဲ့ အစွမ်းတစ်ခုကို ဘာလို့ ကံကြမ္မာက လက်ဆောင် မပေးလိုက်တာလဲ။ ကျွန်မ ဘယ်လို အပြစ်တွေရှိလို့ ခုလို ဒဏ်ခတ်လိုက်တာလဲ။ ရက်စက်လိုက်တာ ကံကြမ္မာ ရယ်။ ကျွန်မချစ်မိတဲ့ မောင့်ကို အားပါးတရ ခေါ်လိုက်ချင်စမ်းပါဘိ။ တစ်ခါလောက်ပဲ ဖြစ်ဖြစ်ပေါ့ ။ ခေါ်နိုင်ခွင့် ပေးပါလား။ မောင် ကြားအောင် ခေါ်ကြည့်ချင်တယ်။ ကျွန်မ အနားက ခွါသွားတဲ့ မောင့်ကို မျက်စိတဆုံး လိုက်ကြည့်နေမိတယ်။ တစ်ခြား ဘယ်သူ့ကိုမှ မထိမကိုင် မနမ်းရှိုက်ပဲ မောင်ပြန်ထွက် သွားတယ်လေ။ ပျော်လိုက်တာ မောင်ရယ်။ ကျေးဇူးပါ မောင်။ ကျွန်မကို ခူးလို့ မယူသွားပေမဲ့ ဘယ်သူ့ကိုမှ မထိတွေ့ မနမ်းရှိုက်ပဲ ပြန်သွားတဲ့အတွက် ကျေနပ်စွာ ကျေးဇူးတင်နေမိပါတယ်။ မောင့်ပုံရိပ်လေး ပျောက်သွားတဲ့အချိန်က စပြီး ကျွန်မ လွမ်းနေရပါပြီ။ မောင့်ပုံရိပ် မောင့်မျက်နှာ မောင့်အပြုံး မောင့်မျက်လုံးတွေကို အလွတ်ရ နေပါပြီ။ မှတ်မိနေ မြင်နေ ရပါပြီ။ မောင်ရယ် ကိုယ်ချစ်တဲ့ သူကို လက်လှမ်းလို့ မရ ကြိုဆိုလို့မရတဲ့ ကျွန်မဘ၀ကို နာကျင်မိပါတယ်။ မောင့်ကို သတိရ တိုင်း ၀မ်းနည်းမှု့ လှိုင်းတွေရဲ့ ပုတ်ခတ်မှု့ကြောင့် ကျွန်မမျက်ရည်တွေ ပိုးပိုး ပေါက်ပေါက် ကျနေရပါပြီ။
အေးမြတဲ့ အပြုံး၊
ကြည်လင်တဲ့ မျက်လုံးတွေနဲ့ ကြည့်၊
ရင်ထဲထိ အေးမြလိုက်တာ မောင်ရယ်၊
ညင်သာစွာ နမ်းရှိုက်၊
မူးမိုက်လို့ ကျွန်မ မေ့၊
မောင့် အနမ်းတစ်ချက်နဲ့ ထိတွေ့ခွင့်ရတဲ့ ခဏ၊
ရင်ထဲမှာ ကြိတ်လို့ တောင်းတ မိပါရဲ့၊
ဟိုပန်း ဒီပန်းတွေ မကြည့်၊
ကျွန်မကိုသာ ထိမိစွာ ဆိတ်ချိုးလို့၊
မောင့်ခုံရှေ့က ပန်းအိုးမှာ၊
ထိုးစိုက်လို့ ထားပါလား မောင်ရယ်။
ဟော မောင်ရေ ပျားတွေက ကျွန်မ၀တ်ရည်တွေ စုတ်ယူနေကြပြီ။ ကျွန်မဘယ်လို လုပ်ရမလဲ မောင်။ သူတို့ကို ကျွန်မ မောင်းမထုတ်နိုင် ဘူးလေ။ မောင်သာ အနားမှာ ရှိရင် ဆိုတဲ့ စိတ်နဲ့ တိတ်တိတ်ကလေး အားငယ်မိတယ် တမ်းတမိတယ် မောင်ရယ်။ မောင် အနားကို လာပါတော့။ ပျားတွေက ကျွန်မ၀တ်ရည်ကို စုတ်ယူသွားကြပြီ မောင်။ ကျွန်မ သာယာ တပ်မက် မနေခဲ့ပါဘူး။ မောင့်ကိုပဲ သတိရနေခဲ့တာပါ။ မောင် ယုံပါနော်။ ပြီးတော့ ပျားတွေကိုလည်း သ၀န်တိုစိတ်နဲ့ ရန်မရှာရဘူးနော်။ သူတို့က ကျွန်မ၀တ်ရည်ကို မောင်တို့အတွက် အကျိုးပြုဆေးတစ်ခွက် ထုတ်ပေးကြဘို့ ပါ မောင်။ ကျွန်မကိုရော ပျားတွေကိုရော နားလည်ပေးပါနော်။ မောင်ရေ ယင်ကောင်တွေ ရောက်လာကြပြန်ပြီ။ ဒီယင်ကောင်တွေကို