မိန်းမတွေ ရဲ့ ရောဂါ
“ဘယ်မိန်းမ ကိုမှ ကိုယ် တခါ မှ..... အခုလောက်.....” ဆိုပြီးတော့
ယောက်ျားတွေ က သူတို့ နဲ့ လက်ရှိ ပတ်သက်နေတဲ့ မိန်းမတွေ ကို
ပြောကြလေ့ရှိတာ ကိုယ်တို့ ကြားဖူးကြပါတယ်။ ဒီလို စကားမျိုး ကို
မောင်တို့ ပုရိသတွေ ပြောတာ အကြိမ် အထောင် အသောင်းကြားနေပါစေအုံးတော့၊
တခါ တခေါက် အသစ်ပြန်ကြားရတိုင်း လဲ ဦးနှောက်မပါရင် “ x ” စားမယ်ဆိုတဲ့
ကိုယ်တို့ မိန်းမတွေက ဦးနှောက်တွေဘာတွေ မေ့ထား ခေါက်ထား ပြီး
နားနဲ့နားထောင်ပြီး နှလုံးသားနဲ့ ယုံတာပါပဲ။
ကဲ ဘာလို့ ယုံကြတာတဲ့လဲ?
ကိုယ်တို့တွေတကယ်ပဲ သူတို့ ယောက်ျားတွေဟာ ကိုယ့်အရင် မှာ ဘယ်မိန်းမ
ကိုမှ အခုလောက် မချစ်ဘူးဖူး။ ဘယ်မိန်းမ ကိုမှ အခုလောက် မစွဲလမ်း
ဘူးဖူး၊ ဘယ်မိန်းမ အပေါ်မှာမှ သူအခု ကိုယ့်အပေါ် နူးညံ့တာလောက်
မနူးညံ့ဖူးဘူး၊ ဘယ်မိန်းမအေပ်ါမှာ မှ သူအခု ကိုယ့်အပေါ်
ပူပြင်းလောင်မြိုက် နေသလောက် မပူလောင်ဖူးဘူး၊ နောက်ဆုံး
ကုန်ကုန်ပြောရရင် ဘယ်မိန်းမ တယောက်ကို မှ သူ မနမ်းဘူးဖူး
မထိတွေကိုင်တွယ် ဘူးဖူး လို့ပြောလာရင် လဲ ယုံကြတာပါပဲ။
ကဲ တွေးကြည့်ကြပါအုံးလေ။ ဦးနှောက်လေးနဲ့ စိတ်အေးအေးထားပြီး။
ဘယ်ဖြစ်နိုင်ပါ့မလဲ။ သူက ကိုယ့်နဲ့ မတွေ့ခင် အထိ ဘုန်းကြီး
ဝတ်နေတာလဲမဟုတ်၊ တောထဲကနေ ခုမှ လူ့လောကထဲ ကို ပြန်ရောက်လာတာ လဲမဟုတ်။
နောက်တခု က ကိုယ်တွေက ကော အဲ့လောက်တောင်ပဲ စွဲဆောင်မှု
ပြင်းထန်နေပြီလား? တကယ်ပဲ “လိုရှင်း မင်းသမီး” လောက်နီးနီးလှနေပြီလား။
စိတ်အေးအေးထားတွေးပါလေ။
ကဲ နောက်တခု ထပ်ပြောရရင် သူ့အရင် ကောင်မလေးတွေ အမျိုးသမီးကြီးတွေကို
သူက ယောက်ျား ဘာသာဘာဝ ချိုပျားသကာစကားတွေ မပြောခဲ့ရင်၊ မပီမပလာ ခဲ့ရင်၊
လျာရိုးမရှိတိုင်း ညာပြီး အာမရွှီးခဲ့ရင် အရင် သူ့ကောင်မလေးတွေ
အကုန်လုံးက သူဘာမှ မလုပ်ဘဲနဲ့ သူ့နောက် ကို “နောက်ကနေ
တကောက်ကောက်လိုက်၊ အကြောင်းမရှိ အကြောင်းရှာပြီး အိမ်ကို ဖုန်းတွေဆက်၊
လူတွေပြောပြောမကောင်းလဲ ချစ်မှာပဲ” လို့ ဆိုပြီး ဖြစ်နေကြလို့လား။
အဲ့လိုကောင်မလေးမျိုးတွေ မရှိဘူး မပြောပါဘူး ကိုယ့် အမျိုးသား “ကျား”
စကားတွေ ကို ချင့်ချိန်ယုံဖို့ ပြောနေတာပါ။ တီချမ်း ပေါက်ကရတွေ
လျောက်ရေးနေတိုင်း ခေါင်းစဉ် မလွဲသွားနဲ့လေ။
မောင် ချစ်တာ ကမ္ဘာမှာ ကိုယ်တယောက်ထဲပါ။ တလောကလုံးမှာ မောင့်အတွက်တော့
ကိုယ်သာ အလှဆုံးပါ။ မောင် ချစ်တာ ကိုယ်တယောက်ထဲပါ ဆိုပြီး ဗဒင်
သီချင်းဆိုပြလဲ ကိုယ်ဘယ်လို ယုံရမလဲမောင်။ ကိုယ်က တခြား မိန်းမတွေ
လို လှယုံ လှပြီး ဦးနှောက်မရှိတာ မှမဟုတ်တာ။ ကျန်တာတွေအကုန်ဖွဲတွေပါ
ဆိုပြီးတော့ အဲ့ဒီ ဖွဲတွေ ကိုပဲ လက်တဆုပ်မက ၇ အိတ်လောက်
(ဖြစ်နိုင်ရင်) ထမ်းချင်နေ ကြတာ မောင်တို့ ယောက်ျားတွေပဲ ဆိုတာ
ကိုယ်တို့ မေ့လို့ မဖြစ်ပါဘူး။
လျှို့ ဝှက်ချက်တခု ကိုပြောပြရမယ်ဆိုရင်တော့ မောင့်တို့ကို
