Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဘယ်သူ့ကို အချစ်ဆုံးလဲ အသက်ရယ်

$
0
0

မောင်နဲ့ ကျွန်မ အကြောင်းပါခဲ့တာဟာ ခုဆိုရင် နှစ်တွေတောင် မနည်းကြာညောင်းခဲ့ပြီပဲ။

သားတွေသမီးတွေလဲ ပွားစည်းလို့ ကျွန်မတို့တောင် အသက်တွေတော်တော်လေးကြီးခဲ့ကြပြီ။

နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးဟာ သာယာတယ်လို့

တစ်ထစ်ချဆိုလို့ မရပေမယ့် ပူလောင်တဲ့ အိမ်ထောင်ရေးတော့ မဟုတ်ခဲ့ပါဘူး။

လင်နဲ့မယား လျှာနဲ့သွားဆိုသလို ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ပဲ ခိုင်မြဲနေခဲ့ပါတယ်။

အိမ်ထောင်သက်တမ်းအတော်အတန် ရလာခဲ့ပေမယ့် မောင်နဲ့ကျွန်မတို့ရဲ့အချစ်တွေဟာ အေးစက်လို့

မသွားခဲ့ပါဘူး။ နွေးနွေးထွေးထွေး ရှိနေဆဲပါပဲ။

မောင်ကဆိုရင်လေ ကျွန်မရဲ့ရှေ့မှာ မကြာခဏဆိုသလို သူရဲ့ ချစ်ခြင်းမေတ္တာတရားတွေကို

ဖွဲ့သီပြနေတုန်းပါပဲ။ ဒီလို ဖွဲ့သီပြတိုင်းလဲ ကျွန်မကတော့ ပြုံးလို့သာနေခဲ့ပါတယ်။

ဘာမှတော့ ပြန်မပြောဖြစ်ခဲ့ပါဘူး။ ဒါကြောင့်ထင်ပါရဲ့တစ်နေ့တော့ မောင်က ကျွန်မကို

ထူးထူးဆန်းဆန်း အမေးပုစ္ဆာလေးတစ်ခု ထုတ်လာခဲ့ပါတယ်။

အသက်ရယ် ဒီလောကကြီးထဲမှာလေ မင်းရဲ့ အချစ်ဆုံးသူဟာ ဘယ်သူများဖြစ်မလဲဟင်..တဲ့

ကျွန်မ မောင့်မျက်နှာကို ကြည့်လိုက်မိပါတယ်။ မောင့်မျက်ဝန်းတွေမှာ အချစ်ကြောင့်ဖြစ်တဲ့

ကြည်လင်ရွှန်းလဲ့မှု တွေရံခလို့ ကျွန်မကို စူးစူးစိုက်စိုက် ကြည့်လို့နေပါတယ်။

မျှော်လင့်ချက်ရောင်ခြည်တွေလဲ သန်းလို့နေပါတယ်။ ကျွန်မ ဘယ်လိုဖြေလိုက်လေမလဲလို့

မောင်စိတ်ဝင်စားပုံက အထင်းသားပေါ်လွင်လွန်းလှပါတယ်။

မောင့်ရဲ့ မျက်ဝန်းတွေကတဆင့် မောင်ဖြေစေချင်တဲ့ အဖြေကိုလဲ ကျွန်မသိနေသလိုပါပဲ။

ဒါပေမယ့် ကျွန်မ သဘာဝမဆန်တဲ့ အဖြေနဲ့ မောင့်ကို မလှည့်စားချင်ခဲ့ပါဘူး။

မောင့်ရဲ့အထံက ချစ်ခင်ကြင်နာမှုတွေကို လှည့်ပတ်လို့ မယူချင်ခဲ့ပါဘူး။

သဘာဝဆန်တဲ့ အဖြေနဲ့သာ မောင့်ကို အမှန်အတိုင်း ပြောချင်ခဲ့ပါတယ်။

မောင်ကြိုက်သော်ရှိ မကြိုက်သော်ရှိပေါ့လေ။

ဒါနဲ့ ကျွန်မလည်း တွေဝေတုံ့ဆိုင်းမနေပဲ မောင့်ကိုချက်ချင်းပဲ အဖြေပေးလိုက်ပါတယ်။

မောင်ရယ် ဒီလောကမှာ ကျွန်မရဲ့ အချစ်ဆုံးသူဟာ ကျွန်မပဲပေါ့ လို့။

မောင့်ရဲ့ အချစ်ရည်တွေနဲ့ ရွှန်းလဲ့ကြည်လင်နေတဲ့ မျက်ဝန်းတွေ ချက်ချင်းဆိုသလိုပဲ အရောင်ပြောင်း

