ခေတ်စမ်းစာပေရဲ့ ဖခင်တဦးဖြစ်တဲ့ ဆရာဇော်ဂျီကို၊ မြန်မာပြည်ရဲ့ တဦးတည်းသော “ဒဿနစာဆို”
အဖြစ် အသိအမှတ်ပြုကြပါတယ်။ဘာကြောင့်လဲဆိုတော့ ဆရာဇော်ဂျီဟာ စာဖတ်သူတွေရဲ့ စိတ်ဓာတ်
အတွေးအခေါ်ကိုတည့်မတ်၊ မြှင့်တင်ပေးဖို့ကြိုးစားတဲ့ကဗျာတွေအများကြီးရေးခဲ့လို့ပါပဲ။
ဆရာဇော်ဂျီရဲ့ “ဗေဒါလမ်း” ကဗျာစုဟာ ဆရာဇော်ဂျီကို ဒဿနစာဆိုအဖြစ် အများကသတ်မှတ်ခံရ
လောက်အောင် အခိုင်မာဆုံးသက်သေပြနိုင်တဲ့ ကဗျာဖြစ်ပါတယ်၊။
ဆရာဇော်ဂျီဟာ အသက် (၂၀) မပြည့်ခင်ကတည်းက ကဗျာတွေရေးသားခဲ့ ပါတယ်။
ဆရာဇော်ဂျီဟာ ဗေဒါလမ်းကဗျာစုကို ၁၉၅၇ ခုနှစ်မှာ စတင်ရေးဖွဲ့ခဲ့ပါတယ်။ ပထမဦးဆုံးရေးဖွဲ့တဲ့
ကဗျာဟာ “မယ့်လမ်းပါလား” ကဗျာဖြစ်ပါတယ်။ ဗေဒါလမ်းကဗျာစုပုဒ်ရေ (၄၁) ပုဒ်ကို နှစ်ပေါင်း
(၄၀) ကျော် အချိန်ယူ ရေးဖွဲ့ခဲ့ပါတယ်။ ဒီဗေဒါလမ်းကဗျာစုရဲ့ နောက်ခံကားချပ်များဟာ ဒီရေ
အတက်အကျရှိတဲ့ မြစ်ဝကျွန်းပေါ်ဒေသ ချောင်းရိုး၊ မြောင်းရိုးဒေသဖြစ်ပါတယ်။ “၀မ်းဘဲ”
“ကျူရိုးရှင်” “ဘုတ်မ” “ဂဏန်းမ” “ပုစဉ်းကောင်” “ဗျိုင်းညီနောင်” တို့မှာ ဇာတ်ကောင်များဖြစ်ကြပါတယ်။
“ဗေဒါပန်း” ဟာ အဓိကဇာတ်ကောင်ဖြစ်ပါတယ်။ ဆရာဇော်ဂျီဟာ သူတင်ပြလိုတဲ့ သူ့ဒဿနကို
အဲဒီဇာတ်ဆောင်တွေရဲ့ အကူအညီနဲ့ ထုတ်ဖော်ပြောဆိုပါတယ်။ စာဖတ်သူများက
အဲဒီဇာတ်ဆောင် တွေရဲ့ ပြုမူပြောဆိုလုပ်ကိုင်ပုံကိုကြည့်ပြီး ဇာတ်ဆောင်တဦးချင်းစီရဲ့နောက်က
ကိုယ်စားပြုအနက်ကို နှိုက်ယူကြရပါတယ်။ အဲဒီအခါမှာ စာဖတ်သူများကိုယ်တိုင်က “ဗေဒါလမ်း”
ကဗျာစုထဲက ဇာတ်ဆောင်တွေဖြစ်ကြတဲ့ “ဘုတ်မ” “ဂဏန်းမ” “ကျူရိုးရှင်” တို့ဖြစ်လာခဲ့ကြပြီး
ဒါဟာဖြင့် ဆရာဇော်ဂျီဟာ “ဘုတ်မ” တို့ “ကျူရိုးရှင်” တို့ “ဗေဒါလမ်း” တို့ သက်သက်ကိုသာ ပြောနေတာ
