ms - ` ဒီတခါပိတောက်တွေပွင့်ခဲ့ရင် ´
**********************************
= အမှန်အတိုင်းပြောရရင် ပိတောက်တို့ ၊ သင်္ကြန်တို့နဲ့ပတ်သက်ပြီတော့မရေးချင်ခဲ့ဘူး ။ ဘာဖြစ်လို့လဲဆို
တော့ ခံစားခဲ့ရတဲ့ဝေဒနာတွေကို အသစ်ပြန်မဖြစ်စေချင်လို့လေ ။ ဒါပေမဲ့ အမှတ်မထင်ပဲကျွန်တော့်ရဲ့
ဒိုင်ယာရီစာအုပ်အဟောင်းကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ အခုဖတ်နေတဲ့ ´ ဒီတခါပိတောက်တွေပွင့်ခဲ့ရင်
´ ဆိုတဲ့ ၀တ္တုတိုလေးတပုဒ်ဖြစ်လာခဲ့တော့တာပေါ့ . . . ။
( mssk )
` ရိုက် မလွတ်စေနဲ့ အဲဒီကောင်ကိုဝိုင်းရိုက်ပစ်လိုက် ´
နောက်ကလူတအုပ်က ကျွန်တော့်ကိုအသဲအသန်လိုက်နေကြတယ် ။ တကယ်လို့များဒီလူအုပ်ထဲသာ
ကျွန်တော်ရောက်သွားခဲ့ရင် တစစီဖြစ်သွားမလားပဲ ။ နောက်ဆုံးကြံရာမရတာနဲ့ အခုပဲမောင်းထွက်တော့မဲ့
ကားလှလှလေးတစီးရဲ့ရှေ့ခန်းတံခါးကို ဇွတ်ဖွင့်ဝင်ထိုင်လိုက်ပြီး -
` မောင်း မင်းဒီနေရာကနေအမြန်မောင်းလိုက်တော့ ´
ကျွန်တော့်ကိုအထိပ့်တလန့်နဲ့ကြည့်နေတဲ့ ကောင်မလေးကိုအော်ပြီပြောလိုက်တယ် ။
` ဘာ ဘာတွေဖြစ် .... ´
` မင်းငါ့ကိုဘာမှပြန်မမေးနဲ့ ဟိုမှာမင်းမြင်လား ငါ့နောက်ကိုလိုက်လာကြတဲ့လူတွေ ´
ကျွန်တော်ပြောလိုက်တဲ့စကားအဆုံးမှာ သူကလဲအထိပ်တလန့်နဲ့မောင်းထွက်လိုက်တယ် ။ ပြီးတော့
ကျွန်တော့်ကိုကြည့်ပြီ -
` ရှင်ဘာဖြစ်လာတာလဲ ရှင်ကလူကောင်းရောဟုတ်ရဲ့လား ´
` ဘာဗျ ဘာလို့လူကောင်းမဟုတ်ရမှာလဲ မယုံရင်ကျွန်တော့်မှတ်ပုံတင်နံဖတ်မှတ်ထားလိုက် ´
ကျွန်တော်ပြောလိုက်တဲ့စကားကြောင့် သူမတချက်ပြုံးလိုက်ရင်း -
` ရှင့်ကိုကြည့်ရတာ ဇွတ်လုပ်တတ်တဲ့ပုံပဲနော် အခုလဲဘာတွေဖြစ်လာခဲ့တာလဲ ပြောပြနိင်မယ်ဆို
ရင်ပေါ့ ´
` ဘာဖြစ်ရမှာလဲဗျ သီချင်းဆိုနေတဲ့ကောင်မလေးကို စင်ပေါ်တတ်ပြီနမ်းခဲ့လို့ ´
` ဘာရှင့် ´
ကျွန်တော့်စကားကြောင့် တခါမှမကြားဖူးတဲ့စကားတခွန်းကိုကြားလိုက်ရသလိုမျိုး မျက်လုံးလေးပြူးပြီ
ထပ်မေးတယ် ။
` ဟုတ်တယ်လေ သူစင်ပေါ်တတ်ပြီ သီချင်းစမဆိုခင်ကထဲကသူ့ခေါင်းပေါ်မှာပန်ထားတဲ့ပိတောက်