ကိုယ်မယုံတာ ရှင်းပါတယ်။ အဖြေက မောင်တို့က ယောက်ျား ဖြစ်နေလို့ပဲ။
ဒါပေမယ့် ခက်တာ က မောင်တို့ ယောက်ျားတွေက “မင်းဟာ အားလုံးထဲမှာ
အထူးခြားဆုံး၊ ဘယ်သူတယောက်နဲ့ မှမတူတဲ့ ခံစားချက်တွေကိုယ့်ကို
အပေးနိုင်ဆုံး.....” လို့ ပြောလာတဲ့ အခါတိုင်း
ကိုယ်တို့တွေစိတ်ထဲမှာ သံသယ တဝက်နဲ့ ယုံစားမှု တဝက် အမြဲ ဒွိဟ
ဖြစ်ရပါတယ်။
ဒီတခါ ပြောတာကများ တကယ်ဖြစ်နေမလား။ မောင့် ရင်ထဲက စကား အစစ်အမှန်များလား။
ကိုယ်ဟာ တကယ်ပဲ မောင့် ဘဝ ရဲ့အလင်းရောင်လား၊ မောင့် ဘဝ အဖြေတွေကို
သယ်ဆောင်လာပေးခဲ့တဲ့ နတ်သမီးလေးလား လို့ မောင်တို့ ရဲ့ အပြောတွေ
ကြားမှာ မိန်းမောမူးရီ ယုံမှတ်ထင်ယောင်မှား ရပါတယ်။
မောင့် အရင် ရည်းစားတွေအကုန်က မောင့်ကို အတင်းလိုက်ကြိုက်ခဲ့လို့
သာမောင် က အားနာနာ နဲ့ ပြန်လိုက်လျောရရှာတာနေမှာ။ မောင်က မိန်းမတွေ ကို
ငဲ့ညှာတတ်တဲ့ အခွင့်အရေးမယူ တတ်တဲ့ ရှာမှရှားတဲ့
ယောက်ျား“ကောင်း”မျိုးလေ။
ဒီကမ္ဘာလောကကြီးတခုလုံးမှာ မောင်ချစ်တာ ကိုယ်တယောက်တည်း။ မောင်
အခွင့်အရေး စိတ်လိုလက်ရ ယူချင်တာလဲ ကိုယ်တယောက်တည်း။
အဲ့လိုမျိုးတွေ တွေးပြီးတော့ အဲ့လိုမျိုးတွေ အကြောင်းပြချက်တွေ
ရှာပြီးတော့ ကြံကြံဖန်ဖန် ယုံပေးတတ်တာ ကြည့်ရတာ ကိုယ်တို့ မိန်းမတွေ
ရဲ့ “ရောဂါ” နဲ့ပဲတူပါတယ်လေ။
နောက်ပြီး မိန်းမတွေ အများစုမှာ မသိစိတ်က ဘယ်လောက်ဆိုးတဲ့ ယောက်ျားပဲ
ဖြစ်ဖြစ် ငါ့လက်ထဲရောက်လာရင်တော့ ငါပြင်ရင်ရမှာပါလေ။ ငါ့ကိုတော့
တကယ်ချစ်ရှာတော့ ငါ့စကားနားထောင်မှာပါ ဆိုတဲ့ ကယ်တင်ရှင် သူရဲကောင်း
ဖြစ်ချင်စိတ် ဟာ အနည်းနဲ့ အများတော့ ရှိကို ရှိတယ်။ အဲ့တာ
ကိုယ့်ကိုကိုယ် အထင်ကြီးတာမဟုတ်ဘူး မိခင် စိတ် ကိုအခြေခံတာပါ လို့
ကိုယ်ပြောရင် မောင်တို့ ယုံလိုက်ပါ။
ဒါပေမယ့် တကယ့်တကယ်တော့ အဲ့တာ ရောဂါလက္ခဏာစု ရဲ့ လက္ခဏာ တခုပါပဲ။
မှတ်ချက်။
မနေ့ညက အာကလီး ဘက်တီ ကြည့်နေရင်ဒ စီစင်တူးမှာ သူ စာရေးဆရာတယောက်ကို
အင်တာဗျူးတဲ့ အခန်းပါတယ်။ အဲ့ဒီ စာရေးဆရာက မိန်းမတွေ ကို “လိုက်နည်း”
“အောင်နိုင်နည်း” စတဲ့ ပုရိသ အသားပေ စာအုပ်တွေ ရေးတဲ့ စာရေးဆရာပါ။
ကိုယ်လဲ တွေးမိတယ် ကိုယ်ကကော ဒီလို ဆောင်းပါးလို့ ကိုယ့်ဘာသာ
နာမည်တပ်ထားတဲ့ ဝတ္ထုမကျ အက်ဆေးမကျ စာတွေ လျောက်ရေးနေတာ မိန်းမတွေ ဘက်က
ရေးနေတာလား၊ ယောက်ျားတွေ ဘက်ကရေးနေတာလား။ ယောက်ျားတွေ
ကိုယ့်စာတွေကိုဘတ်ပြီး မိန်းမတွေ အပေါ် ပိုကောင်းစေချင်တာလား။
မိန်းမတွေ ကိုယ့်စာတွေဘတ်ပြီး ယောက်ျားတွေ ကို သတိထား တတ်စေချင်တာလား
မသိတော့ပါဘူး။ အကုန်တော့ နည်းနည်းစီ ရောနေတယ် ထင်ပါတယ်။
ကဲ ဓါတ်လုံးတော့ ပေးလိုက်ပြီနော် လာလေ့ရော့ ကိုယ့်ဘာသာ ဥာဏ်ရှိသလိုသာ
သုံးကြပေတော့။ အားနဲ့ ပစ်ရင် အဝေးရောက်တယ် ရေစိမ်သောက်ရင် သေးပေါက်တယ်။
…………………………………..