မဟုတ်တော့ဘဲ ငါတို့ကိုပါ ရည်ညွှန်းပြောဆိုနေပါလားဆိုတဲ့ အတွေးအခေါ်တွေ ရလာနိုင်ပါတယ်။
ပုဂ္ဂလဓိဋ္ဌာန်အဆင့်ကနေပြီး ဓမ္မဓိဋ္ဌာန်အဆင့်ကို ကူးပြောင်းလာခဲ့ပါတယ်။ တနည်းအားဖြင့်
ဆရာဇော်ဂျီဟာ သူရွေးချယ်အသုံးပြုတဲ့ ဇာတ်ဆောင်တွေကတဆင့် စာဖတ်သူတွေကို ဒဿနဈာန်
ဝင်ပူးကပ်နိုင်အောင် ကြိုးစားလိုက်တဲ့သဘောပါပဲ။
“ဗေဒါလမ်းကဗျာစု” မှာ “ဗေဒါပန်း” ဟာ အဓိကဇာတ်ဆောင်ဖြစ်ပါတယ်။ ချောင်းရိုး၊ မြောင်းရိုး
တလျှောက်ဟာ “ဗေဒါပန်း” ကျင်လည်ကျက်စားရတဲ့ ၀န်းကျင်ဖြစ်ပါတယ်။ လေပြေလေညင်းအစ
မိုးသက်မုန်တိုင်းအဆုံး၊ အုန်းလက်ကအစ ဘဲအုပ်တရာနှစ်ရာအဆုံး “ဗေဒါပန်း” လေးကို ဒုက္ခ
ပေးခဲ့ကြပါတယ်။ “ဘုတ်မ” “ကျူရိုးရှင်” “ဂဏန်းမ” အစရှိတဲ့ စရိုက်အမျိုးမျိုးရှိတဲ့ ပုဂ္ဂိုလ်များနှင့်လည်း
“ဗေဒါပန်း” လေး ဆက်ဆံရပါတယ်။ အနှစ်ချုပ်လိုက်ရင် “ဗေဒါပန်း” ဟာ လောကဓံတရားရှစ်ပါးနဲ့
ဖွဲ့စည်းထားတဲ့ “ဘ၀တခု” အတွင်းမှာ လူးလာခေါက်တုံ့ သွားနေရသူ ဖြစ်တယ်ဆိုတာနဲ့ အဲဒီလို
ဘ၀မျိုးအတွင်းမှာ “ဗေဒါပန်း” ဟာ ကြံ့ကြံ့ခိုင်ခိုင်၊ ဇွဲရှိရှိ၊ တည်ကြည်ဖြောင့်မှန်တဲ့စိတ်ကို ထားနိုင်ခဲ့
တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ အနှစ်ချုပ်ဒဿနကတော့ “အညံ့မခံ အလံမလှဲ စိတ်ဓာတ်” ဟာ
မှန်တယ်ဆိုတဲ့ ဒဿနပါပဲ။ အဲဒီဒဿနကို ဘယ်လိုမွေးမြူခဲ့တယ်၊ ဘယ်လိုရှာသင့်တယ်ဆိုတဲ့
သင်ခန်းစာကို “ဗေဒါလမ်းကဗျာစု” က အလှပဆုံးပေးလိုက်တာပါပဲ။
ဒီနေရာမှာ အဓိကဇာတ်ဆောင်ဖြစ်တဲ့ “ဗေဒါပန်း” ဟာ ဘ၀ကို ဘယ်လိုတုံ့ပြန် သဘောထားသလဲ
ဆိုတဲ့အချက်က စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူနဲ့ဆက်ဆံရတဲ့ပုဂ္ဂိုလ်တွေအပေါ် သူဘယ်လို