သွားတာကို ကျွန်မ သတိထားမိလိုက်ပါရဲ့။ မောင် ကျွန်မအပေါ် အမျက်တော်ရှပြီလို့ သိလိုက်တဲ့

ကျွန်မ မောင့်ကို ချက်ချင်းပဲ ပြန်လည်မေးခွန်း ထုတ်လိုက်မိပါတယ်။

မောင်ရယ် မောင်ကရော ဒီလောကမှာ ဘယ်သူ့ကို အချစ်ဆုံးလို့ ထင်ပါသလဲ..လို့။

မောင် တော်တော်ကြာအောင် စဉ်းစားနေပြီးမှ မောင်ရဲ့နှုတ်ဖျားက အဖြေစကားလေးတွေ

တစ်ခွန်းချင်း ထွက်ကျလာခဲ့ပါတယ်။

နှမရယ် မောင်လဲ ဒီလောကမှာ မောင့်ကိုယ်မောင်သာ အချစ်ဆုံးပါပဲ..တဲ့။

မောင် သဘာဝဆန်တဲ့ အဖြေမှန်ကို ဖြေဆိုခဲ့ပါတယ်။ ကျွန်မသိပ်ပြီး သဘောကျသွားမိပါတယ်။

မောင်ကိုယ်တိုင် သေသေချာချာစဉ်းစားပြီး မောင်ကိုယ်တိုင် ဘယ်သူ့ကို အချစ်ဆုံးလဲဆိုတာ

သတိထားလိုက်မိတဲ့ အချိန်မှာ ကျွန်မရဲ့အဖြေစကားအတွက် ရုတ်တရက် ထွက်ပေါ်ခဲ့တဲ့ မောင်ရဲ့

အမျက်တွေဟာလဲ ပျောက်ပျက်လို့သွားခဲ့ပါပြီ။ မောင်သဘာဝအမှန်ကို သဘောပေါက်သွားပြီ။

ကျွန်မရဲ့ ရင်ထဲမှာကြည်နူးလိုက်တာ မောင်ရယ်။

ဟုတ်ပါတယ် မောင်ရယ် ကျွန်မတို့ဟာ လောကီသားတွေပါ။ လောကီသားတွေဖြစ်တဲ့အလျောက်

ချစ်ခြင်းနဲ့ မကင်းကြပါဘူး။ အချစ်ရှိမှ ဘဝဟာ ချိုမြိန်တယ်လို့ ထင်ထားကြတဲ့ လူစားမျိုးတွေပါ။

ဒါကြောင့် ကျွန်မတို့ရဲ့ ရင်ထဲက အချစ်တွေကို ဖျော်ဖြေပေးမယ့် ချစ်စရာလေးတွေကို ကျွန်မတို့

အမောတကော ရှာကြရတယ်လေ။ အဖေရယ် အမေရယ် သားရယ် သမီးရယ် ချစ်သူရည်းစားရယ်

စသဖြင့်ပေါ့။ ကျွန်မတို့ ချစ်လိုက်ကြတဲ့ သူတွေက အို …. အများကြီးမှ အများကြီးပါပဲမောင်ရယ်။

ပလီပလာခွန်းချိုဆင့်ပြီးတော့လဲ ပြောလိုက်ကြတဲ့ အချစ်စကားတွေ ငယ်ငယ်တုန်းကတော့ ဖေဖေ့ကို

အချစ်ဆုံး၊မေမေ့ကိုအချစ်ဆုံး။ ဟော အရွယ်ကလေးရောက်လာပြန်တော့လဲ အချစ်ရယ် အသက်ရယ်

သခင်ရယ်စသဖြင့်ပေါ့ ကိုယ့်ရဲ့ချစ်သူရည်းစားဆီမှာ အချစ်တွေအကုန်လုံး ပုံအပ်နေကြပြန်ရော။