ကျားစကား = ပျားစကား
မနေ့က New York i love u....ဆိုတဲ့ ရုပ်ရှင် ကို ပြန်ကြည့်ဖြစ်ပါတယ်။
အဲ့မှာ အီသန်ဟော့ခ် က မက်ဂီ ခရူး ကို ဆေးလိပ်သောက်နေတုံး ပြောတဲ့ အခန်း
ကို ကြည့်ပြီး ယောက်ျားတွေအကြောင်း တွေးမိတာပါ။ သူပြောတဲ့ စကားတွေကတော့
စာဘတ်သူတွေအတွက် ဆင်ဆာပါတဲ့ အတွက် တီချမ်း အတွေး တွေပဲ အသားပေးရေးပါမယ်။
လောကမှာ ပျားသကာလိုချိုတဲ့ စကားမပြောတတ်တဲ့ ယောက်ျား ရယ်လို့ရှိပါသလား?
တချို့ယောက်ျားတွေဆို အချစ်ဇာတ်လမ်းတွေကို ခဏခဏ
လုပ်တတ်လွန်လို့စကားချိုချိုပြောတယ်ဆိုတာ သူတို့အတွက် ထမင်းစား
ရေသောက်။ တခါတခါများ အတန်းထဲမှာ သူငယ်ချင်းတွေ ကြားမှာ ရည်းစားစာရေးနည်း
သင်ပေးတာ၊ စကားလိုက်ပြောနည်း သင်ပေးတာ စသဖြင့်
ဂုရုကြီးတွေကိုဖြစ်နေတဲ့ ယောက်ျားတွေ ရှိတတ်ပါတယ်။
အဲ့တော့ တီချမ်းကလဲ သမီးတွေအတွက် self defense mechanism လို့ခေါ်တဲ့
မိမိကိုယ်ကို ကာကွယ်စောင့်ရှောက် နားမယောင်မိအောင် နည်းလမ်းလေးတွေ
ပြောပြချင်ပါတယ်။
ယောက်ျားတွေ တော်တော်များများဟာ အရွယ်ကလေး စရောက်တာနဲ့ မိန်းကလေးတွေကို
စာလိုက်ပေး စကားလိုက်ပြော မဟုတ်ရင်လဲ
ကိုယ်တိုင်အတွေ့အကြုံမရှိတဲ့သူတွေကတောင်မှ သူငယ်ချင်းတွေ နဲ့
လက်ဘက်ရည်ဆိုင်ထိုင်ရင် ပြန်ပြောတဲ့ စကားတွေကြား စတာတွေကြောင့် နားရည်ဝ
ပြီး မတတ်ဘူးဆိုတဲ့ ယောက်ျားလေးတောင် အနည်းဆုံးတော့ ကြမ်းပိုး ကို
လိပ်ဖြစ်အောင် ပြောနိုင်ပါတယ်။
သူတို့ တွေက တွေ့ခါစ မိန်းကလေးတွေ ခင်ခါစ မိန်းကလေးတွေကို စကားစပြောတဲ့
အခါ ဒီလိုပြောလေ့ရှိပါတယ်။
“ကိုယ့်ဘဝမှာ မိန်းမတွေအများကြီး ကြုံတွေ့ခဲ့ဖူးတယ်၊ ဒါပေမယ့်....တခါမှ
တယောက်ကို မှကိုယ်ဒီလောက် အထိ မချစ်ခဲ့ဘူးဘူး”
အပြောခံရတဲ့ မိန်းကလေးမှာတော့ အတွေ့အကြုံသာ မရှိရင် ဆွတ်ပျံ့ ကြည်နူးပြီး
မျက်ရည်တွေတောင် ဝိုင်းလောက်တယ်။ (အကြည်တော်သာဆိုရင်တော့
မျက်ရည်တွေဘူးသီးလုံးလောက်လို့ ရေးပါလိမ့်မယ်)
ထားတော့ ဒါက တကဒ်ပေါ့။
နောက် တနှစ်လောက် ကြာတဲ့ အခါကျတော့ အဲ့ဒီ ယောက်ျားကပဲ အဲ့ဒီ
မိန်းမယောက်ထဲကိုပဲ ဘယ်လို ထပ်ပြောနိုင်သေးလဲ ဆိုတော့.....
