မြန်မာ့ရှေ့ဆောင် ဘဏ်လီမိတက်နှင့် ကုန်ပစ္စည်း အရောင်းဆိုင်များ၏ ချိတ်ဆက်မှုဖြင့် လူသုံးကုန်ပစ္စည်းများကို အငှားဝယ်စနစ်ဖြင့် အရစ်ကျဝယ်ယူနိုင်ပြီဖြစ်ကြောင်းသိရသည်။
"အငှားဝယ်စနစ်မှာ တစ်နှစ်ချေးငွေ စနစ်နဲ့ နှစ်နှစ်ချေးငွေဆိုပြီးရှိတယ်။တစ်နှစ်ချေးငွေမှာ ၀ယ်ယူမယ့် ပစ္စည်း တန်ဖိုးရဲ့ ၃၀ ရာခိုင် နှုန်း၊အတိုးနှုန်းက ခုနစ် ရာခိုင်နှုန်းနဲ့ ဘဏ်ကော်မရှင်ခက တစ်ရာခိုင်နှုန်း အားလုံးပေါင်း ပစ္စည်း တန်ဖိုး ၃၈ ရာခိုင်နှုန်းလောက် ငွေသွင်းရမယ်။ နှစ်နှစ်ချေးငွေစနစ်မှာကတော့ ပစ္စည်းတန်ဖိုး ၂၀ ရာခိုင်နှုန်း၊ အတိုးနှုန်းက ၁၅ ရာခိုင်နှုန်းနဲ့ ဘဏ်ကော်မရှင်က တစ်ရာခိုင်နှုန်း အားလုံးပေါင်း ၃၆ ရာခိုင်နှုန်းလောက် ငွေသွင်းထားရမယ်။ ကျန်တဲ့ငွေကိုတော့ တစ်နှစ်ဆိုရင် ၁၂ လ အချိုးကျနဲ့ လစဉ်ငွေသွင်းရမယ်။နှစ်နှစ် အတွက်ဆိုရင်တော့ ၂၄ လနဲ့ အချိုးကျ တွက်ပြီး လစဉ်ငွေသွင်းရမယ်"ဟု မြန်မာ့ ရှေ့ဆောင်မှ ဘဏ်ဝန်ထမ်းတစ်ဦးက ရှင်းလင်းပြောပြသည်။
အငှားဝယ်စနစ်ဖြင့် ၀ယ်ယူရာတွင် ဘဏ်နှင့် ချိတ်ဆက်ထားသောဆိုင်များ တွင်သာ ၀ယ်ယူနိုင်ပြီး ဘဏ်တွင် စာရင်း ရှင်တစ်ခုရှိရ မည်ဖြစ်ကာ မှတ်ပုံတင် မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူနှင့် ၀န်ထမ်းဖြစ်က သက်ဆိုင်ရာဌာန တာဝန်ခံ၏ ထောက်ခံချက်နှင့် ဆိုင်ရှင်၏ ထောက်ခံချက်များ ပါရှိရမည်ဖြစ်သည်။
ငွေချေးဝယ်ယူသူက လစဉ်ငွေသွင်းမှု များပျက်ကွက်ပါက အာမခံသူများက ပေးလျော်ရမည်ဖြစ်သည်။
"အငှားစနစ်ဖြင့် ၀ယ်လိုက်ပြီဆိုရင် ကျန်ရှိတဲ့ငွေကို လဆန်း ၁ ရက်မှ ၅ ရက် အတွင်းသွင်းရမယ်။ ပျက်ကွက်ရင်တော့ ဒဏ်ကြေး အဖြစ် ပျက်ကွက်တဲ့ ငွေပေါ်မှာ ၁ ရက်ကို ၁၅ ရာခိုင်နှုန်းနဲ့ တွက်ပြီး ပေးရမယ်။ သုံးကြိမ် ပျက်ကွက်ခဲ့ရင်တော့ ၀ယ်ထားတဲ့ပစ္စည်းကို ပြန်သိမ်းမယ်။ ချေးငွေသွင်းတာ မပြည့်မချင်း ၀ယ်ယူထားတဲ့ ပစ္စည်းကို ရောင်းတာ၊ ငှားတာ၊ ပေါင်တာ မလုပ်ရပါဘူး"ဟု ၎င်းက ဆက်ပြောသည်။
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလပိုင်းမှစ၍အငှားဝယ်စနစ်ဖြင့် ၀ယ်ယူနိုင်သော ပစ္စည်းများမှာ တယ်လီဖုန်းနှင့်ဆက်စပ်ပစ္စည်းများ၊ ကွန်ပျူတာ ပစ္စည်းများ၊ ကား နှင့် ဆိုင်ကယ်များ၊ လျှပ်စစ်ပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် ဆေးရုံ ၀န်ဆောင်မှုလုပ်ငန်းများဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးတွင် မြန်မာ့ရှေ့ ဆောင်ဘဏ်ခွဲပေါင်း ၁၁ ခုရှိပြီး ဘဏ်ခွဲရှိသော မြို့တိုင်းတွင် အငှားဝယ်စနစ်ဖြင့် ကုန်ပစ္စည်းများ ၀ယ်ယူနိုင်သည်။