ဒီနေ့ အကြပ်နေ့။ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် ဆိုင်ကယ်တစ်စီးနဲ့ ထွက်ခဲ့ကြတယ်။ သက်ြန်ပျော်ဘို့တော့ မဟုတ်ပါဘူး။ အကျနေ့က ပျော်ထားကြပြီးပြီလေ။ မြင်ရတွေ့ရတာတွေက စိတ်မချမ်းသာစရာတွေမို့ ဒီနေ့တော့ မလည်ဖြစ်တော့ဘူး။ သူငယ်ချင်းက သူ့ကောင်မလေးကို သွားတွေ့ချင်တယ်ဆိုလို့ အဖော်လိုက်ပေးရတာပေါ့။ သူ့ကောင်မလေး အလုပ်ကလည်း အံ့သြစရာပဲ။ သူများတွေ ပိတ်လည်း မပိတ်ဘူး။ ဓာတ်ပုံတိုက်တစ်ခုမှာ အလုပ်လုပ်တာတဲ့။ သက်ြန်ရက်အတွင်းမနားရင် ဆုကြေးများများရမှာတဲ့ (လာရောက်ကူးသူများရင် များသလို အပိုလုပ်အားခပိုရမယ်ပေါ့ဗျာ)။ အဲဒါကြောင့် သူငယ်ချင်းကောင်မလေးက သင်္ကြန်ကို မလည်ဘူး။ ငယ်ရွယ်သူဖြစ်ပေမဲ့ သူများတွေလို မပျော်ဘူးပေါ့။ ဟုတ်တော့လည်း ဟုတ်သားပဲ သင်္ကြန်ဆိုတာ ခုလို ပျော်ဘို့မှ မလုပ်တာ။ ခုလို အော်ဟစ် ခုန်က မူးရူး နေမှသင်္ကြန်ပျော်တာမှ မဟုတ်တာ။ အလုပ်ဆင်းတယ်။ မနားဘူးပေါ့။ ငွေလည်း မကုန်ဘူး။ အန္တရာယ်လည်း ကင်းတယ်လေ။ သူငယ်ချင်းက သူများတွေလို မပျော်ရပေမဲ့ သူ့ချစ်သူကို စိတ်ချရလို့ ကြည်နူးဝမ်းသာ ဂုဏ်ယူနေလေရဲ့။ ပျော်တတ်ရင် အဓိပ္ပါယ်ရှိရှိ သင်္ကြန်ပျော်နည်းတွေအများကြီးပဲလေ။ ကျွန်တော်တို့လည်း ကောင်မလေးအလုပ်လုပ်တဲ့ ဓာတ်ပုံဆိုင်နဲ့နီးတဲ့ လ္ဘက်ရည်ဆိုင်လေးမှာ ထိုင်နေကြတယ်။ သူငယ်ချင်းက သူရောက်နေပြီဆိုတဲ့ အကြောင်း ဓာတ်ပုံတိုက်ထဲဝင်ပြီး အသိပေးရသေးတယ်။ ကျွန်တော်ကတော့ ငုတ်တုတ်။ လ္ဘက်ရည်ဆိုင်မှာ။ ကြံရည်လည်း ရတာမို့ တစ်ခွက်မှာလိုက်တယ်။ ဟူးးးးးးးးးးးးးး --။ မနေ့က လည်တုန်းကတော့ တစ်ကိုယ်လုံး ရွဲရွဲစိုစိုနေလို့ ထင်တယ်။ နေပူတာတောင် သတိမထားမိလိုက်ဘူး။ ဒီနေ့လို မပူလို့ပဲလားတော့ မပြောတတ်။ ဒီနေ့မှ သတိထားမိတဲ့ နေပူရှိန်က မသေးပါလား။ လမ်းမှာ ပက်လောင်းလိုက်တဲ့ ရေစိုအ၀တ်ကလည်း