“မင်းဟာ ငါတွေ့ ဘူးသမျှ မိန်းမတွေထဲမှာ ပစိပစပ် အများဆုံး မိန်းမပဲ”
ဒါမှမဟုတ်....
“မင်းဟာ ငါတွေ့ဘူးသမျှ မိန်းမတွေထဲမှာ စိတ်ပျက်စရာ အကောင်းဆုံး
မိန်းမပဲ” လို့ ဖြစ်နိုင်ပါတယ်။ မယုံမရှိပါနဲ့။ တကယ်ပါ။
ထားတော့ ဒါကတော့ နောက်တကဒ်ပေါ့နော်။
အဲ့တော့ အဲ့လို မာယာများတတ်တဲ့ မောင်တို့ ယောက်ျားတွေကို
ရင်ဆိုင်နိုင်ဖို့အတွက် ကိုယ်တို့မိန်းမတွေ ဘာတွေသိထားဖို့ လိုလဲ
ဆိုတာ ကိုယ်တို့ မိန်းမထု အတွက် ပါရာဒိုင်းအပြောင်းအလဲလောက်ကို
အရေးကြီးတဲ့ မေးခွန်း တခု ဖြစ်လာပါတယ်။
(မှတ်ထားကွ ကိုယ်လဲ ပါရာဒိုင်းတွေဘာတွေရေးတတ်ပါတယ်) တကဒ်....
တကယ်လို့ ယောက်ျားတယောက်ကများ ကိုယ့်ကို ......
“တကယ်ပါ ကိုယ်နောက်ထပ် ဘယ်မိန်းမတယောက်ကိုမှ ထပ်ချစ်မိမှာ မဟုတ်ဘူး”
လို့ပြောလာရင် ကိုယ်တို့ မိန်းမတွေ နားလည်ရမှာက ......
သူပြောချင်တာက “လတ်တလော” ”လောလောဆယ်” “ခုချက်ချင်း” စတဲ့စကားစပ်တွေနဲ့
နောက် မိန်းမတယောက်ကို ချစ်မှာ မဟုတ်သေးဘူးလို့ ပြောနေတာပါလား လို့
သဘောပေါက်ရပါမယ်။
တကယ်လို့ယောက်ျားတယောက်က “ကိုယ့်တဘဝလုံး မိန်းမ တယောက်ထဲ ကိုပဲ
ချစ်ဘူးတယ်” လို့ပြောရင် အော်.....သူက အမေ ကို တော်တော်ချစ်တဲ့
သားပါလား လို့ သဘောပေါက်ရမယ်။
ယောက်ျား တယောက်ယောက်ကများ ကိုယ့်ကို “ကိုယ် မင်းကို တသက်လုံး
စောင့်ရှောက်ပါရစေ” လို့ ပြောလာရင်တော့ “သတိ”ဆွဲပါ။
ဘာလို့လဲဆိုတော့ သူတို့ ရဲ့စောင့်ရှောက်မှုတွေ က များသောအားဖြင့်
ကိုယ်တွေက .....
သူတို့ အတွက် အိမ်ထောင်မှု ထိန်းသိမ်းပေးတာ၊
ထမင်းဟင်းချက်ပြုတ်ကျွေးမွေတာ၊ စီးတဲ့ရေတွေဆည်ပေးတာ၊ သူ့ အိမ်သားတွေနဲ့
သူနဲ့ ရတဲ့ ကလေးတွေကို ပြုစုပျိုးထောင်စောင့်ရှောက်ပေးတာတွေ နဲ့
အဆုံးသတ် တတ်လို့ပါ။ သိပ်အရေးကြီးတယ် ဒီအချက်။
ယောက်ျားတွေ ရဲ့ ချိုသကာ ပျားစကားတွေ က သိပ်ပလီပလာ အတည်အတာ ပျစ်ချွဲ
ချိုခဲ နေတတ်ပါတယ်။ ဒါပေမယ့် တချိန်ထဲမှာလဲ ယောက်ျားတွေ ရဲ့ ကတိတွေဟာ
များသော အားဖြင့် လေထုထဲမှာ မှေးမှိန်ပျောက်ကွယ် သွားလွယ်လောက်အအောင်
ပေါ့သွမ်း တယ် ဆိုတာလဲ သတိမူမိဖို့ လိုပါတယ်။ သူတို့ စကားတွေကတိတွေဟာ
အကုန်လုံး လိုလို ပြောလွယ်တယ် မေ့လွယ်တယ်။
ဒီလိုစကားတွေကို အချစ်မှာ ဝေမူးမှိုင်းမှုန်နေတဲ့ ဦးနှောက်မဲ့
မိန်းမတွေသာ ယုံတတ်တာကလား။
ဒါပေမယ့်လဲ အွန်ကွန်ထရာရီ.....အချစ်နဲ့ တွေ့ရင် မမူးတဲ့ မှိုင်းမမိတဲ့
မိန်းမရယ်လို့ ကော လောကကြီးမှာ ကြားဖူးပါသလား.....မိန်းမတွေဟာ
ဦးနှောက်မပါရင် ဟိုဟာပါ စားမယ် ဆိုတာ ရှေးလူကြီးတွေပြောခဲ့တဲ့ စကား