ရှုမြင်ခဲ့သလဲဆိုတဲ့အချက်တွေအပေါ် အရေးကြီးတာတွေ့ရပါတယ်။ အဲဒါကတော့ “သည်းခံခွင့် လွှတ်ခြင်း”
ကိုအခြေခံတဲ့ သိမ်မွေ့မြင့်မားလှတဲ့ မေတ္တာတရားကိုသာ ကိုင်စွဲထားရှိပြီးမှ တုံ့ပြန် ဆက်ဆံသွားခဲ့တဲ့အချက်ဟာ
“အညံ့မခံ အလံမလှဲ” ဆိုတဲ့စိတ်ဓာတ်ထက် ပိုမိုမြင့်မားသိမ်မွေ့ပြီး အဲဒီ “အညံ့မခံ အလံမလှဲ” စိတ်ဓာတ်ကို
ပိုမိုခိုင်မာအားကောင်းစေတဲ့ အခြေခံ အင်္ဂါရပ် ဖြစ်လာစေခဲ့ပါတယ်။ “ဗေဒါပန်း” လေးဟာ ဘ၀ကိုချဉ်းကပ်တဲ့အခါ၊
ဘ၀ကိုသုံးသပ်တဲ့အခါ၊ ဘ၀ကို ကိုင်တွယ်ဖြတ်သန်း တဲ့အခါ အဲဒီအချိုဓာတ်၊ အကြည်ဓာတ်ကို
အခြေခံပြီးမှ ချဉ်းကပ်သုံးသပ် ကိုင်တွယ်ဖြတ်သန်း နိုင်တဲ့အတွက် သူ့အဖို့ “ရှုံး” စရာအကြောင်းမရှိတော့ပါဘူး။
“ဗေဒါပန်း” ဟာ ရှုံးရင်လည်း နိုင်မှာဖြစ်ပြီး နိုင်ရင်လည်း နိုင်နေမှာပါပဲ။ တရားအရကြည့်ရင် “ဗေဒါပန်း”
ဟာ အမြဲတမ်း “ပန်းပန်လျက်” ပဲ ဖြစ်နေတော့မှာ အသေအချာပါပဲ။ ဒါဟာဖြင့် အင်မတန်အဆင့်မြင့်တဲ့
မဟာလူသားဝါဒကို ဆရာ ဇော်ဂျီက “ဗေဒါလမ်းကဗျာစု” ကတဆင့် တင်ပြလိုက်တာပဲဖြစ်ပါတယ်။
ဒီလိုနဲ့ပဲ ဆရာဇော်ဂျီဟာဖြင့် ဒဿနစာဆိုတဦးဖြစ်တယ်ဆိုတဲ့ အဆိုဟာ အခိုင်အမာဖြစ်တော့တာပါပဲ။
ကျနော်တို့ဟာ ပုထုဇဉ်တွေဖြစ်ကြပါတယ်။ ပုထုဇဉ်ဖြစ်တဲ့အတွက် ပုထုဇဉ်လိုတွေးတော၊ ကြံစည်
၊ နေထိုင်၊ လုပ်ကိုင်ရင်း ဘ၀တခုတည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ
သူလိုကိုယ်လို သာမန်ပုထုဇဉ် လူတယောက်အဖြစ်နဲ့တော့ ဘ၀ကို မတည်ဆောက်ချင်ဘူးဆိုရင်
ဘ၀နဲ့ပတ်သက်ပြီး အဆင့်မြင့်ဒဿနတခုခုကို ကိုင်စွဲကြရပါလိမ့်မယ်။ အဲဒီဒဿနကိုကိုင်စွဲပြီးမှ
လမ်းလျှောက်ကြရပါလိမ့်မယ်။“ဗေဒါလမ်း” ဟာ ဆရာဇော်ဂျီခင်းပေးလိုက်တဲ့ လမ်းပါပဲ။