ခြောက်တဲ့နေရာကခြောက် စိုတဲ့နေရာက စိုလို့။ မစိုမခြောက်အ၀တ်စားကြောင့် ဖျာနာမှာတော့ မပူမိဘူး။ “သင်္ကြန်ရေက ဆေးဖြစ်တယ်ကွ၊ သင်္ကြန်ရေကြောင့် တစ်ခုခု ဖျားနာတယ်ဆိုတာ မရှိဘူး၊ ကြားလည်း မကြားဘူးဖူး” လို့ တစ်ဦးတစ်ယောက်ရဲ့ ပြောသံကို ကြားဖူးတယ်လေ။ အဲဒါကြောင့် အနေရခက်ပေမဲ့ မစိုမခြောက်အ၀တ်နဲ့ပဲ အေးဆေးနေလိုက်တယ်။ မျက်စိကတော့ ဟိုကြည့်ဒီကြည့်နဲ့ပေါ့။ ၀ါသနာက မသေးဘူးလေ။ ဟီးးးးးးးးးးး။ မြန်မာမိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှု့ ကောင်လေးတွေရဲ့ နီ ၀ါ ကြောင်ကြားပုံစံတွေက မြင်ရတာ စိတ်မချမ်း သာစရာ ရင်လေးစရာကောင်းပေမဲ့ မြင်အောင် ကြည်အောင် ဖော်ပြထားတဲ့ သဘောကောင်း မနောကောင်းတဲ့ ကောင်မလေးတွေရဲ့ အဖုအထစ် အနုအဆစ် အလှလေးတွေက မျက်စိပသာဒတော့ ရသားဗျ။ နားကိုလည်း ကျယ်နိုင်သလောက်ကျယ်အောင် ဖွင့်ထားလိုက်တယ်။
“ ၀ူးးးးးးးးးးးး ၀ူးးးးးးးးးးးးးးးးးးးးး ၀ူးးးးးးးးးးးးးး။ တိုက်ကွာ တိုက်ပစ်၊ ချကွာ တိုက်ကွာ ” ။ ဟာ ဆူညံလို့ပါလား။ ဆိုင်ကယ်သံရော လူသံရော ဆူညံနေသည်မို့ အသံလာရာ လမ်းဘက်ကို ကြည့်နေလိုက်မိတယ်။ အော်လာတဲ့ ဆိုင်ကယ်ပေါ်မှာက ကောင်လေးနှစ်ယောက်။ ခပ်ငယ်ငယ်လေးတွေပါ။ သူတို့အသက် အလွန်ဆုံးရှိမှ (၁၈)ပေါ့။ ဒီကောင်လေးတွေက လမ်းကို ရှောင်ဖယ်မောင်းဘို့ စိတ်ကူး မရှိလောက်ဘူး။ တစ်ဘက်က ရှောင်ချင်ရှောင် မရှောင်ရင် တိုက်မယ်လို့ စိတ်ကူး ထားပုံပေါ်တယ်။ မောင်းလာတဲ့အရှိန်ကလည်း မသေးဘူး။ တစ်ဘက်မှာက ဆိုင်ကယ် နှစ်စီး။ ရှေ့တစ်စီး နောက်တစ်စီး။ ကပ်ပါလာတာ။ တစ်စီးတစ်စီးမှာ လူနှစ်ယောက်စီ ပါတယ်။ သူတို့ချင်း ရင်ဆိုင်အတွေ့မှာ နှစ်စီးလာတဲ့ ဘက်က ရှေ့တစ်စီးကတော့ ကွေ့ရှောင်သွားတယ်။ နောက်က တစ်စီးကတော့ သက်သက်မဲ့ကို မရှောင်တာလား။ ရှောင်ဘို့အချိန်မရလိုက်လို့ပဲလား မပြောတတ်ဘူး။ ၀ုန်း -- ဆိုတဲ့ အသံနဲ့အတူ နှစ်စီးလုံး ပစ်လဲသွားတယ်။ တိုက်ကွာ တိုက် - လို့ အော်လာတဲ့ဆိုင်ကယ်ပေါ်က နောက်က ကောင်လေး သိပ်ကံကောင်း သွားခဲ့တယ်။ ကတ္တရာလမ်းပေါ် ပြုတ်ကျတာပဲ။ ဒါပေမဲ့ ဦးထုပ်ကျေးဇူးကြောင့် ထင်ရဲ့။ ကြီးကြီးမားမား ဒဏ်ရာ ရမသွားခဲ့ဘူး။ မောင်းတဲ့သူကတော့ ခြေထောက်နည်းနည်း နာကျင်သွားပုံပါပဲ။ လဲနေရာမှ အမြန်ထပြီး သူတို့ဆိုင်ကယ်ကို မောင်းထွက်သွားတယ်။ လဲကျနေတဲ့ သူတွေကို ထူဘို့ လုံးဝစိတ်ကူး ရှိပုံ မပေါ်ဘူး။ ကိုယ်လွတ်ရုန်းသွားတဲ့ သဘောပဲ။ အင်း သူတို့က မှားလို့ အတင်းလစ်ပြေးတာ ဖြစ်မယ်။ ဘယ်သူမှားလဲဆိုတာ တိတိကျကျတော့ ကျွန်တော် မသိဘူးနော်။ ဟိုတစ်စီးက လူနှစ်ယောက်ကတော့ အား အား အား - နဲ့ မထနိုင်ကြဘူး။ ကျွန်တော်တို့လည်း ဆိုင်ထဲက အမြန်ထွက်ပြီး ထူကြ တွဲကြရတာပေါ့။ မောင်းတဲ့ သူက မေ့နေတယ်ဗျာ။ လေမှုတ်ပေးတဲ့သူက မှုတ်ပေး။ ခြေထောက်ချိုးတဲ့သူက ချိုး။ ဗိုက်နှိပ်တဲ့သူက နှိပ်နဲ့။ ပြန်သတိရလာတယ်။ သူ့မှာ ဒဏ်ရာကြီးကြီးမားမား မရှိပါဘူး။ ဗိုက်ကို ဆောင့်မိပြီး မေ့သွားတာပါ။ ဗိုက်ထဲမှာ နာတယ်လို့တော့ ပြောတယ်။ နောင်က စီးတဲ့ကောင်လေး ကတော့ ညာဘက်ခြေတစ်ချောင်း လုံးဝ ကျိုးသွားခဲ့ပါတယ်။ လူတစ်ယောက်က အရိုးနဲ့အကြောအထူးကု ဆေးခန်းကို သွားဘို့ ပြောပါတယ်။ ကျွန်တော်လည်း ပို့ပေးမယ်လို့ ပြောလိုက်တယ်။ သူတို့ဆိုင်ကယ်ကို လ္ဘက်ရည်ဆိုင်ထဲမှာ ထားခဲ့ပြီး။ ကျွန်တော်တို့ ဆိုင်ကယ်နှစ်စီးနဲ့ သွားခဲ့ကြတယ်။ ကဲ - ခုတော့ အတာကြောင့် ဒီကောင်လေး ခြေတစ်ချောင်း အကောင်းတိုင်းပြန်ဖြစ်ပါအုံးမလား။