အလကားမဟုတ်ဘူးနော်။ တကယ်လဲ မိန်းမ အများစု တခါတခါ ကိုယ်တွေ ကို ငါဟဲ့
မိန်းမထက် လို့ ထင်တလုံးနဲ့နေနေတဲ့ မိန်းမတွေတောင် အချစ်နဲ့ တွေ့ရင်
တခါတည်း မူးပြီး လည်ထွက်သွားရင် ပိုခက်တတ်တာ အများကြီးကြားဖူး ကြုံဖူး
တွေ့ဖူးတယ်လေနော်။
အဲ့တော့ ကါန်ကလူးရှင်း ရရင် ယောက်ျားတွေ ရဲ့ ချိုသကာ ပျားစကား တွေ က
အခါချိန်ထိ အလုပ်ဖြစ်နေတာ ကိုယ်တို့ မိန်းမတွေ ညံ့နေသေးလို့ ပဲပေါ့။
ကဲ နန်းမတော် မိမိချမ်းတယောက်ကတော့ ငါဟဲ့ အဆိုးမြင် မကြီးဆိုပြီးသကာလ
ရုံးမှာ အားနေတော့ မနေ့ညက တခါပြန် ကြည့်တဲ့ ရုပ်ရှင် ကို
ပြန်မြင်ယောင်ပြီး ဦးခေါင်း ကို အလုပ်ပေး လက်ကလိုက်ရေးနဲ့ ရေးတော့
ရေးလိုက်ပြန်ပြီ မစဉ်းစား မဆင်ခြင်ဘဲ ကောင်းတာ ယူတတ်ရင်တော့
အကျိုးရှိမှာပေါ့။
…………………………………..
ယောက်ျားတို့ရဲ့ သဘောထားများ
နန်းညီ ရဲ့ အတွေးချာလည် ကိုဘတ်ပြီး ကိုယ်လဲ အတွေးတွေ ထပ်ချာလည် သွားပြန်ပါတယ်။
ကိုယ်ရေးတဲ့ စာတွေအများစုမှာ ဆိုရင် အမှန်တရားတွေ (ယောက်ျား
မကောင်းကြောင်း) များပါတယ် လို့ ကိုယ့်ကိုကိုယ်ထင်နေတတ်ပါတယ်။
အဆိုးမြင်နေသလိုတောင် ဖြစ်နေတာလားလို့ ဒါပေမယ့်လဲ ယောက်ျား
ကောင်းဆိုတာ က မတွေ့မိသလောက်ရှားနေပြန်တယ်။ တော်ရင် မောက်မာ ဂုဏ်
မာန်တက် မတော်ရင် ညံ့ မညံ့ရင် ဖျင်း မဖျင်းရင် ပျင်းဆိုသလိုတွေချည်းပဲ။
အခု မိညီမ ရဲ့ အတွေးတွေကို ဘတ်မိတော့ ထပ်ဆင့်တွေးမိတာတွေ
ရှိလာပြန်ပါတယ်။
ယောက်ျားတွေ ရဲ့သဘောထားတွေပေါ့။ ကောင်းတယ်ဆိုးတယ် သတ်မှတ်တဲ့ သဘောထား။
သင့်တော်တယ် တည့်မှန်တယ် ဝေခွဲပိုင်းခြားတတ်တဲ့ သဘောထား၊ မြင့်မြတ်တဲ့
နိမ့်ကျတဲ့ သေးသိမ်တဲ့ သဘောထား စတာတွေကို မီးခိုးကြွက်လျောက် လျောက်
စဉ်းစားဖြစ်ပါတယ်။
ဥပမာ တခု ပြောရရင် ယေဘုယျ အားဖြင့် တပြိုင်တည်းမှာ ကောင်မလေး အများကြီး
ထားတဲ့ ယောက်ျားက တပြိုင်တည်း ကောင်လေး အများကြီး ထားတဲ့ မိန်းကလေးတွေ
ထက်များတာ အမှန်ပဲ။
ကိုယ် လူကြီးတယောက်ကို သိတယ်။ မိန်းမရှိတယ်။ မယားငယ်လဲရှိတယ်၊
ကြားထဲမှာ “ကောင်မလေး” ဆိုတာတွေလဲရှိတယ် ပြီးတော့
ကြေးစားကောင်မလေးတွေဆီလဲ ခဏခဏ သွားတယ်။ သူနဲ့ သူ့ပတ်ဝန်းကျင်က
လူတွေအတွက်၊ သူ့ သူငယ်ချင်းပေါင်းအသင်းတွေအတွက် ဒီကိစ္စတွေဟာ
ထမင်းစားရေသောက်ဘာမှ မထူးခြားသလိုပဲ။
ကြည့်ရတာ ယောက်ျားတွေ ရဲ့သဘောထားက ကြေးစားသွားရှာတာ သေးသိမ်တဲ့
အလုပ်လို့ မခံယူဘဲနဲ့ ကြေးစားကို စားပြီး ပို်က်ဆံမပေးတာက မှ
သေးသိမ်တယ် လို့သတ်မှတ်သလား မသိ။ ကိုယ်တောင် တကယ်တာဝန်မယူနိုင်ဘဲ
ရည်းစားနဲ့ နေတာ ထက်စာရင် ကြေးစားရှာတာ ကို အားပေးပါတယ်။ ဒါပေမယ့်