ကျနော်တို့ဟာ သာမန်လူတွေထက် ပိုမိုမြင့်မားထက်မြက်တဲ့ လူသားတဦးအဖြစ်
ရပ်တည်ချင်တယ်ဆိုရင်တော့ ဆရာဇော်ဂျီရဲ့ အဲဒီ “ဗေဒါလမ်း” အတိုင်း ကျနော်တို့တတွေ
လမ်းဆက်လျှောက်ကြရပါလိမ့်မယ်။ ။
ဆရာဇော်ဂျီကို ၁၉၀၇ ခုနှစ် ဧပြီလ ၁၂ရတ်နေ့ တွင် အဖ ဦးယော၊အမီဒေါ်စိန်ညွန့်  တို့ မှ
ဖျာပုံမြီု့ တွင် ဖွားမြင့် ပါသည်၊။အမည်ရင်းမှာ ဦသိန်းဟန်ဖြစ်ပြီး၊မွေးချင်း (၉)ယောတ်ထဲမှ
အကြီးဆုံးသာဦးဖြစ်သည်၊။ဘုန်တော်ကြီးကျောင်း ၊မြန်မာကျောင်းနှင့်  ဖျာပုံမြီု့ ရှိ
အဂ်လိပ် မြန်မာ အစိုးရအထတ်တန်ကျောင်းတွင် (၇)တန်းထိပညာသင်ကြားခဲ့ သည်၊။
၁၉၂၀ ရန်ကုန်တက္ကသိုလ် ပထမ သပိတ်ကြီးပေါ်ပေါတ်လာသောအခါ ဖျာပုံ အမျိုးသားကျောင်းသို့ 
့ပြောင်းရွှေ့ ပညာသင်ကြားခဲ့ သည်။၁၉၂၄တွင် ရန်ကုန်မြို့  အထောတ်အပံခံ မြို့ မအထတ်တန်ကျောင်းတွင်
(၁၁)တန်းအောင်မြင်ခဲ့ သည်။၁၉၃၆ တွင် အင်္ဂလိပ် မြန်မာ(၂)ဘာသာဖြင် ရန်ကုန် တက္ကသိုလ်တွင်
မဟာဝိ ဇ္ဇာ ဘွဲကိုရရှိခဲပြီး ၁၉၃၈တွင်စာကြည့် တိုတ်ပညာကို ပညာတော်သင်အဖြစ်လန်ဒန်တွင် ပညာသင်ယူ
ခဲ့ပြီး ၁၉၄၀တွင် စာကြည်တိုတ်ီးပလိုမာ ရရှိခဲ့ ပါတယ်၊။၁၉၄၁ တွင်ဦးဆန်း။ဒေါ်နှင်းဇင်တို့ ရဲ သမီး
ရန်ကုန်မြို့ မ အမျိုးသမီးကျောင်း အထတ်တန်းဆရာမ ဒေါ်စောရင် ဘီ. အေ၊၊ ဘီ..အီး.. ဒီ
နှင့် လက်ထပ်ခဲ့ သည်။
ဆရာဟာနိုင်ငံတော်ကပေးအပ်တဲ့ တာဝန်တွေထမ်ဆောင်းရင်၊၀ဏကျော်ထင်၊သီရိပျံချီ စသည်ဘွဲ့ များ
ချီှးမြှင့် ခံရသည်။ရှေခေတ်ကဗျာစာစုနှင့်  အခြားကဗျာများစာအုပ်ဖြင့်  အမျိုးသားစာပေဆုကို ရရှိခဲ့ သည်။
၁၉၉၀ စတ်တင်ဘာလ ၂၆ရတ်နေ့ တွင် ဆရာဇော်ဂျီ ကွယ်လွန်ခဲ့ ပါတယ်။
သူငယ်ချင်းအာလုံပျော်ရွှင်ပါစေ
mraungmintun