ဒီလောကမှာ မင်းကလွဲရင် ကျန်တာတွေအကုန်လုံးက ဖွဲနဲ့ဆန်ကွဲ ဒီလိုလဲ ကိုယ့်ရဲ့အချစ်ကို

လှစ်ဟပြတတ်ကြပါတယ်။ ဒါပေမယ့် မောင်ရယ် အဲဒီ အဲဒီ အချစ်ဆုံးတွေအားလုံးဟာ ကိုယ်နဲ့

သဘောထားမတိုက်ဆိုင်တဲ့တစ်နေ့ကျတော့ အမုန်းဆုံးတွေဖြစ်သွား တတ်ကြပြန်ပါတယ်။

ချစ်သူနှစ်ဦးရဲ့ကြားမှာ စိတ်ခုစရာ ပြဿနာတွေဖြစ်လာတဲ့အခါ ကိုယ့်ကိုယ်ကို ဘယ်တော့မှ

အပြစ်မတင်နိုင်ကြပါဘူး။ ကိုယ့်ချစ်သူပဲဖြစ်ပစေ အခြားတစ်ဖက်သူကိုသာ အပြစ်တင်တတ်ကြပါ

တယ်။ ကိုယ့်အပေါ်မှာ အစွန်းအထင်းဆိုတာ မခံနိုင်ကြပါဘူး။

အစွန်းအထင်းမှန်သမျှ သူ့အပေါ်မှာသာ တင်တတ်ကြပါတယ်။

သူ့ကြောင့်လို့ပဲလက်ညှိုးထိုးတတ်ကြပါတယ်။

ငါ့ကြောင့်လို့ ဘယ်တော့မှ လက်ညှိုးလည်ပြန် မထိုးတတ်ကြပါဘူး။

ကျွန်မတို့ရဲ့ လက်ညှိုးတွေဟာ ရှေ့တူရူကိုသာ သွားနေကြပါတယ်။ ဒါဟာ အတ္တကိုရှေ့တန်းတင်

ကိုင်စွဲထားကြတဲ့ ကျွန်မတို့အားလုံး ကိုယ့်ကိုယ်ကို အချစ်ဆုံးဖြစ်နေကြလို့ပဲပေါ့မောင်ရယ်။

ဒါကြောင့်လဲ့ ဗုဒ္ဓမြတ်စွာက ‘အတ္တသမံ ပေမံ နတ္ထိ’ ‘မိမိကိုယ်နှင့် တူတဲ့ ချစ်အပ်သော

အရာသည်မရှိဘူး’လို့ ဟောတော်မူခဲ့တာပါ မောင်။

ကိုယ့်ကိုယ်ကိုယ်အချစ်ဆုံးဆိုရင်လဲ ဘာလို့ ချစ်သူတွေကို ရှာနေသေးတာလဲလို့တော့မေးစရာ

ရှိပါတယ်။ ကိုယ်မှတပါး တခြားတခြား ချစ်သူတွေကို ရှာကြရတယ်ဆိုတာကလဲ ကိုယ့်ရဲ့ရင်တွင်းက

ချစ်ခြင်းအာသာရဲ့အလိုကို ဖြည့်ပေးဖို့ ချစ်စရာအာရုံတွေနဲ့ ချစ်စိတ်အာသာကို အစာကျွေးကြတာပါပဲ

မောင်ရယ်။ ဒီစကားတွေကို ကျွန်မပြောရတာဟာ မောင့်ကိုကျွန်မ မချစ်လို့တော့ မဟုတ်ပါဘူး။

ကျွန်မမောင့်ကို အလွန်အမင်းပဲ ချစ်မြတ်နိုးပါတယ်။ သဘာဝဆန်ပြီး မှန်ကန်တဲ့

အဖြေကို ပေးချင်လို့သာ မောင့်ကို ကျွန်မဒီလိုပြောခဲ့ရတာပါ မောင်။ မောင် နားလည်နိုင်ပါစေ မောင်ရယ်။

ကျွန်မကိုယ် ကျွန်မ အချစ်ဆုံးပါပဲ မောင်

 

ကောသလသံယုတ်၊ မလ္လိကာသုတ်ကို မှီငြမ်းပါသည်။

မွန်လေး


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>