မနက်ကျတော့ အမေက သက်ကို လာ၍ နိုးရ၏။ ထို့ကြောင့် မဖွင့်ချင်းသေးသော မျက်ခွံများကို အတင်းဆွဲဖွင့်ရင်း အိမ်အောက်သို့ ဆင်းလာသည်။ မောင်ကတော့ သက်၏ မိဘများနဲ့ စကားကောင်းလျှက်ပင်။
သက်က မောင့်ကို လက်ဟန်ခြေဟန်ဖြင့် သွားတိုက် မျက်နှာသစ်အုံးမည့်အကြောင်း အချက်ပြ၏။ သက်ကို မောင်က ပြုံးပြလျှက် ခေါင်းညိတ်၏။
သက်မျက်နှာသစ် အလှပြင်ပြီးတော့ နံနက်ကိုးနာရီ တီးခါနီးပြီ။ ကိုယ့်ချစ်သူနဲ့ အပြင်ထွက် ဈေးဝယ်သွားရမှာမို့ အလှကို အစွမ်းကုန် ပြင်ထားခြင်းပင်။ ပြင်ဆင်ပြီးနောက် နာရီကို ကြည့်ကာ နောက်ကျနေသဖြင့် ဧည့်ခန်းသို့ အမြန်ပြေးဆင်းလာရ၏။
သက် ၀င်သွားတော့ ဧည့်ခန်းထဲမှာ မောင်တစ်ယောက်တည်း ကျန်နေခဲ့၏။ သက်၏ အဖေမှာ နံနက်ကိုးနာရီဆို ရုံးသို့ အချိန်မှီသွားရသဖြင့် မောင်တစ်ယောက်တည်း ကျန်နေခဲ့ခြင်းပင်။ သက်၏ အမေကလည်း ခုချိန်လောက်ဆို မောင်ပြန်လာသည့် အထိမ်းအမှတ်ဖြင့် ကိုယ်တိုင် ၀င်ရောက် ချက်ပြုတ်နေလောက်ပြီ။
သက်က မောင့်ကို “သွားကြမယ်...မောင်” ဟုပြောလိုက်ရာ အမေက ကြားသွားပြီး မီးဖိုချောင်ထဲက လှမ်းသတိပေး၏။
“သားနဲ့ သမီးတို့ ထမင်းစားချိန်မှီအောင် ပြန်ခဲ့နော်
အမေ.... ဒီမှာ ချက်ထားတယ်”
သားဟု အမေ၏ အသံကြားရသဖြင့် မောင်က ပြုံးနေလေ၏။ သက်က မျက်စောင်းလှမ်းထိုးလိုက်ရာ မောင်က တဟားစား အော်ရယ်ရင်း...
“ဟုတ်ကဲပါ... အမေ
သားတို့ အမှီ ပြန်လာခဲ့ပေါ့မယ်” ဟု ပြန်ဖြေလေ၏။
ထို့နောက် သက်တို့နှစ်ယောက်သား အိမ်ထဲမှ ထွက်ခွာလာခဲ့၏။ အိမ်ရှေ့မှာ ရပ်ထားသော မောင့်ဆိုင်ကယ်ပေါ်သို့ မောင်က အရင် အရှေ့မှ ထိုင်၏။ ပြီးလျှင် သက်ကို နောက်မှ ထိုင်ခိုင်းပြီး ခါးကို ဖက်စေ၏။ သက်က စချင်စိတ်ဖြင့် ခေါင်းခါပြရာ မောင်က စိတ်မကောင်းဟန် ပြလေ၏။ ထိုတော့မှ မောင့်အလိုကျ သက်က ခါးကို ဖက်လေသည်။ သက်က ခါးကို ဖက်လိုက်မှ မောင်ပြုံးလာကာ ဆိုင်ကယ်ကို လမ်းပေါ်သို့ ဦးတည်မောင်းနှင်လေတော့သည်။
သက်တို့ စီးလာသော ဆိုင်ကယ်သည် ကမ်းနားလမ်းကို ဖြတ်သန်းလာသဖြင့် သင်္ကြန်မဏ္ဍပ်များအသီးသီးကို ဖြတ်ကျော်လာ၏။ ထိုအချိန်၌ သက်က မောင့်ခါးကို ဖက်ထားရင်း
“သင်္ကြန်ရောက်ခါနီးပြီ..မောင်
ဒီနှစ် သက်တို့နှစ်ယောက် ရေပက်ခံထွက်ကြမယ်နော်”