ပန်းခတ်ကလေးကိုရိုးရိုးသားသားတောင်းတာမပေးဘူးလေ အဲဒါကြောင့်အမြင်ကပ်ပြီတတ်နမ်းပစ်လိုက်တာ ´
` ရှင်က အလိုလုပ်စရာလား သူများသားသမီးကို ဟိုလူတွေကရှင့်ကိုရိုက်ချင်တာလဲမပြောနဲ့ ကဲ
အခုဘယ်ကိုပို့ပေးရမလဲ ´
` မင်းအိမ်ကိုပဲမောင်း ´
` ဘာရှင့် ´
မျက်လုံးဝိုင်းဝိုင်းလေးနဲ့ လူကိုပဲကြည့်ပြီအော်နေတဲ့သူမကို အခုမှပဲကျွန်တော်သေချာကြည့်မိ့လိုက်
တယ် ။ ဟုတ်တယ်သူအရမ်းလှတယ် ။လူစဖြစ်ကထဲက သူနဲ့တွေ့ခွင့်မရခဲ့တာ နောင်တရမိ့လိုက်သလိုပဲ ။
` မဟုတ်ဘူးလေကွာ ငါကဘယ်နေရာမှာပဲဆင်းဆင်းရတယ် မင်းအိမ်ကိုမောင်းတော့ ငါလဲသိ့ရတာ
ပေါ့ကွ ဒါနဲ့ မင်းခေါင်းမှာပန်ထားတဲ့ပိတောက်ပန်းခတ်ကလေး ငါ့ကိုပေးခဲ့ပါလား ´
` ဘာရှင့် ´
ကျွန်တော့်စကားကြောင့်ကိုယ်လေးကိုတဖတ်ယိမ်းသွားပြီး ထပ်အော်ပါသေးတယ် ။ ဘာကြောင့်များ
လူကိုကြည့်ပြီဒီလောက်အော်ချင်နေ၇တာလဲမသိ့ ။
` မရပါဘူး မပေးဘူး ဒီကသူ့ကိုလဲကူညီရသေးတယ် တော်ပြီဒီနေရာကပဲဆင်းနေခဲ့တော့ ´
` မပေးရင်ငါဘာလုပ်တတ်တယ်ဆိုတာ မင်းသိ့ပါတယ် ´
သူ့ပါးလေးနှစ်ဖတ်ကိုလက်ဖ၀ါးလေးနဲ့အမြန်အုပ်လိုက်ပြီ ` ရှင်နော် ´ လို့အထိပ်တလန့်နဲ့ပြန်အော်
လိုက်တဲ့သူ့ရဲ့ဟန်ကြောင့် ကျွန်တော်တချက်ပြုံးလိုက်ရင်း -
` မင်းကအရမ်းစလို့ကောင်းတာပဲကွ အင်းးးး အခုတော့ဘာမှမလုပ်သေးပါဘူး နောက်တော့မှ .. ´
ကျွန်တော်စကားကိုတ၀က်တပြတ်ချန်ထားခဲ့ပြီ သူမရဲ့ကားပေါ်ကနေဆင်းလိုက်တယ် ။ သင်္ကြန်မိုး
ပြေးလေးနဲ့ အစွမ်းကုန်အလှချင်းပြိုင်ပြီပွင့်ဖူးနေတဲ့ပန်းပိတောက်တွေထဲမှာ ဒီတပွင့်လောက်လှပါ့မလား ။
သုံးရာသီစာသန္တေတည်နေခဲ့တဲ့ ပိတောက်ပင်ခြေရဲ့ဇစ်မြတ်ကတော့ စွတ်ဖျန်းလာတဲ့မိုးလေပြေကိုသောက်
သုံးပြီ ပန်းပိတောက်တွေဖူးပွင့်ဖို့ဆို တသက်စာလုံးနဲ့သန္တေတည်နေခဲ့တဲ့ ကျွန်တော့်ရဲ့ချစ်တတ်ခြင်းတွေ
ကတော့ သူမရဲ့ပါးတဖတ်ဆီတိုင်းမှာ အနမ်းကြွေးတွေကျန်နေခဲ့တာပါပဲ ။
******************************* ( 2 ) ***********************************
` မလုပ်နဲ့ ရှင်မလုပ်နဲ့တော့တော်ပြီ ကြည့်ဦးခေါင်းမှာလဲသွေးတွေနဲ့ ရှင်ဘာဖြစ်လို့အဲလိုမဟုတ်တာ
တွေလုပ်ချင်နေရတာလဲ ´
