ဆေးရုံထဲံ ၀င်တာနဲ့ပဲ ဖော်ရွေပျူငှာတဲ့ ဆင်တူ ယူနီဖောင်းလေးတွေနဲ့ မိန်းကလေး နှစ်ယောက်က ဦးလေးညွတ်၊ ဒူးလေးညွတ်ပြီး မင်္ဂလာပါလို့ နှုတ်ဆက်ပါတယ်။ ဒါ ကျွန်တော် လူနာကြည့်ဖို့ သွားတာနော်။ ဆရာဝန်တစ်ယောက်အနေနဲ့ သွားတာ မဟုတ်ဘူး။ ဧည့်သည်အနေနဲ့ သွားတာ။ ပြီးတော့ “ဘာများကူညီရ ပါမလဲ ရှင် ”လို့ ပျူငှာသော မျက်နှာထားနဲ့ နှုတ်ဆက်ပါတယ်။ ပြီးတော့ ကိုယ့်လူနာ နာမည်နဲ့ အသက်၊ နေရပ် လိပ်စာပြောလိုက်တာနဲ့ Data ကို computer ထဲ ရိုက်ထည့်လိုက်တာနဲ့ သည်လူနာ ဘယ်အဆောင်၊ ကုတင် နံပါတ် ဘယ်လောက်မှာ ဆိုတာ ချက်ချင်း သည်ကလေးမလေးတွေ ပြောပြရှာတယ်။ ပြီးတော့ အလုပ်သမား လေးတစ်ယောက်ကို ကိုယ်နဲ့အတူ သည်လူနာဆောင်ပို့ပေးဖို့ ထည့်လိုက်တယ်။
လူနာဆောင်အ၀င်မှာတော့ ကျွန်တော် ဖိနပ်ချွတ်ရမလိုလို စီးရတော့မလိုလို မနေတတ် မထိုင်တတ် ဖြစ်လို့ပေါ့။ ကြွေပြား ဖြူဖြူတွေနဲ့ အပြည့်ခင်းထားပြီး သန့်သန့်ရပ်ရပ် ရှိလွန်းလှတော့ ကျွန်တော်လည်း အနေကြပ်သွားတာပဲပေါ့။ မေးမလို့ ခါတိုင်းကိုယ်တို့ကို ဆီးဟောက်နေကျဖြစ်တဲ့ ခုံတစ်လုံးနဲ့ ထိုင်နေ တတ်တဲ့ အစောင့်ကလည်း မရှိဘူး။ ကိုယ့်လိုက်ပို့တဲ့ ကောင်လေးကတော့ ဦးလေးညွတ်ပြီး နှုတ်ဆက်လို့ ပြန်သွားပါတယ်။
လူနာဆောင်ကလည်း လေအေးပေးစက် ငြိမ့်ငြိမ့်လေးနဲ့ မပူလွန်း၊ မအေးလွန်း အနေတော် လေးပါ။ လူနာကုတင်အနားမရောက်ခင်၊ လေအေးပေးစက်က တိုက်လာတဲ့လေမှာလည်း အမွှေးရနံ့သင်းသင်း ငြိမ့်ငြိမ့် လေး သင်းလို့။ ပြတင်းက လိုက်ကာလေးတွေကလည်း ဖွေးဖွေး သန့်သန့်လေး။ လူနာကုတင်က လည်း သန့်ပြန့်လို့လေ။ အဖြူရောင် ဆေးသားလတ်လတ်နဲ့ ကုတင်ဖွေးဖွေးလေးမှာ အဖြူရောင် မွေ့ယာနဲ့ အလို လူနာတွေကလည်း ၀တ်စုံဆင်တူတွေနဲ့။ စောင်တွေ၊ ခေါင်းအုံးတွေလည်း ဖွေးလို့ သန့်လို့။ ဘေးက ဘီရိုလေးမှာလည်း ပန်းအိုးလေးနဲ့ သန့်သန့်ရပ်ရပ် အရှိသား။