မိညီရေးသလိုကြေးစား ရှာပြီး ပိုက်ဆံတောင် မပေးဘဲ ကားပေါ်က
ကန်ချတယ်ဆိုတော့ တော်တော် ကို သေးသိမ်ညံ့ဖျင်းတဲ့ ထဲရောက်သွားပြီ။
တကယ်ပါ ကိုယ် အရင် က တိုးဂိုက်လုပ်ဖူးတော့ ကြေးစားကောင်မလေးတွေနဲ့
ဒွေးရောယှက်တင် မောင်နှမတွေ လိုကို နေဖူးပါတယ်။ ကိုယ်က သမီးလေးတွေလို
သဘောထားတာပါပဲ။ တခါတခါ မြန်မာပြည်မှာ အဲ့ အလုပ်လုပ်ရတာ တော်တော်
ကိုခက်တယ် ခဏခဏ ကြားရတယ် တယောက်ထဲပါလို့ပြောပြီး ခေါ်ကြ ပြီးတော့
အုပ်စုလိုက်လုပ်ကြတာ။ သူများတွေလဲ ပိုက်ဆံရှာနေတာပဲ
ကို်ယ်ချင်းစာသင့်တယ်။ အဲ့တာ လုပ်အား အမြတ်ထုတ်တာထက်ပိုဆိုးတာပဲ။
နောက်ပြီး ကိုယ်တွေ့ဖူးသလောက် အဲ့တာမျိုးက မြန်မာပြည်မှာဘဲ ရှိတယ်။
တွေးကြည့်ရင် ပြောစရာတွေအများကြီး ထွက်လာအုံးမှာ။
တချို့ ယောက်ျားတွေ သူများ မယားကို ကြာခိုတော့ ပြုံးပြုံး နဲ့
ပြောလိုက်သေးတယ် ဒုသနသော ကို ဘာတဲ့ ဒုတိယ ယောက်ျားက သေတော့
သောတပန်တည်တယ်ဆိုပဲ အဲ့လို ယောက်ျားမျိုးပဲ ကိုယ့်မယား ပါသွားတော့မှ
တုတ်တပြက်ဓါးတပြက်တွေဖြစ်တာ။
ယောက်ျား ကောင်းတော့ မောင်းမ တထောင်တဲ့ မိန်းမတယောက်များ
ရည်းစားများမိရင် မိန်းမပျက် လောက်ကို အပြောခံရတာ။ ရှိသေးတယ်
ယောက်ျားတွေ နှာဘူးထတာ အဲ့တာ ယောက်ျား စစ်လို့တဲ့။ ယောက်ျားတွေ
ရည်းစာများရင် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တဲ့ မိန်းမတွေ
ရည်းစားများတော့ မျက်နှာများတာတဲ့ အရပ်ပျက်တဲ့။
ဒါပေမယ့် သေချာတာ တခုတော့ ရှိတယ် အဲ့လို သဘောထားတွေ ရှိတတ်တဲ့
မဟာယောက်ျားတွေပဲ သဘောထားပြောင်းသွားတဲ့ အချိန်လေ။ အဲ့တာကတော့
သူတို့အိမ်ထောင်တွေဘာတွေကျလို့ သမီး မိန်းကလေး မွေးလာတဲ့ အချိန်ပေါ့။
အဲ့အခါကျတော့ သူတို့လူပျို လူလွတ်ဘဝ က ထားခဲ့တဲ့ သဘောထားတွေ သူတို့
သမီး ကို လာပတ်မယ့် ကောင်လေးတွေကျရင် ဘယ်လို သဘောထားနိုင်မလဲ
ကြည့်ချင်ပါသေးတယ်။ အော် နောက်ဆုံးတော့လဲ ကာလဝိပတ် နောက်ပိုးတက်ပဲလေ။
...............................
အတွေးချာလည်
ခုတလော ဟိုတွေးဒီတွေး တွေးနေမိတာ.. မိန်းမတွေရော ယောက်ျားတွေရောကို
စိတ်ဓာတ်ပြည့်ဝစေချင်တဲ့အကြောင်းပါ.. ယောက်ျားမို့ စိတ်ဓာတ်ပြည့်ဝရမယ်
သဘောထားကြီးရမယ်.. မိန်းမဆိုတာ စိတ်ဓာတ်သေးသိမ်တယ်လို့
သတ်မှတ်ခံရတာကိုလည်း မနှစ်သက်နိုင်ပါဘူး.. စိတ်ထားပြည့်ဝတဲ့ မိန်းမတွေ
များသလို မိုက်ရိုင်းယုတ်ညံ့တဲ့ ယောက်ျားတွေလည်းရှိတာပါပဲလေ.. ကိုယ်ကတော့
မိန်းမ ယောက်ျားရယ် မခွဲခြားတတ်.. လူလို့ပဲ တွေးပါတယ်.. တကယ်ပါ.. ဒီလို
ရောက်တတ်ရာရာတွေ တွေးဖြစ်တာက ညတစ်ည ကြုံရတဲ့အကြောင်းတစ်ခုကနေ စပါတယ်..
