မောင့်အချစ်လေး…လှလွန်းဆွေရေ… မောင့်ရဲ့အချစ်ကလေးက ချောမောလှပလွန်းလို့ မောင်ခေါ်မိတဲ့အမည်လေးပေါ့။ မောင့်ရဲ့ဘ၀ အိမ်ထောင်ဆိုတဲ့ ရစ်ပတ်မှုဟာ ခင့်မျက်နှာလေးကို ထာဝစဉ်မြင်နေချင်တဲ့ အိပ်မက် ကလေးပါပဲ။ မောင်လေ အဲဒီလိုတွေးခဲ့ပြီး အိပ်မက်ကလေးက နိုးမထချင်ပါဘူးကွယ်။ အနီရောင်နှင်းဆီပန်းလေးတွေ၊ အပြာရောင် နီလာပန်းလေးတွေ၊ ချိုမြိန်တဲ့သကြား အဲဒါတွေများ ခင်လေးပိုင်ဆိုင် ထားသလားနော်။ နှင်းဆီပန်းတွေဟာ တစ်ချိန်ချိန်တော့ ညှိုးနွမ်းသွားမှာပါ။ နီလာပန်းလေးတွေလဲ မကြာခင် ကြွေကျသွားမှာပါ။ သကြားတွေဟာလဲ တစ်ချိန်ချိန်မှာ ကုန်ဆုံးသွားမှာပါ။ ညှိုးနွမ်းနေတဲ့ နှင်းဆီပန်း၊ ကြွေကျသွားတဲ့ နီလာပန်း၊ ကုန်ဆုံးသွားတဲ့ သကြားလို မောင်က ခင့်ကို ပစ်ပယ်သွားမှာ မဟုတ်ပါဘူး။ မောင်က ခင့်ကို ချိုမြိန်တဲ့ အချစ်နဲ့ ပွေ့ဖက်လို့ထားမှာပါခင်ရယ်။ မောင်ကခင့်ကို တစ်ရှူးစက္ကူလို မျက်နှာက ချွေးတွေသုတ်ပြီး စွန့်ပစ်မယ့်လူစားတော့ မဟုတ်ပါဘူး ခင်ရယ်။ ခင်ရယ်…မောင် မလိမ်ဘဲ ပြောချင်ပါတယ်။ မောင်ချစ်တာက ခင့်ရဲ့အပြုံးပါ။ ခင့်ရဲ့မျက်နှာပါ။ ခင့်ရဲ့မျက်လုံးပါ။ မောင်က ခင့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ ပြောရမယ့်စကားလုံးတောင် ရှာမတွေ့ပါဘူး။ ချစ်ရည်ရွှန်းတဲ့ မျက်ဝန်းလဲ့တစ်စုံက မောင့်နှလုံးသားကို အမှန်တကယ်လှုပ်ရှားစေခဲ့ပါတယ်။ ချစ်တဲ့ခင်ရယ်…ခင့်အနားမှာ မောင်အမြဲထာဝရ နေပါရစေနော်။ ♥♥♥♥♥ ခင်ရယ်… ခင်နဲ့မောင်နဲ့က အလှမ်းကွာဝေးပေမယ့် တစ်ဦးရဲ့ရင်ခုန်သံတစ်ဦးက အစဉ်ထာဝရကြားနေရတယ်လို့ ထင်မိတဲ့သူတွေပါကွယ်။ မောင်…နံနက် ၅ နာရီဆို အိပ်ယာက နိုးထတဲ့အခါမှာ ကြားချင်တဲ့ ဖုန်းသံလေးကို အမြဲစောင့်နေမိပါတယ်။ မောင်တို့နှစ်ယောက်ဟာ ဖုန်းမဆက်ခင်ကလေးမှာ message လေးတွေကို အရင်နိုးတဲ့သူက ကြိုပို့ထားကြတာလေ။ မောင်တို့နှစ်ယောက် နံနက်စောစော