လ္ဘက်ရည်ဆိုင်မှာ သူငယ်ချင်းက သူ့ကောင်မလေးနဲ့ စကားပြောနေပါတယ်။ ကျွန်တော်က ဆိုင်ကလူတစ်ချို့နဲ့ ပူပူနွေးနွေးအဖြစ်အပျက်လေးကို ပြောဆိုနေမိကြတယ်။ စိတ်မကောင်းစွာနဲ့ပေါ့။ အစ်ကိုကြီးတစ်ယောက်က “ ဟာ ဆိုးတယ် ငါ့ညီ။ မလွယ်ဘူး။ ဒါ ဒီနှစ်တော်သေးတာလို့ ပြောရမှာပဲ။ အရင်နှစ်တွေကဆို ဒီဆိုင်ရှေ့မှာ သေသွားကြတာ မနည်းဘူး ” လို့ ပြောပါတယ်။ သူ့စကားကြောင့် ဆိုင်ရှေ့ကို လေ့လာကြည့်မိတယ်။ ဖြစ်နိုင်တာပေါ့။ လွယ်မရောင်နဲ့ ကွေ့ရခက်တဲ့ အကွေ့လေးပဲ။ စိတ်လွတ် ကိုယ်လွတ်နဲ့ အတင်းမောင်းလာတဲ့ ကောင်လေးတွေက ဂရုတစိုက်နဲ့ ကွေ့မနေကြတော့ဘူးလေ။ အားလုံးက ရူးမိုက်နေကြပြီကိုး။ ကောင်လေး ငယ်ငယ်လေးတွေကအစ သောက်တတ်နေကြပြီ။ အော်ဟစ်နေတတ်ပြီ။ ဆိုင်ကယ်တွေကိုလည်း အပြင်းစီးနေကြပြီ။ လိုက်လို့ မမှီတော့ဘူး။ ကျွန်တော်ဆို ခုချိန်ထိ တစ်ခါမှ အလွန်အကျွံ မူးနေအောင် မသောက်ဖူးဘူး။ ဒါဟာ အမှန်တရားပါ။ သောက်ဘူးတယ်။ မူးဘူးတယ်။ ခပ်ပါးပါးလေးလောက်ပါပဲ။ ခုတော့ မသောက်တော့ပါဘူး။ ထားပါတော့။ စောစောက အစ်ကိုကြီးက “မနေ့ညကလည်း ငါ့အိမ်ဘေးက ၀ကြီးလေ။ ဓားထိုးခံရလို့။ တော်သေးတာပေါ့ကွာ ပေါင်ကို ထိုးသွားလို့။ မဟုတ်လို့ကတော့ ပွဲကြီးပြီး သေမှာပဲ” လို့ ဆက်ပြောပါတယ်။ ကဲ ဓားထိုးမှု့ဖြစ်လောက်အောင် သွေးဆောင်ဖြားယောက်ရက်လိုက်တာ အတာရယ်။ ဘာကြောင့်များ အဲလောက် အသိစိတ်ပျောက်အောင် လုပ်ရက်တာလဲ။ အတာကပဲ ရက်စက်တာလား ။ အတာကို အကျည်းတန်အောင် လူတွေက လုပ်နေကြတာလား။ အတာဆိုတာ ရှိမလာရင်ရော ဒီလိုတွေ ဖြစ်ကြပါအုံးမလား။ ဒါမှမဟုတ် လူတွေမှာ အသိစိတ်ရှိနေရင်ရော ဒီလိုတွေ ဖြစ်လာနိုင်ပါ့မလား။ အရင်တုန်းကအတာဆိုတာကရော ဒီလိုပဲလား။ အားး မူးနောက်နေတာပဲ။
ဒီနေ့ ဒုတိယမြောက်အကြပ်နေ့ပါ။ မနေ့က ရပ်ကွက်တစ်ခုက ရေကစားမဏ္ဍပ်သေးသေးလေး တစ်ခုမှာပေါ့။ ကောင်မလေးတစ်ယောက် ချစ်စရာ အရမ်းကောင်းတာပဲ။ သူ့ပုံစံ သူ့အမူအရာ အ၀တ်အစား ဘာမှ အပြစ် ပြောစရာမရှိ။ သူ့အပြုံးက သူ့အလှကို ပိုပြီး တောက်ပစေတယ်။ သူတို့မဏ္ဍပ်ရှေ့ရောက်တော့ ကလေးလေးတွေက တားကြတယ်။ အစုလိုက် အပြုံလိုက် အုပ်လိုက်ပဲ။ တားနေတော့လည်း ရပ်ပေးရတာပေါ့။ ကလေးတွေကတော့ ဗြန်း ဗြန်း - ဆို ပက်သွားကြတာပေါ့နော်။ သူကတော့ အဲလို မဟုတ်ဘူး။ အေးဆေး တည်ငြိမ်စွာနဲ့ ညင်ညင်သာသာလေးပဲ လောင်းတယ်။ ရေစိုနေတဲ့အ၀တ်အစားနဲ့ ပေါ်လွင်နေတဲ့ သူ့အလှ တရားတွေမှာ ဘယ်လောက်ကြာကြာ နစ်မွန်းသွားသည် မသိလိုက်ဘူး။ ဟိ။ ရှက်လိုက်တာ (ရှက်တတ်တယ်ဗျ)။ “ ဘာကြည့်တာလဲ၊ ဖြိုးကို သိလို့လား ” လို့ မေးလိုက်မှပဲ ရှက်တိရှက်ကန်းနဲ့ “ မ မ မ သိပါဘူး၊ ဟိုလေ အရမ်းလှလို့ ကြည့်မိတာ၊ ဟီးးးးးးး ” လို့ သွားဖြဲကြီးနဲ့ အရှက်ကို ဖာရင် ပြောလိုက်ရတယ်။ အင်း ရှက်ပြုံးဆိုတာ ဒါမျိုးပြောတာ ထင်ပ။ နောက်မှာလည်း သင်္ကြန်ကားတစ်စီး ရောက်လာပြီမို့ ကျွန်တော်လည်း လစ်ဘို့ပြင်ရတော့ တာပေါ့။ ကြည့်လို့တော့ ၀သေးဘူး။ အဲဒီမှာ ဇာတ်လမ်းက စတာပဲ။ သူက ခဏဆိုပြီး မဏ္ဍပ်ထဲ ပြန်ဝင်သွားတယ်။ ဟော ယူလာပြီ။ ရေဖလား ခွက်။ ပြုံးပြုံးလေး ရောက်လာတဲ့ သူ။ အဲ နာမည်က ဖြိုးဆိုပဲ။ အသေမှတ်ထား လိုက်အုံးမယ်။ ခိခိ။ သူက “ကျွန်မကို မြောက်ပြောပေးတဲ့အတွက် နံ့သာရေနဲ့ လောင်းပါရစေ” လို့ ပြောပြောဆိုဆိုပဲ လောင်းလိုက်တယ်။ ဟိ။ ကွက်တိပဲ။ ရေချိုးပျင်းတဲ့ကျွန်တော် အ၀တ်လျှော်ပျင်းတဲ့ကျွန်တော် တစ်ကိုယ်လုံး မွှေးနေတာပဲ။ “ ဟို ဟို ၊ နာမည် သိချင်လို့ ၊ ဖြစ်လား” လို့ မေးလိုက်မိတယ်။ သိချင်နေတော့လည်း မရှက်နိုင်တော့ဘူး။ ကြိုက်မရှက် ငိုက်မရှက် ငတ်မရှက်တဲ့။ ကျွန်တော်ငိုက်နေတာမှ မဟုတ်ပဲ။ အဲတော့ ငိုက်လို့ မရှက်တာ မဟုတ်ဘူးဆိုတာတော့ သေချာမယ်။ ဒါဆို -- ငဲငဲငဲ။ “ အိအိဖြိုးပါရှင်၊ နောက်နေ့တွေလည်း လာလည်ဘို့ ဖိတ်ခေါ်ပါတယ်” တဲ့။ ၀ိုးးးးးးးးးးးးးး ဒီနေ့တော့ တွက်ပီ ကံကောင်းပြီ။ ကံတရားက မျက်စိလည် လမ်းမှားရောက်လာပြီးထင်တယ်။