အဲသည် အပြင်အဆင်နဲ့ အသုံးအဆောင်တွေကြားမှာ စိတ်ဝင်စားလာတော့ လူနာကို ခဏပဲ ပြုံးပြပြီး လက်ဆေးခွက်ကို သွားကြည့်တယ်။ အလို running water ရလို့ပါလား။ ဘေးက ဆပ်ပြာခွက်နဲ့ လက်သုတ် ပ၀ါ သန့်သန့်ဖွေးဖွေးလေးနဲ့။ အိမ်သာ၊ ရေချိုးခန်းဖက် လှည့်ချောင်းမိတယ်။ အလို အနံ့အသက် မရှိ၊ ဖွေးသန့် လို့ပါလား။
လူနာကလည်း ပြုံးလို့ ရွှင်လို့ ဆိုတော့ သက်သာလား ဘာညာနဲ့ မေးမြန်းရင်း အေးဆေး နေခဲ့မိ ပါတယ်။ သည်အချိန်မှာပဲ လူနာသစ်တစ်ယောက် နှစ်ကုတင်အကျော်ကို ရောက်လာတယ် ထင်ပါရဲ့။ ERCက နေ သည်လူနာဆောင်ကို လာပို့ပေးတာက သူနာပြုတစ်ယောက်၊ အလုပ်သမား နှစ်ယောက်၊ သည်လူနာ ဆောင် က တာဝန်ခံ ဆရာဝန်ကလည်း အသင့် ရှိနေတော့ သူ့ သူနာပြု၊ အလုပ်သမားအဖွဲ့နဲ့ ချက်ခြင်းကိုပဲ လူနာအနား ပြာပြာသလဲပါပဲ။ ပြီးတော့ လူနာကို အေးဆေးပဲ ရောဂါရာဇ၀င်မေးပါတယ်။ ပြင်ပ လူနာဌာနက သူနာပြုလေးကလည်း သည်အဆောင် တာဝန်ခံဆရာဝန်ကို တလေးတစားနဲ့ EMOပေးလိုက်တဲ့ Chartလေး ပေးပြီး မှာလိုက်တာတွေ ရှင်းပြနေတယ်။ အကွက်ကိုစေ့လို့ပါပဲ။ မကြာပါဘူး။ဆေးလည်း ချက်ချင်း ပြေးမ၀ယ်ရ ဘူးဗျ။ Stat Doseအားလုံး အခမဲ့ ပေးတာဆိုပဲ။ ကျန်တာကိုမှ ဆေးရုံက ဆင်းတော့မှ ဘဏ်ကို စာရင်း ပေးပြီး နှုတ်တာ တဲ့။ အော် အာမခံစနစ်က အချို့အ၀က် ကျခံတာကလည်း ရှိသေးတယ် ဆိုပဲ။
သူနာပြုလေးတစ်ယောက်က ECGစက်လေးတွန်းလာပြီး လူနာကို ECG ဆွဲပေးတယ်။ သွေး၊ ဆီး စစ်ဖို့ လိုတာတွေလည်း ရှင်းပြနေတယ်။ တကယ့် ချိုချိုသာသာပါ။ လူနာတောင်မဆိုထားနဲ့ ဘေးက ကျွန်တော် တို့ တောင် သူတို့ကို ကြည့်ပြီး ပီတိတွေ ဖြစ်နေလိုက်တာ။
တအောင့် ကြာတော့ အစိမ်းဝတ် Sisterကြီးက သူ့သူနာပြုလေးကို တိုးတိုးတိတ်တိတ် ခေါ်ပြီး ကြိတ်ဆူနေတာလည်း ကြားမိသေးတယ်။ လူနာကို အယင်မိတ်ဆက်စကားမပြောဘဲ၊ ကိုယ်လုပ်မဲ့ Procedure တွေ မရှင်းပြဘဲ လူနာကို ကိုင်တွယ်မိလို့ ဆူတာပါ။ အဲ။ အလုပ်သမားလေးလဲ မသက်သာဘူးဗျ။ လူနာ အတင်အချ မှာ ခွင့်မတောင်းဘဲ ကိုင်တွယ်လို့ ဆိုပြီး ကြိမ်းတာ ခံရသေးတယ်။ တကယ့် အကွက်စေ့တယ်ဗျာ။ ၀န်ထမ်းတွေ လုပ်တာ ကိုင်တာကို ကြီးကြပ်မဲ့ သူက အသင့် ကြည့်နေတာကလား။