ဖုန်းပြောဖြစ်ကြတာများပါတယ်။ ဖုန်းပြောတဲကအခါတိုင်းမှာ မောင်တို့ရဲ့ ရှေ့ခရီးတွေကို ဆွေးနွေးတိုင်ပင်ကြတာပေါ့။ မောင်တို့ဆွေးနွေးကြတဲ့ ပြီးတဲ့နောက်မှာ တော့ ခင်ကမောင့်ကို- “မောင်” “ခင်…ပြောလေ” “မောင်…ဒီနေ့ ဘာစားချင်လဲ” “ဒီနေ့ … ရှမ်းခေါက်ဆွဲ နဲ့ တိုဖူးပျော့ စားချင်တယ် ခင်” “မောင်…စားချင်တာစားနော်…ငရုပ်သီးတွေ အများကြီးမစားရဘူးနော်” “အင်းပါ…ခင်ကကော…ဘာစားမှာလဲ” “မောင်ကလည်း မေးနေပြန်ပြီ…မောင်စားတဲ့ အစားအစာကို ခင်စားနေတာပဲဟာ” “မဟုတ်ဘူးလေခင်ရဲ့…ခင်စားချင်တာလေးလဲ စားဦးလေ” “မောင်ရယ်…ခင်က မောင့်အလိုကျ ထာဝရလိုက်မှာပါနော်” “ယုံပါတယ်ခင်ရယ်” တကယ်တော့ မောင်နဲ့ခင်ဟာ တစ်နယ်ရပ်ကျေး အနေဝေးနေပေမယ့် နှလုံးသားချင်းနီးသလို တစ်ဦးကိုတစ်ဦး နားလည်နေကြတာပါ။ တစ်နေ့တာလေးကို ခင်ကျွေးတဲ့ မနက်စာလေးနဲ့ အစပြုချင်နေတာ မောင်ပါ….ခင်ရယ်။ ♥♥♥♥♥ တစ်ခါတစ်ရံ ခင်က ခရီးထွက်တဲ့အခါမှာ မောင်တို့ ဖုန်းမဆက်ဖြစ်သလို၊ မောင်ခရီးထွက်တဲ့အခါမှာလဲ မောင်တို့ဖုန်းမဆက်ဖြစ်ကြဘူး။ အဲဒီလိုနေ့များမှာ မောင်က ဟေမာနေ၀င်းရဲ့ မောင်သီချင်းလေးကို ဖွင့်ပြီးနားထောင်ရင်း ခင့်ကို အလွမ်းဖြေရတာပေါ့။ ခင်ရယ်…မောင်လေ ဘယ်နေရာ ဘယ်ဒေသရောက်ရောက် မောင့်အနားမှာ ခင့်ကို အမြဲရှိနေစေချင် တယ်။ ခင်နဲ့အတူ ရှေ့ဆက်ကြမယ့်အရေးဟာ အရမ်းကိုလှပမယ်လို့ မောင် မျှော်လင့်မိခဲ့ပါတယ်။ ဒါပေမယ့်… မောင်တို့ နံနက် အချိန်လေး ဖုန်းဆက်ကြတဲ့အခါမှာတော့ “ခင်” “ဘာလဲ” “ခင်” “ဘာပြောစရာရှိလို့လဲ” မောင့်နားကို မောင်မယုံနိုင်အောင်ဖြစ်သွားတယ်။ “ခင်ရယ်…ဘယ်လိုဖြစ်တာလဲ” “ရှင်နဲ့စကားပြောစရာ အကြောင်းမရှိတော့ဘူး” “ခင်ရယ်…မောင့်ကို အကျိုးအကြောင်းလေးရှင်းပြပါဦး” “ခင်တွေ…မောင်တွေလုပ်မနေနဲ့တော့…ရှင်နဲ့ကျွန်မ ဇာတ်လမ်းဆုံးပြီ။ နောက်ကို ကျွန်မကို