သူငယ်ချင်းတို့ရေ.... ကောင်းသောနေ့လေးပါနော်၊ ကျနော် အခုတစ်လောမှာ ဆရာဦးဖုန်းရဲ့ ဆောင်းပါတွေကိုပဲ ပြန်ပြောင်း သတိရ နေမိလို့ ဆရာဦးဖုန်း ရေးလို့ ကျနော် ဖတ်ခဲ့ရဖူးတဲ့ ""ငရုတ်သီး"" ဆိုတဲ့ ဆောင်းပါးလေးကို ကျနော့ ဘ၀နဲ့ ပေါင်းစပ်ပြီး ဒီနေ့လည်း ဒါလေးကို ရေးလိုက်ပြန်ပါပြီ။
ကျနော် အထက်တန်းနဲ့ တက္ကသိုလ် ကျောင်းသားဘ၀တုန်းက လူငယ်ပီပီ ကျောင်းပြေးခဲ့ဖူးပါတယ်၊ အားကစားကို ၀ါသနာပါတယ်၊ အပျော် အပါးကိုလည်း ခုံမင်တယ် ဆိုတော့ ကျောင်းပြေးပြီး ဘောလုံးကန်တယ်၊ ကော်ဖီဆိုင်မှာ လေကန်ဖူးတယ်၊ ရည်းစားထားဖူးတယ်၊ ဆရာ/မ တွေရဲ့ နားပူအောင် ပြောဆို ဆုံးမမှုတွေကိုလည်း ခံခဲ့ဖူးပါတယ်၊ ကျနော့ နားထဲက လျှံထွက်သွားတဲ့ ဆုံးမစကားတွေလည်း အများကြီးပါ၊ အဲ့ဒီစကားတွေကို သုံးသင့်တဲ့ အချိန်မှာ မသုံးခဲ့မိလို့ နောင်တရနေတဲ့ ငမိုက်သားကတော့ ကျနော်ပါပဲဗျာ၊ ဒါပေမယ့် နားထဲက တစ်ဆင့် နှလုံးသားထဲထိ စွဲမက်နေတဲ့ ဆုံးမစကားတွေလည်း ရှိနေဆဲပါ၊ ဥပမာ တစ်ခု ပြောပြချင်ပါတယ်၊ ကျနော် ငရုတ်သီး စားမိတိုင်း ဆရာမကို သတိရမိနေတဲ့ အကြောင်းလေးက.....
ကျနော်က နိုင်ငံခြား ရုပ်ရှင်ကားတွေ ကြိုက်ပါတယ်၊ စုံထောက်ကား၊ စွန့်စားခန်း၊ မှောင်ခို ဇာတ်လမ်းတွေကို ဦးစားပေး ကြည့်ပါတယ်၊ အဲ့ဒီလို ရုပ်ရှင်ကြည့်တာက ကျောင်းပိတ်ရက်နဲ့ ကျနော် ကြိုက်တဲ့ကားနဲ့ ကြုံရင် ပြသနာ မဟုတ်ပေမယ့်၊ ကြိုက်တဲ့ ဇာတ်ကားက ကျောင်းဖွင့်ရက်နဲ့ တိုက်ဆိုင်နေရင် ကျောင်းပြေးပြီး ကြည့်ဖြစ်ပါတယ်၊ တစ်နေ့မှာ ကျနော်တို့ သူငယ်ချင်း (၂)ယောက် ရုပ်ရှင်ခိုးကြည့်တာကို အတန်းပိုင် ဆရာမ သိသွားပါတယ်၊ နောက်နေ့ ကျောင်းတက်တော့ ဆရာမက ကျနော်တို့ နှစ်ယောက်ကို ဆူပါတယ်၊ ဆရာမက ""မင်းတို့ကို ဆရာမက မရိုက်ချင်ဘူး၊ ရိုက်ရင်လည်း အရိုက်ခံရတဲ့ မင်းတို့က လုပ်ထားတဲ့ အပြစ်တွေဟာ ဒီလို အရိုက်ခံရလို့ ကျေပြီလို့ ထင်ချင် ထင်နေဦးမှာ၊ ရိုက်တယ် ဆိုတာကတော့ လွယ်တာပေါ့ကွာ၊ မိဘတိုင်း၊ ဆရာတိုင်း လုပ်တတ်တဲ့ အလုပ် ပါပဲ၊ ဆရာမက မင်းတို့ကို မရိုက်ဖူး ဆိုပေမယ့်၊ အစားထိုး အပြစ်တစ်ခုတော့ ပေးရလိမ့်မယ်၊ ဟိုကောင် ဇော်မိုး၊ ကျောင်းစိုက်ခင်းထဲက ငရုတ်သီး (၁၀)တောင့် သွားခူးစမ်း၊ အခုသွား၊ အတောင့်ကြီးကြီး၊ အသီးရင့်ရင့်ကို ရွေးခူးခဲ့""၊ အဲ့ဒီလို ပြောလိုက်တော့ အင်း... ဆရာမ ဒီငရုတ်သီးတွေကို ဘာများ လုပ်မှာပါလိမ့် ဆိုတဲ့အတွေးနဲ့အတူ ကြောက်ကြောက်နဲ့ ကျောင်းရဲ့စိုက်ခင်းထဲက ငရုတ်သီး ရင့်ရင့် ကြီးကြီး (၁၀)တောင့်ကို ခူးပြီး ဆရာမဆီ အပြေးလေး