လူနာအတွက် လိုတာ တွေ လုပ်ပြီးတာနဲ့ပဲ ကထိက အထူးကု ဆရာဝန်ကြီးက ချက်ခြင်းပဲ ရောက်လာ တယ်။ တကယ်ဆို ERCရောက် ကတည်းက EMO, Ward MO, Ward In charge, Consultant,Sisterတို့ဆီ သတင်းပို့ပြီးသား။ သူတို့က လည်း အသင့် အနေအထားမှာ ရှိပြီးသားလေ။ ဆရာဝန်ကြီးက စပ်းသပ်သွားတာ များ တကယ့် ပညာသား ပါတယ်ဗျာ။ ပြောဆိုသွားတာက ကိုယ့်ဆွေမျိုးရင်းချာနဲ့တွေ့လို့ ပြောဆိုသွားသလို ပဲ။ သူသိချင်တာမေးသွား လိုက်တာကလည်း မေးသွားမှန်းတောင်မသိဘူး။ ပုံမှန် ပဋိသန္ဒာရ စကားလေး တွေကြားမှာ မေးသွားတာ။ ပြီးတော့ ERCက EMOရေးထားတဲ့ Chartထဲက တွေ့ရှိချက်တွေ၊ ယူဆချက်တွေ တလေးတစား ဖတ်တယ်ဗျ။ တကယ့် တလေးတစားပါ။ ပြီးတော့ Ward MOလေးကိုလည်း ပြောပြ ပါသေး တယ်။
“တကယ်က သည်ဆရာနဲ့သည်လူနာ အရေးပေါ်မှာ စတွေ့တာကွ။ သူတွေ့ရှိချက်တွေ၊ သူကုသ ပေးခဲ့တာတွေ ကို ငါတို့ လေးလေးစားစား ပြန်ကြည့်ဖို့လိုတယ်။ ကိုယ်တို့နဲ့ ချက်ခြင်းမတွေ့ခင်မှာ သူက အသက်ကယ်ခဲ့ တာ ဆိုတော့ သူ့Findingsတွေ Treatmentတွေကို လေးစားရမယ်။ ကိုယ်တို့က ထပ်ပြီး လိုတာ ထပ်ဖြည့် ကြတာပေါ့။” ဆိုပဲ။
ဟာ တကယ့် အံ့သြစရာတွေ။ ကိုယ်ကြုံခဲ့ဖူးတာက Consultant အချင်းချင်း၊ Professor အချင်းချင်း တောင် တစ်ယောက်ပေးတဲ့ ဆေးမဆိုနဲ့ တစ်ယောက်ရိုက်ခဲ့တဲ့ ဓာတ်မှန်တောင် တစ်ယောက်က ထပ်ရိုက် ခိုင်း တာ ဆိုတော့ ထူးနေတာပေါ့။ ပြီးတော့ တစ်ယောက်ရဲ့ တွေ့ရှိချက်တွေ မှန်ချင်မှန်မယ်၊ မှားချင်မှားမယ်။ အဲသလို အကောင်းပြောတာ ကြားရခဲသားရယ်။ အခုက EMOလေးရဲ့ တွေ့ရှိချက်၊ ကုသမှုတွေကိုတောင်မှ သည်က ဆရာဝန်ကြီးတွေ လေးစားနေပုံများ တကယ့် အံ့စရာ။ ကိုယ်ကြားခဲ့ဖူး တာက ရှေ့မှာရော၊ ကွယ်ရာ မှာပါ တစ်ယောက်နဲ့ တစ်ယောက် အဂါရ၀ ဆန်ဆန် ပြစ်တင်မှုတွေ။
Wardထဲက Dataကိုင်တဲ့ ကောင်မလေးကလည်း သည်လူနာရဲ့ ရှေ့က မှတ်တမ်းမှတ်ရာတွေ အသင့် ရှာပြီး အထူးကုဆရာဝန်ကြီး လိုအပ်လာရင်ကြည့်ဖို့ လာပေးရှာတယ်။ လူနာကလည်း မောနေပေမဲ့ ပြုံးလို့။ ကိုယ်တို့ဖက်က ၀န်ထမ်းတွေလည်း အပြုံးကိုယ်စီနဲ့ပါ။