အဲဒီလို အဲဒီလို ဇာတ်လမ်းတွဲလေးကြောင့် ဒီနေ့လည်း ရောက်လာမိပြန်ပြီ။ အကောင်းစား ဟုတ်ချင်မှဟုတ်မယ်၊ ဒါပေမဲ့ ကျွန်တော်အကြိုက်ဆုံး ခေါင်းစည်းပ၀ါလေးတစ်ထည်ကို သူ့အတွက် ၀ယ်လာခဲ့မိတယ်။ သူ့ဆံနွယ်တွေကို ရေမစို စေချင်လို့ပါ။ မရှည်မတိုနဲ့ ကြည့်လို့ကောင်းတဲ့ သူ့ဆံနွယ်တွေ မနေ့က ရေစိုနေတာ မြင်ခဲ့ရတယ်လေ။ သူ လက်ခံပေးပါစေလို့တော့ ဆုတောင်းမိတာ အမှန်ပဲ။ (ငြင်းလိုက်ရင်ဖြင့် မျက်နှာဘယ်မှာ ထားရမလဲ)။ သူတို့လမ်းထဲ ၀င်လိုက်တယ်ဆိုရင်ပဲ သူတို့မဏ္ဍပ်လေးကို လှမ်းမြင်လိုက်ရပြီ။ မဏ္ဍပ်ရှေ့မှာ လူအပြည့်နဲ့ ကားတစ်စီး။ ဆူညံနေတယ်။ ပျော်ရွှင်သံတွေပါ။ သင်္ကြန်သီချင်းမြူးမြူး လေးနဲ့ ရူးလို့ကောင်းပေါ့။ နတ်ရူး ဗုံမြောက်ဆိုသလိုပါပဲ။ ကျွန်တော်လည်း (လီဗာ) လီးဗာရ်ကို လျော့ရင်း ဖြေးဖြေးပေါ့။ လူရှုပ်နေသေးတယ်လေ။ ဟော ကားထွက်သွားပြီ။ ကျွန်တော့်ကိုမြင်တော့ သူ ပြုံးပြတယ်။ လှလိုက်တာ။ ဟင်းးးးးးးးး (သက်ပြင်းချတာ)။ ဘာပြောရမှန်းမသိတာနဲ့ သူ့ကိုပဲ ကြည့်နေလိုက်မိတယ်။ သူ ရှက်နေတယ်။ ကျွန်တော်ကလည်း မရဘူး။ ကြိုက်ရင် အဲလိုကြီးပဲ ကြည့်တတ်တာ။ အ ဟိ။ “ ဖြောင်း ၀ုန်း။ အမလေးးးးးးးးးးးးးးးးး ” ။ စူးစူးဝါးဝါး အော်သံ ကျယ်လောင်စွာထွက်ပေါ်လာတဲ့ အသံ ငိုသံတွေကြောင့် အလန့်တကြား ကြည့်လိုက်တော့။ ဟာ စောစောက ထွက်သွားတဲ့ကားပါလား။ ဘာဖြစ်တာပါလိမ့်။ အားလုံးလည်း ဆူညံနေတာပဲ။ ကျွန်တော်တို့ သွားကြည့်ကြတယ်။ ကလေးတွေက အပြေးသွားကြတယ်။ ကျွန်တော်က ဖြိုးကို စောင့်ခေါ်ရင် ခပ်မြန်မြန်လေးပေါ့။ ဘာမှ မဆိုင်တော့ အတူလည်း မသွားရဲဘူး။ သူကနောက်က။ ရှေ့ခပ်လှမ်းလှမ်းမှာတော့ ကျွန်တော်။ ဖြိုးကတော့ ရေစိုအ၀တ်နဲ့မို့ သွားရခက်နေသည်ထင်ရဲ့။ ကပ်တတ် ကပ်တတ်နဲ့ ဟိုအစဆွဲ ဒီအစဆွဲနဲ့။ တကယ်ပဲ သူ့ကို ဘယ်သူ ကြည့်နေတာ မှတ်လို့။ မိပဲ လေးပဲ။ ဟိ။ ဟင် အဒေါ်တစ်ယောက်။ မြင်လို့မှ မကောင်းဘူး။ ခေါင်းမှာလည်း သွေးတွေနဲ့။ စက်ဘီးလေးလည်း