ဟိုနေ့က အိဖူးနဲ့ နန်းညီ နှစ်ယောက်သား ရွှေဂုံတိုင် လင့်လမ်း မှတ်တိုင်ကနေ
coffee circle ကို လမ်းလျှောက်သွားကြတယ်.. ရန်ကုန်က လူတွေကတော့
သိကြမှာပေါ့.. coffee circle ဆိုတဲ့ ဆိုင်က မှတ်တိုင် တဝေးတလံကြီး
နှစ်ခုကြားထဲမှာဆိုတော့ တက္ကသီလာမှ ငှားမစီးရင် ရှေ့တည့်တည့်ရောက်ဖို့က
ခဲယဉ်းတယ်လေ.. အဲ့ဒိနေ့ညကတော့ ည ၇ နာရီခွဲလောက်.. နေလည်းမပူ မိုးလည်းမရွာ
အေးအေးလူလူဆိုပြီး နှစ်ယောက်သား လျှောက်ကြတာ..
မှတ်တိုင်ဘက်ခြမ်း ကားလမ်းကနေ ဟိုဘက်ကားလမ်းကို ကူးလိုက်တဲ့အခါ အဲဒိဘက်
ပလက်ဖောင်း ခပ်မှောင်မှောင်အရိပ်ထဲမှာ လူ ၃ ယောက် ၄ ယောက်လောက် ရှိနေတာ
အနားကပ်မှ သတိထားမိတယ်.. အော် - ဘာဖြစ်လဲပေါ့.. သူတို့ရှိလည်း
ကိုယ်လျှောက်စရာ ရှိတဲ့လမ်း လျှောက်မယ်ဆိုပြီး..
ဒါပေမယ့် အဲ့လူတွေက ကိုယ်တို့ ဖြတ်လည်းသွားရော ပါးစပ်တွေက အငြိမ်မနေ
ပေါက်ကရတွေ ပြောပါတော့တယ်.. ပြီးတော့ နောက်နား ခပ်လှမ်းလှမ်းကနေ
လိုက်လျှောက်လာကြတယ်.. ရိုးအီနေပြီပဲ ပြောရမလား.. ဒီအနေအထားမျိုး
ဖြေရှင်းတတ်တယ်ပဲ ပြောရမလား.. မိန်းကလေးတွေကို ပေါက်ကရ စ နောက်တတ်သော
ယောက်ျားအများအပြားကို ခဏခဏကြုံနေရတော့ နှစ်ယောက်သား အထူးအထွေတော့
မတုန်လှုပ်မိ.. ဒါပေမယ့် စိတ်အနှောင့်အယှက်တော့ ဖြစ်တာပေါ့လေ.. အဲလိုနဲ့
ဆက်လျှောက်လာရင်း သူတို့နဲ့ သိပ်တောင် မဝေးသေးခင် မျက်နှာချင်းဆိုင်ကနေ
ကောင်လေး ၄ ယောက် ပလက်ဖောင်းပြည့် စီတန်းပြီး လျှောက်လာနေပြန်ရော..
နှစ်ယောက်သားက ခုနကတည်းက စိတ်နည်းနည်း ခု လာတော့ ရှောင်ဖို့ထက်..
မရှောင်ဘူးဟာ နင်တို့ဖယ် ဆိုတဲ့ မျက်နှာပေး မျက်နှာတင်းတင်းကြီးတွေနဲ့
သူတို့ ကြားကပဲ ဖြတ်ဖို့ ကြံရွယ်ပြီး ဆက်လျှောက်လာခဲ့တယ်.. ဒါပေမယ့်
အနားကပ်မှ မမျှော်လင့်ပဲ.. "အမ တို့ ပါလား.. ဘယ်သွားမလို့လဲ"လို့
တရင်းတနှီးကြီး နှုတ်ဆက်သံကြားလို့ မော့ကြည့်တော့မှ .. ကိုယ်တို့ တိုက်
အပေါ်ထပ်မှာနေတဲ့ ကောင်လေးဖြစ်နေတယ်.. အသက် ၂၀ လောက်ကောင်လေး.. သူငယ်ချင်း
၃ ယောက်နဲ့.. ကိုယ်တို့ကို မြင်ရင် အရင်က နှုတ်ဆက်လေ့ မရှိပေမယ့် ခုတော့
ညဘက်လည်းဖြစ်နေ.. သူ့ သူငယ်ချင်း ကောင်လေးတွေနဲ့လည်းဖြစ်နေ..
နောက်ဘက်နားက ကပ်ပါလာတဲ့ ယောက်ျားတွေလည်းမြင်တော့ ကူညီတဲ့အနေနဲ့လို့ပဲ
ပြောရမလား.. တရင်းတနှီး လှမ်းနှုတ်ဆက်လိုက်တဲ့ စိတ်ဓာတ်ကလေးက
ချစ်စရာကောင်းလိုက်တာ..