` ဟ ငါကဘာမဟုတ်တာမှလုပ်နေတာမဟုတ်ဘူးကွ ငါပြောလိုက်တာအမှန်တရား ဒီကောင်တွေက
သာ ငါ့သူငယ်ချင်းကိုမတူသလိုဆက်ဆံလိုက်တာ အဲဒါမင်းသိ့လား ´
` ဘာမှရှင်မဟုတ်တာတွေမပြောနဲ့ ကျွန်မကားပေါ်ကနေလှမ်းတွေ့လိုက်တယ် ရှင်ကပဲပထမဆုံးသူ
တို့ကို ရန်စလိုက်တာမဟုတ်လား ´
ကျွန်တော့်ကိုကြည့်လို့ ၀ါဂွမ်းတလွင့်သွားအောင် လေသံထွက်ပြီပြောနေတဲ့သူမကို -
` မဟုတ်ဘူး မင်းအထင်မှားနေတာ ငါ့သူငယ်ချင်းကဟိုကောင်တွေအုပ်ဟုထဲကကောင်တကောင်ရဲ့
ညီမကိုကြိုက်တယ် အဲဒါကိုသူ့ညိမနဲ့တန်လားဆိုပြီပြောလွတ်လိုက်လို့ ငါကဖြေရှင်းပေးတာ ငါမေးလိုက်တာ
စကားတခွန်းပဲ ´
` လုပ်စမ်းပါအုံး ရှင်ကဘာမေးလိုက်တာလဲ ´
` မင်းညီမက အပျိုဟုတ်တယ်မို့လားလို့ ´
ကျွန်တော့်ရဲ့စကားကြောင့် -
` ရှင်ကအဲဒါပဲ ရှင်ကအဲလိုသွားမေးလိုက်တော့ဟိုကဒေါသထွက်ပြီပေါ့ ပြီတော့ရန်ဖြစ်ကြတယ် ကဲ
ရှင့်အတွက်ဘာကောင်းလဲ ဘာတွေအကျိုးရှိသွားလဲ ´
` မဟုတ်ဘူးကွာ ကိုယ်မေးတာကရှင်းရှင်းလေး သူညီမကလဲအပျို ကိုယ့်သူငယ်ချင်းကလဲလူပျိုဆို
တာသူသိ့ရင် လူငယ်တို့သဘာဝအတိုင်း လွတ်လပ်စွာနဲ့ချစ်ခွင့်ပေးနိင်ရမယ်လေ ကိုယ်ကအမှန်တရားကိုပဲ
ကြိုက်တာ ´
` မဟုတ်သေးပါဘူး အမှန်တရားဆိုတာဘယ်တော့မှတသက်မှတ်ထဲမရှိဘူးရှင့် အဲဒါရှင်သိ့ရဲ့လား
ရှင့်ဘတ်ကမှန်တယ်ထင်နေပေမဲ့ သူဘတ်ကကြည့်ရင်မှားရင်မှားနေမှာပေါ့ ကဲပါ ရှင့်ခေါင်းကဒဏ်ရာကို
ဆေးထည့်ရအောင် ´
ကျွန်တော့်ခေါင်းကဒဏ်ရာကိုဆေးထည့်ပေးရင်နဲ့လဲ သူမရဲ့ပါးစပ်ကဘာတွေမှန်းမသိ့အောင်တတွတ်
တွတ်ပြောလို့နေပါသေးတယ် ။
` ကျွန်မကလဲနော် ရှင့်လိုဂျစ်ကန်ကန်ပေါတောတောအရူးကိုမှ ဘာဖြစ်လို့ဆင်းကူနေရလဲမသိ့ဘူး
မမြင်ချင်ယောင်ဆောင်ပြီ ကားကိုဆက်မောင်းသွားခဲ့ရင်အကောင်းသား ပြီတော့ ကိုယ်ပြောတဲ့စေသနာ
ကိုလဲနားလည်ပေးတာမဟုတ်ဘူး ´
ဆူပွတ်နေတဲ့ရေနွေးအိုးပေါ်ကအဖုံးလေးလို တဂွတ်ဂွတ်လှုပ်ခတ်နေတဲ့သူ့နှုတ်ခမ်းလေးကိုကြည့်ပြီ
ကျွန်တော်ရဲ့နှုတ်ခမ်းတွေလဲမနေတတ်မထိုင်တတ်ဖြစ်သွားခဲ့တာပေါ့ ။ ကျွန်တော့်ရဲ့ရင်ခုန်သံတွေမြန်သွား
အောင်လဲ သူ့ရဲ့ခတ်နွေးနွေးကိုယ်ရနံ့လေးနဲ့ နုညံ့စွာတို့ထိ့နေတဲ့သူ့လက်ချောင်းလေးတွေက မြူဆွယ်နေ