ကျိုးပဲ့လို့။ ကားရဲ့ ရှေ့မီးသီးတစ်လုံး ကွဲသွားတယ်။ ပြီးတော့ မှန်မှာလည်း ကွဲကြောင်ထင်လို့။ အဒေါ်ကို နီးရာဆေးခန်း (သို့)ဆေးရုံပို့ဘို့ လုပ်ကြရတာပေါ့။ သူတို့ကားပေါ်မှာ ကောင်မလေး တွေပါတယ်။ ကောင်မလေးတွေက မကြည့်ရဲလို့ မျက်နှာအုပ်သူကအုပ် လွှဲသူကလွှဲနဲ့။ အားလုံးက ကြောက်လန့်စိုးထိပ်စွာ ငိုနေကြတယ်။ ကဲ ဘယ်မှာလဲ ခုနက ပျော်နေတဲ့ အပျော်တွေ။ ကျွန်တော်ယူလာတဲ့ ပ၀ါလေးလည်း ဖြိုးကို ခွင့်မတောင်းပဲမျက်နှာကို အုပ်ပေးလိုက်တယ်။ သူ့ကို မမြင်စေချင်ဘူး။ သွေးလန့်သွားမှာ စိုးမိပါရဲ့။ ရောက်ရောက်ချင်းပဲ မျက်နှာကို ကွယ်ပေးလိုက်တဲ့ သဘောပါ။ ပြီးတော့ “ သွားပါ ဖြိုးရယ်။ မဏ္ဍပ်မှာနေနော်။ လမ်းမပေါ် သိပ်မထွက်နဲ့၊ ပြန်လာရင် ကိုယ်ပြောပြမယ် ” လို့ ပြောပြီး ပြန်လွှတ်လိုက်တယ်။ ဟိုကောင်မလေးတွေ ငိုနေတော့ သူလည်းရိပ်မိလို့ထင်ပါတယ်။ ပြန်သွားရှာတယ်။ ပိုင်စိုးပိုင်နင်းပဲ သုံးလိုက်တယ်။ ကိုယ် - လို့။ ဘယ်ရမလဲ မန်းသားလေ။
အဒေါ်ကို အနီးမှာရှိတဲ့ အိမ်က ဆေးရုံပို့ပေးပါတယ်။ အဒေါ်က ဒီရပ်ကွက်ထဲကတဲ့။ အဒေါ်က စက်ဘီးလေးနဲ့ လမ်းမပေါ်အရောက်မှာပဲ သင်္ကြန်ကားလေးနဲ့ ၀င်တိုက်မိတာတဲ့။ တော်သေးတာပေါ့။ အသက်ဆုံးရှုံးရ လောက်အောင်အထိတော့ မဖြစ်နိုင်လောက်ပါဘူး။ လူက လွင့်သွားပြီး လမ်းဘေးက ဓာတ်တိုင်နဲ့ ၀င်ဆောင့်တာလေ။ ပွတ်ဆောင့် ဆောင့်မိလို့ပေါ့ ။ မဟုတ်ရင် မတွေးရဲ စရာပဲ။ ကားဖြစ်ဖြစ် ဆိုင်ကယ်ဖြစ်ဖြစ် ဘီးဖြစ်ဖြစ် အ၀င်အထွက်ရှိတဲ့နေရာ အကွေ့ရှိတဲ့နေရာမှာ ကြိုပြီး အသိပေးသံ လုပ်ရပါတယ်။ တစ်ခါတစ်လေ မေ့နေတတ်တယ်။ တစ်ခါတစ်လေ တော့လည်း ဘယ်သူမှ မရှိလောက်ပါဘူးဆိုတဲ့ အတွေးနဲ့ မပေးမိပဲဖြစ် တတ်တယ်။ ဘယ်သူမှ မရှိရင်လည်း ထူးပင်ပမ်းသွားတာမှ မဟုတ်တာ။ ရှိရင် တစ်ဘက်ဘက်က ရှောင်လို့ တိန်းလို့ ထိန်းလို့ အချိန်ရတာပေါ့။ အဲဒါကြောင့် အ၀င်အထွက်ရှိတဲ့နေရာ အကွေ့ရှိတဲ့နေရာတွေမှာ အချက်ပေးသံ ပေးဘို့ မမေ့ကြပါနဲ့နော်။ ကဲ အတာရေ မင်းကြောင့်ပျော်ကြရပါတယ်။ ဒါပေမဲ့ ၀မ်းနည်းစရာ ရင်လေးစရာ ကြေကွဲစရာ မြင်ကွင်းတွေလည်း အများသား။ အတာကြောင့် သရုပ်ပျက်တွေ မြင်ရတော့လည်း စိတ်မကောင်းဘူး။ အတာကြောင့် ဆုံးရှုံးနစ်နာမှု့တွေ တွေ့ရတော့လည်း စိတ်မကောင်းဘူး။ အသက်ဆုံးရှုံးသူတွေ ကိုယ်လက်အင်္ဂါချွတ်ယွင်းသွားသူတွေ နှလုံးကွဲ အသည်းကွဲသွားသူတွေ အပျိုရည်ပျက်လို့ မျက်ရည်နဲ့ မျက်ခွက်ကျန်ခဲ့သူတွေ။ မထင်မှတ်တာတွေဖြစ်လာလို့ စိတ်သောက ရောက်ရသူတွေ။ ခုလိုဖြစ်ရတာတွေဟာ အတာကြောင့်လား ။ အတာရဲ့ အပြစ်လား။ အတာက အဲလောက်ထိ ရက်စက်တတ်သလား။ ဟိုအရင်ကလည်း ရှိခဲ့တဲ့အတာ။ ကျက်သရေ ဝေဖြာလို့ ပျော်ရွှင်ကြည်နူးစရာတွေကို ဖန်တီးပေးခဲ့တဲ့ အတာ။ ခုတော့ သူများတံတွေးခွက်မှာ ပက်လက်မျောရပြီ။ ယက်ကန်ယက်ကန်နဲ့ အဝေဖန်ခံနေရပြီ။ အရင်ကဆို လူတိုင်း စိတ်ကြည်နူးအေးချမ်းမှု့ကို ပေးတဲ့ လမင်းလို ( လအရမ်းသာတာပဲ၊ အေးမြလိုက်တာ) ဖြစ်ခဲ့တဲ့ အတာ။ ခုတော့ လိုသူက ချစ်ပေမဲ့ မလိုသူက မုန်းကြတဲ့ နေမင်းလို အတင်းတွေ အဖျင်းတွေ (တောက် ပူလိုက်တဲ့နေ) အပြောခံနေရပြီ။ စိတ်မကောင်းဘူး အတာ။ အရမ်းဝမ်းနည်းတာပဲ။ မင်းဟာ သန့်သန့်ရှင်းရှင်းလေးလို့ ငါ မြင်နေမိပါတယ်။ မင်းကို ၀မ်းနည်း ကြေကွဲဖွယ်တွေဖြစ်အောင် အရုပ်ဆိုး အကျည်းတန်အောင် လုပ်တာဟာ --------- ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ။ သယ်ချင်းတို့ရေ အတာကြောင့်လည်း ဒို့တွေသောက ဒုက္ခမရောက်သင့်ဘူးနော်။ ဒို့တွေကြောင့်လည်း ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ အတာကို အရုပ်ဆိုးအကျည်းတန်အောင် ၀မ်းနည်းကြေကွဲဖွယ်တွေ ကျန်ရစ်ခဲ့အောင် မလုပ်သင့်ဘူးလို့ မှာပါရစေ။
အားလုံးကို
ခင်မင်စွာဖြင့်
စံလင်း