ကိုယ်တို့လည်း ပြန်ပြုံးပြလိုက်ပြီး တမင်ပဲ ခဏရပ်လိုက်..
"ကော်ဖီဆိုင်သွားမလို့.. အောင်ကိုလွင် ဘယ်က ပြန်လာတာလဲ"လို့ မေး.. သူ့
ဘေးက သူငယ်ချင်းကောင်လေးတွေကပါ ရည်ရည်မွန်မွန်လေးတွေ ပြုံးလို့..
ကိုယ်တို့နဲ့ ခပ်လှမ်းလှမ်းက ပါလာတဲ့ယောက်ျားတွေ ကြားမှာ သူတို့ ၄ ယောက်က
ကာပြီး ရပ်လိုက်ကြသေးတယ်.. ဟိုလူတွေ နဂိုထိုင်နေတဲ့ နေရာမှာပဲ
ပြန်ထိုင်နေတာတွေ့တော့မှ သူတို့လည်း နှုတ်ဆက်ပြီး ဆက်လျှောက်သွားလေရဲ့..
အိဖူးနဲ့ ကိုယ် .. စိတ်လက်ကြည်သာစွာ ဆက်ပြီး လမ်းလျှောက်လာနိုင်တာ..
ကျေးဇူးတင်စရာ.. သူ့အတွက်လည်း အပန်းမကြီးပေမယ့် အားလုံးစိတ်ကျေနပ်စရာ
ဖြစ်သွားရတာ.. တခါတလေ ကိုယ့်ဘက်က အမှတ်မထင် ကူညီလိုက်တာဟာ သူတဖက်သားအပေါ်
အများကြီး အထောက်အကူဖြစ်ပါတယ်.. ကူညီဖို့ ဝန်မလေးပါနဲ့..
လမ်းဆက်လျှောက်ရင်း တွေးမိလာပြန်တာက.. တစ်ရက် ကိုယ်ရယ် မထိုက်ရယ် မဖြူရယ်
မိန်းကလေး ၃ ယောက်ထဲ ထိုင်နေရာကို အမူးသမားတစ်ယောက် လာပြီး
ရစ်နေတဲ့အကြောင်း.. ခပ်လှမ်းလှမ်းက ယောက်ျားလေးတစ်အုပ်ဟာ သူတို့နဲ့
မဆိုင်သလို မျက်စိကြောင်တောင်နဲ့ ကြည့်နေနိုင်တာ အံ့သြခဲ့ရတဲ့အကြောင်း..
ကူညီဖို့ ရှက်တာလား .. ကူညီဖို့ စိတ်ကူးကိုမရှိတာလား..
ကြောင်တယ်ထင်တာလား.. ဘာလဲမသိလို့.. အဲ့ဒါတွေ တွေးနေခဲ့တယ်..
ပြီးတော့ ကိုယ်တိုင် ကြားရတဲ့ အဖြစ်အပျက်တစ်ခု.. ယောက်ျားကြီး ၆ ယောက်က
.. ကိုယ်ခန္ဓာကို ရင်းပြီး အလုပ်လုပ်စားတဲ့ ကောင်မလေးတစ်ယောက်ကို
အခကြေးငွေ ၈ ထောင် မပေးဘဲ ကားပေါ်က တွန်းချတဲ့ အဖြစ်အပျက်တစ်ခု..
ကောင်မလေးက သက်ဆိုင်ရာကို တိုင်တဲ့အခါ.. (ကျမ ဒါနဲ့ လုပ်စားတယ်..
မှန်ပါတယ်.. ကျမ မရှက်ပါဘူး.. ဒါနဲ့ မိဘကို ရှာကျွေးနေတာပါ.. ခုက ငွေလေး
၈ ထောင်ကို မပေးဘဲ ကားပေါ်ကပါ တွန်းချလို့ တိုင်တာပါ) လို့ ပြောတဲ့
အဖြစ်အပျက်ပေါ့..
ပညာနိမ့်တာ.. ငွေကြေးနိမ့်ပါးတာ.. လူနေမှု နိမ့်တာတွေထက် ..
စိတ်ဓာတ်နိမ့်တာက ပိုဆိုးပါတယ်..
စိတ်ဓာတ်နိမ့်တာဟာ ပညာနိမ့်တာနဲ့လည်း သက်ဆိုင်တယ်ယူဆပါတယ်..
ခုခေတ်ကျတော့.. ပညာနိမ့်တာဟာ ငွေကြေးနိမ့်တာနဲ့လည်း
သက်ဆိုင်လာပြီထင်ပါရဲ့..
ဟိုတွေးဒီတွေးနဲ့ လုံးလည်ချာလည်လိုက်လာ.. တွေးမဆုံးအောင် တွေးရတာ
အတော်တော့ ပျော်စရာကောင်းပါရဲ့.. တွေးမိသမျှလေးတွေ
လျှောက်ဖမ်းရေးလိုက်တာ.. မဟုတ်ရင် ကိုယ့်ဘာကိုယ် ဘယ်နေ့က ဘာတွေးတယ်တောင်
သိတော့မယ်မဟုတ်.. တစ်ယောက်နှစ်ယောက်လောက် ဆက်တွေးပြီး
လုံးချာလိုက်နေမယ်ဆိုလည်း ဝမ်းသာစရာပေါ့..
………………………………….