တယ်လေ ။ ပြီတော့ တင်း၇င်းဖောင်းကြွနေတဲ့ပါးပြင်ဖွေးဖွေးလေး ။ နဖူး ၊ လည်တိုင် ၊ နှာတံဖျား ၊ ဘယ်
ဘတ်နထင်ဘေးမှာ၇ှိနေတဲ့ မှဲ့နီလေးတလုံး ၊ နှင်းဆီဖူးလေးလိုဖူးငုံနေတဲ့နှုတ်ခမ်းလွာ ။ ဟုတ်တယ် ဒီအ၇ာ
တွေအားလုံးက သဘာဝတွင်းထွက်ပစ္စည်းလေးတွေကို ကျွန်တော့်ရှေ့မှာစုပုံချပြထားသလိုပါပဲ ။ သူရဲ့ဦး
ခေါင်းထက်မှာပန်ဆင်ထားတဲ့ပိတောက်ဝါ၀ါလေးတခတ်နဲ့ သင်္ကြန်ရေနဲ့ထုဆစ်ထားတဲ့သူမရဲ့ ပကတိခန္ဒာလှ
လှလေးကို ကျွန်တော်တစူးတစိုက်မကြည့်မိ့အောင်မျက်ကွယ်ပြုထားခဲ့တာတောင် ကျွန်တော့်ရဲ့ရင်ခုန်သံတွေ
အလိုက်ကမ်းဆိုးမသိ့အောင် သောင်းကြမ်းပုန်ကန်လာမိ့တဲ့အချိန်မှာတော့ -
` ငါ ငါလေ မင်းကိုချစ်နေမိ့ပြီထင်တယ် ´
ရုတ်တရက်ပြောချလိုက်တဲ့ ကျွန်တော်ရဲ့စကားသံကြောင့် -
` နေပါအုံး ရှင်ကျွန်မကိုအထင်သေးနေတာလား အခုကျွန်မရှင့်ကိုကူညီပေးနေတယ်ဆိုတာက လူ
သားချင်းစာနာသနားစိတ်ကလေးနဲ့ ကျွန်မဘတ်ကတတ်နိင်သလောက်ကူညီပေးလိုက်တာ ဒါကိုတော့ရှင်
ဘတ်ကရိုးသားသင့်ပါတယ် ´
လက်တကမ်းအလိုမှာအစွမ်းကုန်ပွင့်နေတာသိ့ရက်နဲ့ တုန့်ပြန်လာတဲ့ပန်းရနံ့ရဲ့မွှေးပျံမှု့တွေက တစိမ်း
ဆန်လွန်းနေတယ်ဆိုတာ အခုမှပဲကျွန်တော်သိ့ခွင့်ရလိုက်တယ် ။ စောစောကသွေးရင့်ရင့်ပျော်ရွှင်မှု့တွေကလဲ
တခဏအတွင်းမှာပဲအရောင်တွေလွင့်ပျယ်သွားလိုက်တာ ဘယ်ဆီမှာလဲမသိ့တော့ဘူးပေါ့ ။
` မ မဟုတ်ပါဘူး ငါဘယ်သူ့ကိုမှလဲအလွယ်တကူမချစ်တတ်ခဲ့ဘူး မင်းကိုလဲအဲဒီလိုသက်မှတ်မထား
ခဲ့ဘူး အခုဟာကငါကိုယ်တိုင်တောင်ကြိုတင်ကြံဆမှု့မရှိပဲ ရုတ်တရက်ချစ်မိ့သွားခဲ့တာ အဲဒါကိုလဲလေးနက်မှု့
မရှိဘူးလို့တော့မင်းမထင်ပါနဲ့ တခါတခါကြရင်အချစ်ကအဲဒီလိုပဲ ကိုယ်တိုင်မရှာပေမဲ့ သူ့ဘာသာတွေ့ခွင့်
ရလိုက်တာလဲရှိတတ်ပါတယ် ´
သူမကကျေနပ်သလိုပြုံးပြလိုက်ရင်း မသိ့မသာသူရဲ့လက်တွေကိုရုတ်သိမ်းသွားတဲ့အချိန်မှာတော့
ယောကျာင်္းတယောက်ရဲ့သိက္ခာက အနည်းငယ်တော့သိမ်ငယ်သွားခဲ့ရတာပေါ့ ။
` ရှင်သိ့လား ကျွန်မကဘ၀က်ုတန်ဖိုးထားတယ် အချစ်တခုထဲနဲ့ကိုယ်ရည်မှန်းထားခဲ့တဲ့အရာတွေ