သက်အပြောကို မောင်က ပြန်လည် မတုံ့ပြန်ဘဲ ငြိမ်သက်နေလေ၏။ မောင် ဘာဖြစ်လို့များ ငြိမ်သက်သွားလဲဟု သက် အဖြေရှာနေမိသည်။ မောင့်အကြောင်း ငယ်ငယ်လေးတည်းက ခရေစေ့တွင်းကျ သိနေခဲ့သူမို့ သက်ကြာကြာ မစဉ်းစားလိုက်ရ။ သက် သိလိုက်ရပါသည်။ ထိုသို့ မောင်ငြိမ်သက်နေရခြင်းမှာ သင်္ကြန်ရက်၌ ရေပက်ခံထွက်လိုက်တိုင်း မောင်နှင့် ဆက်နွယ်သော သွေးရင်းသားရင်းများ ကံဆိုးတတ်သောကြောင့်ပင်။
ပြောပြရလျှင် မောင် ၁၆နှစ်သားလောက်က ဆယ်တန်းစာမေးပွဲ ပြီးဆုံး၍ သင်္ကြန်လည်ခွင့် ရခဲ့၏။ မောင်တို့အဖွဲ့ လေးရက်စလုံး အပျော်ကြီးပျော်ဖို့ စီစဉ်ထားသည့်အတိုင်း အောင်မြင်ခဲ့ပါသည်။ သို့သော် လေးရက်မြောက် အပျာ်များဖြင့် ညနေပိုင်း အိမ်ပြန်လာသော မောင်သည် အိမ်သို့ ရောက်ရောက်ချင်း သတင်းဆိုးက ဆီးကြိုနေ၏။ ယင်းမှာ မောင့်အမေ နေ့လည် နှစ်နာရီလောက်က နှလုံးရောဂါထဖောက်ကာ ရုတ်တရက် ဆုံးပါးသွားခြင်းပင်။ မောင့်မှာ မောင့်အမေအသက်ကိုပင် မမှီလိုက်ရ။ ထိုကိစ္စကြောင့် မောင့်မှာ ယူကျုံးမရဖြစ်ကာ ဆယ်တန်းအောင်၍ ဒီနှစ်လုံးပါတာကိုပင် ၀မ်းမသာနိုင်ခဲ့။
အဲ့ဒီကိစ္စတင်ပဲလားဆိုတော့လည်း မဟုတ်ပါ။ မောင့်အမေ မရှိတော့၍ မောင်တို့ သားအဖနှစ်ယောက် လောကဓံကို ငြိမ်းချမ်းစွာဖြင့် ဖြတ်သန်းနေတုန်းမှာပင် တဖန် ကံဆိုးပြန်သည်။ ထိုကံဆိုးသော အချိန်မှာလည်း မောင်တို့ အင်ဂျင်နီယာ ကျောင်းဆင်း၍ သူငယ်ချင်းများနှင့် အမှတ်တရ လည်ခဲ့သော သင်္ကြန်နောက်ဆုံးနေ့၌ပင်။ ဖြစ်ပုံမှာ မောင့်အဖေမှာ အငှားကားမောင်းသူဖြစ်ရာ သင်္ကြန်အတွင်း ချောင်းသာသို့ ရေပက်ခံခရီးထွက်သူများအတွက် လိုက်မောင်းပို့ရ၏။ ထိုအချိန်ကား သင်္ကြန်ရက်၏ နောက်ဆုံးနေ့ဖြစ်သော သင်္ကြန်အတက်နေ့၌ပင်။ ထိုသို့ မောင့်အဖေလိုက်ပို့ရင်း အပြန်လမ်း၌ ချောင်းသာအပြန်လမ်း၌ မမျှော်လင့်ဘဲ ကားမှောက်ကာ ဆုံးပါးသွားလေသည်။ တိုက်ဆိုင်မှုကလည်း ကြောက်ခမန်းလိလိပင်။ သို့ဖြစ်၍ မိသားစုထဲမှာ မောင်တစ်ယောက်တည်းသာ ကျန်ခဲ့တော့၏။
မောင့်မှာ ၀မ်းနည်းစိတ်ဖြင့် မနေတတ်မထိုင်တတ်ဖြစ်နေတုန်းမှာပင် မောင့်ဦးလေးဆိုသူက ရောက်ရှိလာပြီး အားပေးနှစ်သိမ့်ကာ ကူညီပေးခဲ့၏။ မောင် အင်ဂျင်နီယာဘွဲ့ ရရှိပြီး စင်္ကာပူ၌ အလုပ်အကိုင် ရရှိခဲ့တာကလည်း ထိုဦးလေး၏ ကျေးဇူးပင်။ ယခုကား သုံးနှစ်သုံးမိုး ငွေစုပြီး ငယ်ချစ်ဖြစ်သော သက်နှင့် လက်ထပ်ဖို့ အမိမြေသို့ မောင်ပြန်လာခြင်း ဖြစ်၏။