ကျွန်မ မုန်းတယ်။ ဟိုနေရာနား ဒီနေရာနားနဲ့။ နေရာစုံမှာ နားတယ်။ ရရ စားစား သမားတွေလေ။ သစ္စာလည်း မရှိဘူး။ ကြည်ဖြူစရာလည်း မကောင်းဘူး။ သိပ် ရွံစရာကောင်းတာပဲ။ ခု ကျွန်မအနားမှာ လာဝဲ နေကြတယ် မောင်ရယ်။ မောင် ကျွန်မကို ကူညီပါအုံးနော်။ ကျွန်မ အပေါ်မှာ ရောဂါတွေ ချထားခဲ့ရင် ဆိုတဲ့ အတွေးနဲ့ ကြောက်နေမိတယ် မောင်။ မောင်ရေ ကျွန်မ မောင့်ကို စွဲလန်းနေမိပြီ အားကိုးချင်နေမိပြီ လွမ်းဆွတ်တမ်းတနေမိပါပြီ။ မောင် သိအောင် ကျွန်မ ဘယ်လို လုပ်ဆောင်ရပါ့မလဲနော်။ မောင့်ကို လွမ်းတိုင်း ငိုနေရပြီကွယ်။ မောင်ရေ ဟိုမှာ ပိတုန်းတွေ လာနေကြပြီ။ လုပ်ပါအုံး ကယ်ပါအုံး မောင်ရယ်။ ကျွန်မ ကြောက်တယ်။ သူတို့က သိပ်ရက်စက်ကြတာ။ အများအတွက်လည်း အကျိုးမဖြစ်ဘူး။ အဆိပ်ရည်တွေ လူးနေတဲ့ အကောင်တွေလေ။ မောင် သူတို့ကို ရှင်းပေးပါအုံး။ ဟိုမှာဟိုမှာ သူတို့ ကျွန်မသူငယ်ချင်းတွေဆီက ၀တ်ရည်ချိုချိုတွေကို အလုအယက် စုတ်ယူနေကြပြီ မောင်။ ကျွန်မဆီ မရောက်ခင် မောင် ရောက်လာပါတော့။ မောင် အပြန်လာပါတော့။ ကျွန်မ ကြောက်တယ်မောင်။ မောင်ရယ် ကျွန်မ ဘယ်သူ့ကို အားကိုးရမလဲဟင်။ ကျွန်မ သူတို့ကို ဘယ်လို ခုခံ ကာကွယ်ရ မလဲဟင်။ အချိန်တိုင်းမှာ မောင့်ကို လွမ်းမိပါတယ်။ အခက်ခဲတွေ တွေ့တိုင်းမှာ မောင့်ကို အားကိုးချင်မိတယ်။ မောင့်လက်မောင်းမှာ မှီတွဲလို့ လောကလမ်းခရီးကြမ်းထဲကို ရဲရဲကြီး လျှောက်လှမ်းကြည့်ချင်ပါတယ်။ မောင်နဲ့ အတူတူပေါ့။
မောင်ရေ --
အစွမ်းထက် ဆေးတစ်ခွက် ထုတ်ဘို့၊
ပျားက ၀တ်ရည်ကို စုတ်ယူ၊
မကြည်ဖြူပေမဲ့ ကျေနပ်မိ၊
သာယာ တပ်မက်နေမိတယ် မထင်ပါနဲ့ မောင်၊
အကျိုးဖြစ်မယ့် အလုပ်မို့ ၊
ကူညီပေးဘို့ သက်သက်ပါ။
ယင်ကောင်က ခေါင်းထောင်လို့ ပြန်လာ၊
ရောဂါတွေ သယ်ဆောင်လာရင် အခက်၊
ကျွန်မအပေါ်မှာ ပျော်လျှက် နားခိုမှာလည်း ကြောက်၊
အားကိုး ထောက်တည်ရာလည်း မသိခဲ့၊
မောင် မရှိတဲ့ အချိန်တွေမှာ၊
ကျွန်မမှာ အားငယ်လို့ ညှိုးနွမ်း၊
ပင်ပန်းရပါတယ် မောင်ရယ်။
ရက်စက်လို့ ကြမ်းကြုတ်၊
ပိတုန်းယုတ်တွေက တရုန်းရုန်း၊
ရုန်းထွက်လို့ မလွတ်နိုင်တဲ့ သူတို့ ရန်၊
ကျွန်မဘယ်လို တွန်းလှန်ရ မလဲ၊
မောင့်ကိုပဲ တမ်းတကာ ငိုကြွေး၊
အပြေးသာ လာခဲ့ပါတော့၊
မကြင်နာတတ်တဲ့ သူတို့၊
ကျွန်မ ၀တ်ရည် ချိုချိုကို၊
စုတ်ယူဘို့ အားထုတ်နေကြပြီ မောင်။