အဆက်အသွယ် မလုပ်ပါနဲ့” ပြောပြောဆိုဆိုနဲ့ဖုန်းချသွားတဲ့ခင့်ကို မောင် ဘာမှ နားမလည်နိုင်အောင်ဖြစ်ခဲ့မိပါတယ်။ မောင်က ဖုန်းကို အကြိမ်ကြိမ်ပြန်ခေါ်ပေမယ့် ခင်က ဖုန်းကို လုံးဝမကိုင်တော့ပါဘူး။ နောက်ဆုံး ဖုန်းပိတ်ထား တယ်ဆိုတဲ့ အဖြေရတော့မှ မောင်လက်လျော့လိုက်ပါတယ်။ ♥♥♥♥♥ ခင်ရယ်…. မောင့်အနားမှာ အမြဲတမ်းရှိနေရင် ခင့် ဘ၀ အရာရာအားလုံးပြည့်စုံနေပါတယ်။ ဘာမှ မျှော်လင့် တောင့်တ မနေချင်တော့ပါဘူးပြောခဲ့တာ မေ့များနေပြီလားခင်ရယ်။ မောင်နဲ့အတူ လက်တွဲပြီး ဘာမဆိုရင်ဆိုင်ရဲတဲ့ သတ္တိတွေရှိနေပါတယ်။ မောင်နဲ့အတူ လျှောက်ရတဲ့ လမ်း ကြမ်းတမ်းပါစေ။ ဆူးခင်းသောလမ်း လှမ်းရဲပါတယ်။ ကြမ်းတမ်းတဲ့ ဘ၀လမ်းမှာ မောင့်အလိုကျ ခင်က ဖြည့်ဆည်းပေးချင်တယ်ဆိုတာတွေဟာ မောင်တကယ်ကြားခဲ့ရတာမှ ဟုတ်ပါရဲ့လား။ မောင်သာလျှင် ခင်ရဲ့ကမ္ဘာ၊ ခင့်ရဲ့ဘ၀ တူညီတဲ့ဆန္ဒတွေနဲ့ တစ်သက်မခွဲရွှေလက်တွဲ့ရမယ့်သူဟာ မောင်ပါလို့ ပြောခဲ့တာခင်ပါကွယ်။ ခုများတော့ခင်ရယ်…။မောင့်ကို ဘယ်အတွက် စိမ်းရက်လေသလဲကွယ်။ မောင်က ခင့်အပေါ် ဖောက်ပြားခဲ့လို့လား။ ရက်ဆက်နေ့များ ရှည်ကြာသွားပေမယ့် တစ်ဖက်သတ်အမုန်းနဲ့ အဆုံးသတ် ကြရတော့မှာလား ခင်ရယ်။ သိပ်ချစ်တယ်…ခင်ရယ်။ သိပ်လွမ်းတယ်ခင်ရယ်။ ခင့်ကို မောင်ပျော်ရွှင်စေချင်တယ်ကွယ်။ ♥♥♥♥♥ “တီ…တီ…တီ” နံနက်စောစော ခါတိုင်းလိုပဲ ၅ နာရီမှာ အိပ်ယာကနိုးနေခိုက်…GSM ဖုန်းက မက်ဆေ့ဝင်တဲ့အသံကြား လိုက်ရတယ်။ အိပ်ယာဘေးက စားပွဲပေါ်မှာ တင်ထားတဲ့ ဖုန်းကို ကောက်ကိုင်ပြီးကြည့်လိုက်တယ်။ မက်ဆေ့တစ်စောင်ဝင်နေပါလား။ လုံးဝမျှော်လင့်မထားတဲ့ ခင့်ဆီကပါလား။ ကမန်းကတန်းဖွင့် ဖတ်လိုက်တယ်။ “မောင်…ဖုန်းဆက်နော်” ခင့်ဆီကို မောင်ဖုန်းခေါ်လိုက်တယ်။ “ခင်” “မောင်” “မောင်…အိပ်မက်မက်နေတာတော့ မဟုတ်ဘူးနော်ခင်” “မဟုတ်ပါဘူးမောင်ရယ်” “ခင်ရယ်…မောင့်ကို