မကြာပါဘူး။ ဓာတ်ခွဲခန်းက ပို့လိုက်တဲ့ အရေးပေါ် သိချင်တဲ့ သွေး၊ ဆီးအဖြေတွေကို ကွန်ပျူတာက တဆင့် ပို့ပေးလိုက်တယ်။ ဆရာဝန်ကြီးကတော့ ECHO Cardiogram ထပ်ရိုက်ဖို့ တောင်းဆိုပါတယ်။ လူနာခဏ နားပြီးမှပဲ ရိုက်ပါလို့ လေအေးလေးနဲ့ ပြောပါတယ်။ သူ့ လက်ထောက်ဆရာဝန်လေးကိုလည်း လူနာသွားရင် တပါတည်းလိုက်သွားဖို့ ။ အကျိုးအကြောင်း အဲသည်ဓာတ်မှန်ဆရာဝန်ကြီးကို ပြောဖို့ပါမှာ ပါတယ်။ ဆရာဝန်လေးကလည်း ပြုံးပြုံး ပျော်ပျော်ပါ။
ကျွန်တော်လည်း မတွေ့ဖူးတာကြာပြီဖြစ်တဲ့ အပြုံးတွေ၊ အတွေ့အကြုံဆန်းတွေကြောင့် ကိုယ့်ဘာသာ ကိုယ် ပြန်ဆွဲဆိတ်မိပါတယ်။ ဒါတွေ တကယ်မှ ဟုတ်ရဲ့လားပေါ့လေ။ ကိုယ်က သည်လောက် စပ်စုနေတာ တောင်မှ လူနာစောင့်တွေ အပြင်ထွက်ပေးပါ။ ဆရာဝန်ကြီး ရောင်းလှည့်နေတယ် ဆိုပြီး ဟောက်မထုတ် တာရော၊ ထူးနေတာကိုးဗျနော်။
ကျွန်တော်တွေးမိပါတယ်။ အဲသည်ဖြစ်စဉ်တွေမှာ ကျွန်တော်တို့ မလုပ်ပေးနိုင်တာ ဘာတွေများရှိလို့ လဲလို့ပါ။ မင်္ဂလာပါ ဆိုပြီး ချိုချိုသာသာနဲ့ နှုတ်ခွန်းဆက်တာ မြန်မာ့ ယဉ်ကျေးမှုပါဗျာ။ ဆေးပညာမှာလည်း အငယ်နဲ့ အကြီး တွေ့ရင် ရို့ရို့လေး ကျို့ပြီးMorning, Eveningပါဆရာ ဆိုပြီး နှုတ်ဆက်တာလည်း မဆန်းခဲ့ ပါဘူး။ အစဉ်အဆက် ရှိခဲ့ကြတာပါပဲ။ ကိုးရီးယား ကားတွေမှာမှ ရှိကြတဲ့ ယဉ်ကျေးမှုမှ မဟုတ်တာဗျာ။
ပြီးတော့ တစ်ယောက်အပေါ်တစ်ယောက် ကူညီရိုင်းပင်းကြတာ။ ဧည့်တွေ့ကဒ် ရောင်းရုံ၊ ပိုက်ဆံ တောင်းရုံမဟုတ်ဘဲ ကူညီရိုင်းပင်းစိတ်နဲ့ မကူညီ နိုင်ကြတော့ဘူးလား။ ဒါတွေကရော၊ ဘာ့အတွက် အဘယ် ကြောင့် ဆိုတာတွေးမိရင် Adminသမားတွေကရော သူတို့လေးတွေကို ကြပ်မတ်ရကောင်းမှန်း မသိကြတာ ထက် သူတို့ကိုယ်တိုင်ကို အဲသည်ကလေးတွေက တစ်နေ့ ဘယ်လောက် သွင်းရမယ် ဆိုပြီး တော့ပဲ ကြပ်မတ် ထားကြလို့များလား ဆိုပြီး တွေးမိပြန်ပါတယ်။