မောင်ရေ ဟိုမှာ လူတစ်ယောက် ကျွန်မဆီကိုလာနေပြီ။ ဒီလူ ပေါ့။ ကျွန်မကို အတင်းဆွဲ ချိုးနေတယ်။ ကြမ်းကြမ်းတမ်းတမ်းပဲ။ အကြင်နာ မရှိတဲ့ လူ။ မောင်နဲ့ ကွာပ။ မောင် ကျွန်မကို ချိုးယူသွားပြီ။ ကျွန်မ ဘယ်လို လုပ်ရမလဲ ဟင်။ ကိုယ်ချစ်တဲ့ သူနောက်ကို လိုက်ပါသွားခွင့်မရှိတဲ့ ဘ၀။ ကိုယ်ချစ်တဲ့ သူကို လမ်ကမ်း ကြိုဆိုလို့ မရတဲ့ ဘ၀။ အချစ်ခရီးကို စိတ်ကြိုက်ရေးဆွဲခွင့် မရှိတဲ့ဘ၀။ အချစ်ပန်းချီကားကို လိုသလို ဆေးချယ်ခွင့် မရှိတဲ့ဘ၀။ မောင့်လက်ထဲမှာ ခိုဝင်ချင်တာပါ။ မောင်ခူးတာကိုပဲ ကျေနပ်သာယာ ချင်တာပါ။ မောင်ခူးယူပါစေလို့ ဆုတောင်းရတာလည်း အမောပါပဲ မောင်ရယ်။ ခုတော့ ခူးစေချင်တဲ့ မောင်က မခူးဘူး။ မခူးစေချင်တဲ့ ဒီလူက ခူးသွားပြီ။ ချစ်သူနောက်ကို စိတ်ကြိုက်လိုက်သွားခွင့် မရှိ ခူးသူနောက်သာ လိုက်သွားရတဲ့ ကျွန်မဘ၀ကို နားလည်ပေးပါမောင်ရယ်။ ကျွန်မ ခိုနား လိုက်လာချင်တာ မောင့်နောက်ကိုပါ။ အကြည့်က မရှင်း။ မအေးမြနိုင်တဲ့ အပြုံးတွေနဲ့ သိပ်မုန်းဘို့ကောင်းတဲ့ ဒီလူနောက်ကို စနိုးစနောင့်နဲ့ လိုက်သွား ရပေမဲ့ မောင့်ပုံရိပ်တွေကိုပဲ မြင်နေမိပါတယ်။ ကျွန်မ ခံစားချက် ကျွန်မအချစ် တွေက မောင်ပြန်သွားကတည်းက မောင်နဲ့အတူ ပါသွားခဲ့တာပါ မောင်ရယ်။ မောင့်နောက်ကို လိုက်ပါသွားခဲ့တာပါ။
မရွှင်ပြတဲ့ မျက်နှာ၊
မကြည်လင်တဲ့ အကြည့်၊
မအေးမြတဲ့ အထိတွေ့ အနမ်းတွေနဲ့၊
လက်သရမ်းလို့ ကျွန်မကို ကိုင်၊
လိုချင်မှု့တွေ ခိုင်ခိုင်ထားလို့၊
ကျွန်မကို ချိုး သွားပြီ မောင်၊
ရောက်မလာနိုင်တဲ့ မောင့်ကို၊
မျှော်လို့သာ တမ်းတမိပါရဲ့။
မောင်ရေ မဖြစ်နိုင်တာတွေကိုလည်း တမ်းတ လွမ်းမော မနေချင်တော့ဘူး။ မမှီနိုင်တဲ့ ကြယ်တွေကို ခူးဆွတ်ယူဘို့ စိတ်မကူးပါဘူး။ ကျွန်မအပေါ်ကို ကြွေကျလာမယ်ဆိုရင်တော့ ကျေနပ်စွာ ခံယူ ဖမ်းဆုတ်ထားမိမှာ အသေ ချာပါပဲ။ မောင်က ကျွန်မရဲ့ မျှော်လင့် တမ်းတခဲ့ရတဲ့ “ ကြယ် ”လေးပါ မောင်။ သူငယ်ချင်းတို့ရေ ပန်းလေးတွေမှာလည်း ခံစားချက် ရှိမှာပါ။ တို့တွေ နားလည်အောင် မပြောပြနိုင်လို့ (သို့) တို့တွေက သူတို့ ပြောပြနေတာကို မကြားနိုင် မသိနိုင်လို့ပဲ ဖြစ်ပါလိမ့်မယ်။ သူတို့တွေသာ စကားပြော တတ်ခဲ့မယ်ဆိုရင် သိပ်ကောင်းမှာပဲနော်။ ဘာပဲ ဖြစ်ဖြစ်။ ပန်းလေးတွေကို ကိုယ်ချင်းစာ ကြည့်ဖြစ်ရင်တော့ ခပ်ကြမ်းကြမ်း ဆွဲယူ ခပ်ရိုင်းရိုင်း ဆိတ်ချိုးပြီး ကြွေမွသွားအောင်တော့ မနမ်းရှူသင့်ဘူးလို့ ---
အားလုံးကို
ခင်မင်စွာ
စံလင်း