စိမ်းကားရက်တယ်” “မောင်ပေးတဲ့အပြစ်ကို ခင်…ခံယူ့ပါမယ်။ ခင်…မောင့်ကို အရင်ရှင်းပြမယ်နော်” “မောင်နားထောင်နေပါတယ်” “လွန်ခဲ့တဲ့ တစ်လကျော်ကျော်လောက်က မောင့်အလုပ်ဆိုင်ကို ခင်ဖုန်းဆက်တယ်…မောင်။ အဲဒီမှာ အမျိုးသမီးတစ်ယောက်က ဖုန်းလာကိုင်တယ်။ မောင့်ကို မေးတော့ မောင်မရှိဘူးတဲ့။ ပြောစရာရှိရင် သူ့ကိုပြောရင်ရပါတယ်တဲ့။ သူက မောင့်ရဲ့မယားပါလို့ပြောတယ်” “ဘယ်သူများပါလိမ့်” “ရှင်က ဘယ်သူလဲ…ငါ့ယောက်ျားဆီကို ဘာကိစ္စနဲ့ ဖုန်းဆက်ရတာလဲလို့ဆက်ပြောတယ်။ ခင်က ဘာမှ ဆက်မပြောနိုင်တော့ဘူး။ ဖုန်းချလိုက်တယ်။ အဲဒီနေ့ တစ်နေ့လုံး ခင်…အရမ်းခံစားနေရတာ ပါမောင်ရယ်” “ဘာလို့ မောင့်ကို သေသေချာချာ မမေးဘဲ အဆက်အသွယ်ဖြတ်တာလဲခင်ရယ်” “ခင့်စိတ်ထဲမှာ နေမထိထိုင်မသာဖြစ်သွားတယ်။ ခင်မျှော်လင့်ထားတွေ၊ မောင့်အနားမှာ နေချင်တာတွေ သဲထဲရေသွန်သလိုဖြစ်သွားပြီဆိုပြီး မောင့်ကို စိတ်နာမိတယ်မောင်” “အခု…ဘယ်လိုလုပ် ခင်က ပြန်ဆက်သွယ်တာလဲ” “ခင်က အကြောင်းစုံကို သိရလို့ပေါ့မောင်ရယ်” “ဘယ်လိုလဲ…မောင်နားမလည်ဘူး…ခင်” “မနေ့က ခင့်ဆီကို မောင့်အလုပ်ဆိုင်က ဖုန်းလာတယ်” “အင်း” “ခင့်ကို တောင်းပန်ပါတယ်တဲ့” “မောင့်ရဲ့အဖြစ်ကို မြင်ရတော့ ခင့်ကို စမိတာ အနူးအညွတ်တောင်းပန်ပါတယ်လို့ပြောတယ်။ မောင်နဲ့အရမ်းကိုခင်တဲ့ မိန်းကလေးက မောင့် မယားလို့ ခင့်ကို ပြောလိုက်တာ ခင်က တကယ်ထင်သွားပြီး မောင့်ကို အဆက်အသွယ်မလုပ်တာ သူရိပ်မိတယ်တဲ့” “ခင်ရယ်” “ခင့်အမှားပါမောင်ရယ်…ခင်က မောင့်ကို သေသေချာချာ မမေးဘဲ အထင်လွဲမိတာ” “တစ်လလောက် မောင်အရမ်းခံစားနေရတာနော်” “မောင်” “ခင်…ပြောလေ” “မောင့်အနားမှာ အမြဲနေချင်ပြီ” “မောင်ကလည်း ခင်နဲ့ထပ်တူပါကွယ်”
(ကိုယ်တိုင်ခံစားနှလုံးသားဖြင့် ရေးဖွဲ့သည်။) အားလုံးကိုခင်မင်လေးစားလျက် ကိုရင်ကျော် (၁၉-၄-၂၀၁၂)(၂၃း၃၀)နာရီ |
↧
အနားမှာနေချင်ပြီ
↧