လွဲမှားသွားမှာကိုအရမ်းကြောက်တယ် ပြီးတော့ ရှင့်ရဲ့လူငယ်တယောက်ရဲ့စရိုက်တွေကိုကျွန်မနားလည်ပေး
လို့ရပေမဲ့ ကောင်းမွန်တဲ့ဘ၀တခုဖြစ်လာဖို့အတွက် ရှင့်ဘတ်ကအများကြီးပြုပြင်စရာတွေရှိနေသေးတယ်
ဒါကို မရင့်ကျက်သေးလို့လို့တော့ပြောလို့မရဘူးနော် လူတယောက်ရင့်ကျက်သွားတယ်ဆိုတာ အသက်
အရွယ်ကြီးရင့်သွားတာတခုထဲနဲ့မလုံလောက်သေးဘူး ကျွန်မကရှင့်ကိုကျွန်မလိုပဲဘ၀ကိုတန်ဖိုးထားစေချင်
တယ်လေ မကြာခင်မှာတခြားနိင်ငံကိုသွားပြီကျွန်မကျောင်းတတ်ရတော့မယ် ဒါကြောင့်ရှင့်ကိုဘာမျှော်လင့်
ချက်တွေမှပေးမသွားချင်ဘူးလေ ကျွန်မပြန်လာတဲ့အချိန်မှာတော့ ဘ၀ကိုတန်ဖိုးထားတတ်တဲလူတယောက်
အဖြစ်နဲ့ကျွန်မပြန်တွေ့ချင်ပါသေးတယ် ကဲ ကျွန်မသွားတော့မယ်နော် ရှင့်ကိုကျွန်မတခါထဲနှုတ်ဆက်ခဲ့ပါ
တယ် ရော့ ဒါကကျွန်မရဲ့လက်ဆောင်ပေါ့ ´
ကျွန်တော့်ရဲ့နားစည်ဝကိုတို့ထိ့လာတဲ့စကားသံတွေက ညင်သာသလောက် ငိုချင်နေတဲ့ကျွန်တော့်
ရဲ့စိတ်အားငယ်မှု့တွေကိုလဲ မျက်ရည်အဖြစ်´ ဖျောက် ´ ခနဲ့ဖန်စင်ပေးလိုက်တာပေါ့ ။ လက်ထဲမှာအသက်မဲ့
စွာဆုတ်ကိုင်းထားတဲ့ သူမရဲ့ပိတောက်ပန်းခတ်ကလေးကိုပဲ ချစ်သူရဲ့ပါးတစုံအဖြစ်အသက်သွင်းပြီ နမ်း
ရိုက်လိုက်ယုံနဲ့ပဲ ကျေနပ်လိုက်ရတဲ့ကျွန်တော့်ရဲ့နှစ်ဦးက ဘယ်လောက်များအထီးကျန်ဆန်လိုက်သလဲလို့ ။
ဘယ်မှာလဲပင်ပျိုပိတောက်ရဲ့လှပမှု့ ဘယ်မှာလဲတူပို့အသံတွေနဲ့လှိုက်မောစေတဲ့သင်္ကြန်ရဲ့အရသာ ။ ငွေဖ
လားလဲမသိ့ဘူး ။ ရွှေဥသြလဲမရှိတော့ဘူး ။
နောက်ဆုံးတော့ ပြန်လာမှာပဲဆိုတဲ့မျှော်လင့်ချက်တွေနဲ့ ရှာပုံတော်ဖွင့်နေခဲ့ရတဲ့ကျွန်တော့်ရဲ့အဖြစ်
တွေကိုလူတွေမသိ့အောင် စာအုပ်လေးထဲမှာပဲပိတောက်ပန်းခတ်လေးအတူမြုပ်နှံပစ်ခဲ့တယ်လေ ။
ဟော . . . .
ဒီတနှစ်လဲ သင်္ကြန်ရောက်ခဲ့ပြန်ပြီပေါ့ ။ ကျလုဆဲဆဲကျွန်တော့်ရဲ့မျက်ရည်တွေကိုအံတင်းခံရင်း
ပိတောက်အနွမ်းလေးကို ကျွန်တော်တချက်နမ်းရှိုက်လိုက်တယ် ။ နောက်ဆုံးတော့လဲ အလွမ်းဝန်ကိုမထမ်း
နိင်တဲ့အဆုံးမှာပဲ မျ က် ရ ည် တေ ပါ က် က လွ င့်  က နဲ့  . . . ။ ။
= နှလုံးသားဖြင့်ရင်း၍ - မင်းဆက်ဆက်ခ
( ၁၀.၄ .၁၂ )