ကျွန်တော်တို့တွေဟာServiceပေးကြတဲ့ အဖွဲ့အစည်းပဲဖြစ်ပါတယ်။လစာ တိုးပေးမှ၊ အခွင့်အရေးတွေ ထပ်ရတော့မှ ကျွန်တော်တို့တွေရဲ့ အမူအကျင့် ပြောင်းကြမယ် ဆိုတာထက်ကို တဆင့်လောက်လေးတော့ လျှော့ချပြီး တွေးမိပါတယ်။ ဘာတွေလုပ်ကြမယ်၊ ဘာတွေ ပြင်ကြမယ် ဆိုတာမဟုတ်ပါဘူး။ ကိုယ့်အမျိုးး တစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင်၊ ဆိုတဲ့အတွေးလေးတွေနဲ့ပဲ တဆင့် တိုးပြီး ကူညီနိုင်မယ် ဆိုရင် တောင်မှ ပဲ တော်တော် ပြောင်းလာမယ်ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ နှလုံးသားတွေ နည်းနည်း နူးနပ် ကြည့်ကြ ရ အောင်။
ဆေးရုံအုပ်ချုပ်မှုအပိုင်းက တာဝန်ရှိသူကလည်း ကိုယ့်အမျိုး ဆေးရုံတက်လာရင် ထားပါတော့ လျှော့လျှော့ပေါ့ပေါ့ ရှယ်အခန်းလောက်မှာ ထားဖို့ ၀ံ့ရဲလောက်အောင်တော့ သန့်ရှင်းရေး၊ သာယာရေး အပိုင်းမှာ တာဝန်ယူမှု ရှိသင့်တယ်။ ကိုယ်က ရုံးသမားပဲ၊ ကိုယ်ကိုယ်တိုင် သည်ဆေးရုံ တက်ရမှာမှ မဟုတ်တာ ဆိုတဲ့နေရာမယ် ငါ့အမျိုးတွေသာ ဖြစ်ကြည့်။ သန့်ရှင်းရေး ဘယ်လိုလေး တက်လာအောင် လုပ်မယ် ဆိုတဲ့ အတွေး လေးပဲ ထား။ တော်တော် တာဝန်ယူတတ်လာပြီလို့ ဆိုရပါမယ်။
မီးမှန်မှန်ရအောင်၊ Electronic Data Management တို့ ထားအုံး၊ Running waterရဖို့ထားအုံး။ သန့်ရှင်းရေးအတွက် ရေလုံလုံလောက်လောက်မှ ရှိရဲ့လား ဆိုတာမျိုးကို ကြပ်မတ်ဖို့ကောင်းပါတယ်။ ဒါ တာဝန်ရှိလို့ပြောတာပဲဖြစ်တယ်။ သည်အထိ အောက်ခြေအထိ ကိုယ်တိုင် မကြည့်အားဘူးပဲထားပါ။ ကိုယ့်မှာ ရှိသော ၀န်ထမ်းအဆင့်ဆင့်ကို အဆင့်အလိုက် တာဝန်အလိုက် ကြပ်မတ်ဖို့ပဲ လိုတာပါ။ အဲသလောက်မှ မလုပ်နိုင်ရင်တော့ ကိုယ့်အမျိုး ဖြစ်လာလည်း သည်မှာ မထားဘူး ဆိုတာတော့ သေချာလှပေါ့။
တာဝန်ခံ ဆရာဝန်တွေအနေနဲ့လည်း သည်သဘောပါပဲ။ ကိုယ့်အမျိုးသာ ဖြစ်ခဲ့ရင် ဆိုတာလေး လောက်ပဲ တွေးပြီး လုပ်ကိုင်လာရင်ကို တော်တော် တက်လာမှာပါ။ ကိုးရီးယားကားတွေမှာလို ရိုကျိုးပြဖို့ ဖော်ရွေပြဖို့အထိ မလိုအပ်သေးပေမဲ့ ကိုယ့်နှလုံးသားက လူနာနဲ့ ထပ်တူ ရှိပါတယ် ဆိုတာလေးကို ပြရင် ကိုပဲ အဆင် ပြေလောက်ပါပြီ။ အခုက ကျွန်တော်တို့တွေရဲ့ အလုပ်အပေါ် မကျေလည်မှု၊ မမျှတဘူးဆိုတဲ့ ခံစားမှု တွေက လူနာတွေအပေါ်မှာ သွားသွား ပေါက်ကွဲတော့ နဂိုရ်က ရှိနေနင့်တဲ့ Barrier က ပို နက်ရှိုင်းလာတာပဲ ဖြစ်ပါတယ်။အခု ပြောတာလည်းလည်း အထူးအထွေမဟုတ်ပါဘူး။ Service, sympathy, humanity ဆိုတာ ဆရာဝန် ကျင့်ဝတ် ထဲ ပါပြီးသားပဲလေ။