စကားများသောမောင် တိတ်ဆိတ်နေသောအခါ ကျောက်ရုပ်သဏ္ဍန်အလား ထင်မိ၏။ သက် ဈေးဝယ်ပြီးသွားသည် အထိ မောင်က ငြိမ်သက်မြဲ။ ထို့ကြောင့် သက်က မောင်ပျော်သွားအောင် စရ၊ နောက်ရ၏။ ထိုတော့မှ မောင်က အားနာဟန်ဖြင့် သက်ကို ပြုံးပြရှာသည်။ သက်အတွက် မောင့်အပြုံးက အသက်မပါသော ဟန်ဆောင်ပြုံးမှန်း သိသာလွန်းသည်။
ထို့နောက် သက်က မောင့်ကို ထမင်းစားချိန်နီးပြီဖြစ်ကြောင်း လက်မှ နာရီကို ပြ၏။ မောင်က သိဟန်ဖြင့် ခေါင်းကို ညိတ်ကာ ဆိုင်ကယ်ပေါ်သို့ ပစ္စည်းနဲ့ သက်ကို မျှအောင် တင်ပြီး အိမ်ဘက်သို့ ဦးတည် မောင်းလေသည်။
အိမ်ကို ပြန်ရောက်တော့ ထမင်းစားပွဲ၌ အသင့်ပြင်ထားသော ထမင်းပွဲ ဟင်းပွဲများ အုပ်ဆောင်းဖြင့် အုပ်ထားပုံကို တွေ့ရ၏။ သက်အဖေကလည်း မိသားစု ထမင်းစားပွဲသို့ ပြန်ရောက်နေလေသည်။ ထမင်းစားပြီးရင်တော့ အဖေ ရုံးသို့ ပြန်သွားရအုံးမည်။ သက်တို့ မိသားစု ထမင်းစားပွဲ၌ စည်းကမ်းတစ်ခုရှိ၏။ ထိုစည်ကမ်းက မည်သူ ဘယ်လောက်ပဲ ဘိုက်ဆာနေပါစေ မိသားစုစုံညီအောင် စောင့်ပြီးမှသာ ထမင်းပွဲစတတ်၏။ အခုတော့ သက်တို့ ပြန်ရောက်လာ၍ လူစုံတက်စုံဖြစ်ကာ ထမင်းဝိုင်းမှ ဇွန်းသံ ခက်ရင်းသံများ စကားသံများဖြင့် စည်းကားနေလေသည်။
အားလုံး စားသောက်ပြီ၍ အချိုပွဲသုံးဆောင်နေစဉ်မှာပင် အမေက သက်ကို အဒေါ်က ဖုန်းလှမ်းဆက်ကြောင်း ပြော၏။ အမေ့ညီမဖြစ်သော သက်အဒေါ်က စကိုင်းတောင်ရိုးရှိ သီလရှင်ကျောင်းမှ ဆရာလေးတစ်ပါးပင်။ ဒီနှစ်လည်း သက်ကို အရင်နှစ်လို တရားစခန်းဝင်အုံးမည်လားဟု လှမ်းမေးခြင်းပင်။ သက်က အမေ့ကို ဒီနှစ်တော့ တရားစခန်း မ၀င်ဖြစ်သည့်အကြောင်း ၊ မောင်နှင့် ရေပက်ခံ ထွက်လည်ကျမည့်အကြောင်း ပြန်ဖြေပေးရင် တောင်းဆို၏။ သက်ကိုယ်တိုင်က အရင်က ၀င်ဖြစ်သော အခံနှင့် ဒေါ်လေးကို ခေါင်းခါရာမှာ ၀န်လေးနေမိ၏။
သက်နှင့် အမေပြောသောစကားကို မောင်ကြားသိဟန်ဖြင့် သက်ပြင်းကိုသာ ချနေ၏။ သက်စီစဉ်ပြီးသား အစီအစဉ်မို့ မောင် စိတ်လျော့ကာ လိုက်လျောတော့မည့်ပုံပင်။ သက်က မောင့်ကို အကြိုနေ့ကစပြီ လည်ဖြစ်မည့်အကြောင်း ပျှော်ပျှော်ရွှင်ရွှင် ပြောမိ၏။ မောင်က ခေါင်းညိတ်ကာ “သက် အလိုကျပါ” ဟု ပြုံး၍ ပြောရှာပါသည်။ သက်ပျှော်ရွှင်သွားဟန်ဖြင့် အဖေအမေတို့ အလစ်မှာ မောင့်နဖူးအား အနမ်း ခိုးခြွေလိုက်၏။ သက် အနမ်းကြောင့်လားတော့ မသိ။ ဒီတစ်ခါ မောင့် အပြုံးမှာ အသက်ဝင်၍ ပီပြင်လှပေသည်။
အပိုင်းသုံး ဆက်ရန်