သည်သဘောပါပဲ။ Matron ,Ward in-charge Sister ,Blue staff, Trained nurse, compounder, ME အဆင့်အလိုက် ကိုယ့်မိသားစုစိတ်ဓာတ်လေးထားပြီး လူနာတွေကို ကိုယ့်ထမင်းရှင်လို့ သဘောထားပြီး ကူညီရင် တော်တော် တက်လာမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ အဆင့်လိုက် လုပ်ရမဲ့ တာဝန်၊ ၀တ္တရား၊ ကျင့်ဝတ် တွေ ဆိုတာ ရှိပြီးသားနော်။ ဘာမှ ထူးပြီး ခိုင်းတာ မဟုတ်ဘူး။
တကယ်လို့သာ ရုံးက ဘယ်လောက် ဘယ်မျှ ရှာပြီး Ward အလိုက် ပြန်သွင်းရရင်တောင်မှ အဲဒါ တာဝန် ပိုကြီးသွားခဲ့ပါပြီ။ ကိုယ့်ဖက်က တောင်းပြီး ရင် ကိုယ်ကပြန်ပြီးServiceပေးဖို့ တာဝန်ရှိသွားပါပြီ။ ရုံးက ပိုက်ဆံတောင်းလို့ ဆိုပေမဲ့ အဲသလိုတောင်းတာက ကိုယ်တို့Ward ဆိုတော့ ကိုယ့်သန့်ရှင်းရေး ကိုယ့်ဝန်ထမ်း နဲ့ ကြပ်မတ်ဖို့ တာဝန်ရှိသွားပါပြီ။ ရုံးးက အိမ်သာ လာဆေးမှာ မဟုတ်ပါဘူး။အဲသလိုက ပြန်သွင်းတာကိုပဲ တလောက အင်တာနက်ပေါ်မှာ ဝေဖန်ကြတာဖြစ်ပါတယ်။ များသော အားဖြင့်တော့ လက်ထောက်ဆရာဝန်လေးတွေဟာ သည်အဖြစ်၊ သည်အဆင့် တွေကို မသိတတ်ကြပါဘူး။
အမှန်အားဖြင့် ဆေးရုံတက်လို့ ကုန်ကျစားရိတ်ဟာ ပြင်ပဆေးရုံ တက်တဲ့ ကုန်ကျစားရိတ်နဲ့ မကွာ သလို ပြည်တွင်းက ပုဂ္ဂလိက ဆေးရုံတက်တာနဲ့ ပြည်ပဆေးရုံ တက်တာနဲ့ ကုန်ကျစားရိတ် သိပ်ကွာဟမှု မရှိတာ လေ့လာကြည့်ရင် သိမှာပါ။စားရိတ်မျှပေး ဆိုပြီး အဆင့်အလိုက် တရားဝင်မဟုတ်ဘဲ ပေးနေရသော အဖိုးအခတွေကို ထည့်တွက်ရင် ပြည်သူတွေဟာ ပြည်သူ့ဆေးရုံကို အမှန်တကယ် ကုန်သင့်သော အဖိုးအခ တွေ ပေးဆောင်ပြီး ကုသမှု လာရောက်ခံယူနေတာပဲဖြစ်ပါတယ်။
အပြင်ဆေးရုံမှာ ကုန်တာနဲ့ သည်မှာကုန်တာ ကွာဟချက် သိပ်မကြီးမားပါဘဲ ဘာကြောင့်များ ၀န်ဆောင်မှု တွေ တက်လာအောင် မလုပ်နိုင်ကြတာလဲ။ အပြင်အောက်ဆိုဒ်ရအောင် ဖန်တတ်ပြီး တကယ့် ၀န်ဆောင်မှု တော့ ရအောင် မပေးလိုသော ၀န်ထမ်းတွေဆီက ထိုက်သင့်သော လုပ်အားရအောင် ၊ ၀န်ဆောင်မှု ရအောင် တာဝန် ဘယ်သူတွေမှာ ရှိလဲ။ ဆေးရုံအုပ်ကြီး တစ်ယောက်တည်းမဟုတ်ဘူးနော်။ ပြင်ပဆေးခန်းမှာပဲ အချိန်တွေပေးပြီး ဆေးရုံကိစ္စ တာဝန်ရှိမှန်းမသိတဲ့ Ward အပိုင် ဆရာဝန်ကြီးတွေမှာလည်း တာဝန်ရှိကြပါတယ်။ ဒါတွေကိုလည်း ကိုယ့်တာဝန်ကိုယ်သိပြီး နိုင်သလောက်၊ နိုင်ငံရဲ့ ရာထူးယူထားပြီး ထိုက်သင့်သလောက်တော့ ပေးဆပ်ဖို့၊ လုပ်ကိုင်ပေးဖို့ လိုတယ် ဆိုတာကိုလည်း သိစေ့ချင်ပါတယ်။
ဈေးသည်တွေ Ward အနားထိ ဈေးရောင်းတာကို ဖြေရှင်းဖို့ ဆေးရုံအုပ်ကြီးသာမကward in charge ကစလို့ ၀န်ထမ်းအဆင့်ဆင့် တာဝန်ရှိကြပါတယ်။ အခုကတော့ တလောက ဆရာဝန် တစ်ယောက် က တင်တဲ့ FB စာမျက်နှာမှာ တွေ့ပါသေးတယ်။ ဒါတွေအတွက် ကိုယ်ကိုယ်တိုင်မှာလည်း တာဝန်ခံကြပ်မတ်ဖို့ တာဝန်ရှိတယ် ဆိုတာတောင် မသိသလိုဖြစ်နေ တော့ အခက်သားပါပဲ။ ခါတလေ အဲသည်ဈေးသည်လိုလို တွေကပဲ ကိုယ့် လက်ညှိုးထိုးရောင်းစားတတ်တာ။ လူနာနဲ့ ကိုယ့်ကြား ရင်းနှီးမှု အလွှာကို ကိုယ်က မထားနိုင် တော့ ပွဲစားလုပ်ပြီး အခကြေးတောင်းသွားတာတို့ ရှိတတ်သေးတယ်။ သတိထားကြဖို့ပါ။ ထားပါတော့ ကိုယ်ချင်းစာ စိတ်နဲ့ ကိုယ့်အမျိုးသာ ဖြစ်ခဲ့ရင် ဆိုတဲ့စိတ်နဲ့ နည်းနည်းချင်းစီ လုပ်ကြရင်တော့ ကျွန်တော် အိမ်မက် မက်တဲ့ ဆေးရုံတွေ မမီတောင်မှ ကိုယ့်အမျိုးဖြစ်လာရင် ထားဖို့ သတ္တိရှိတဲ့ ဆေးရုံလေးတွေ ဖြစ်လာ မှာမလွဲပါဘူး။
အခုနေ ကိုယ်သာ ဆေးရုံတက်ရရင်(မပြောကောင်း မဆိုကောင်းပါ) ဘယ်လိုလုပ်မလဲ ဆိုတာကိုတော့ တွေးနေမိတုန်းပါပဲ။
သူငယ်ချင်းတို့ရော ဘယ်လိုရှိကြမလဲ။
အိမ်မက်ထဲက ဆေးရုံလို ဖြစ်မလာဘူးလို့ ဆိုချင်ရင် ဘာတွေမရနိုင်တာ၊ မပေးနိုင်တာများ ရှိလို့ပါလဲ ဆိုတာကိုလည်း တွေးချင့် ချိန်ကြည့် စေလိုလှပါတယ်။
( ကျွန်တော် စိတ်ကူးယဉ် ကြည့်မိ တွေးမိ တာပဲ ပြောတာပါဗျာ။အားလုံးကို လေးစားပါတယ်။)