သွားပေးပါတယ်၊ အဲ.... ဆရာမက အဲ့ဒီငရုတ်သီးတွေက သူ့အတွက် မဟုတ်ကြောင်း ကျနော်တို့ သူငယ်ချင်း နှစ်ယောက် အတွက်ဖြစ်ကြောင်း ပြောပြီး တစ်ယောက်ကို (၅)တောင့်စီ ဝေယူခိုင်းလို့ ယူလိုက်ကြတယ်ဆိုရင်ပဲ၊ ကျနော်တို့နှစ်ယောက်ကို အတန်းရှေ့ကို ထွက်ခိုင်းပြီး တစ်ယောက်ကို ငရုတ်သီး (၅)တောင့် ကုန်အောင် စားခိုင်းပါတယ်၊ ထွေးထုတ် မပစ်ရဘူး၊ ရေမသောက်ရဘူး၊ ၀ါးပြီး မျိုချရမယ်၊ မ၀ါးဘဲနဲ့ မျိုမချရဘူး ဆိုတဲ့ စည်းကမ်း ချက်တွေလည်း ပါသေးတယ်ဗျ၊ အင်း... ကျနော်တို့က ဆရာမကို ချစ်လည်း ချစ်တယ်၊ ကြောက်လည်း ကြောက်တယ် ဆိုတော့ ဘာကြောင့် ဒီလို အပြစ်ပေးတယ်ဆိုတာ မသိပေမယ့် တစ်တောင့်ပြီး တစ်တောင့် ကြိတ်မှိတ် ၀ါးစား မျိုချ ကြရပါတယ်၊ ဒီလိုနဲ့ ငရုတ်သီးတွေ ကုန်သွားပါတယ်၊ စပ်လိုက်တာဗျာ... လျှာတွေ ပူထူသွားတာပါပဲ၊ အတန်း တစ်တန်းလုံးလည်း ကျနော်တို့ အမူအရာကိုကြည့်ပြီး တ၀ါးဝါးနဲ့ ရယ်နေကြတယ်၊ သူတို့ကတော့ ရယ်နိုင်မှာပေါ့ဗျာ... ကျနော်တို့ နှစ်ယောက်ဖြင့် စပ်လွန်းလို့ သေလုမျှောပါးပါပဲ၊ အဲ့ဒီနောက်တော့ ဆရာမက မေးပါတယ်၊ ""ဟိုနှစ်ကောင် ငါမေးမယ်၊ အဲ့ဒီ ငရုတ်သီးက စပ်ကော စပ်ရဲ့လား"" တဲ့၊ ဟူးးးးး မေးစရာမလိုတဲ့ မေးခွန်းပါဗျာ၊ ငရုတ်သီးပါဆိုမှ စပ်တော့မှာပေါ့၊ လူတိုင်းသိတဲ့ ဒီမေးခွန်းကိုများ ရေးကြီးခွင်ကျယ်လုပ်ပြီး မေးမှ မေးရက်လေခြင်း ဆိုပြီး ဒေါသဖြစ်ခဲ့မိပါတယ်၊ ဒါပေမယ့် ဆရာမကို လေးစားတဲ့ စိတ်လေးနဲ့ စပ်ပါတယ် လို့ ပြန်ဖြေခဲ့ပါတယ်၊ အဲ့ဒီတော့ ဆရာမက ""အေး.... ငရုတ်သီးဆိုတာ စပ်ရတယ်၊ မစပ်တဲ့ ငရုတ်သီးဟာ ငရုတ်သီးလောကကို ဖျက်ဆီးတဲ့ ငရုတ်သီးပဲ၊ ငရုတ်သီးရဲ့ တာဝန်က စပ်ရတယ်၊ ငရုတ်သီးတောင့် စပ်တယ်ဆိုတာ သူ့ရဲ့ ပြည့်ဝတဲ့ ဂုဏ်သတ္တိပဲ၊ သိပ်မစပ်တဲ့ မရုတ်သီးဟာ ငရုတ်သီး မပီသတဲ့ ငရုတ်သီး သိက္ခာမရှိတဲ့ ငရုတ်သီးပဲ"" တဲ့၊ ဟိုက်.... ဆရာမတော့ ခက်ပြီ တော်တော် လျှာရှည်ပါလားလို့... စပ်နေရတဲ့အထဲ ငရုတ်သီး ဒသနတွေ ဖွင့်နေတဲ့ ဆရာမကို စိတ်ထဲက ပြန်ပြောနေမိပါတယ်၊ ဆရာမကတော့ သိဟန်မတူပါဘူး ဆက်ပြောပါတယ်၊ ""အေး... အဲ့ဒီလိုပဲ သကြားဆိုတာ ချိုရတယ်၊ မချိုတဲ့သကြားဟာ သကြားလောကကို ဖျက်ဆီးတာပဲ၊ ဂုဏ်သိက္ခာ မရှိတဲ့သကြားပဲ၊ ဆား ဆိုရင်လည်း ငန်ရတယ်၊ မငန်တဲ့ဆားဟာ ဆားလောကမှာ တန်ဖိုးမရှိတဲ့ ဆားပေါ့၊ အလားတူပါပဲကွာ... ကျောင်းသား ဆိုတာကတော့ စားကြိုးစားရမယ်၊ စည်းကမ်းလိုက်နာရမယ်၊ ရိုးသားရမယ်၊ အခု ဒီနှစ်ယောက်ဟာ မစပ်တဲ့ မရုတ်သီး၊ မချိုတဲ့ သကြား၊ မငန်တဲ့ ဆား တွေလိုပဲ တန်ဖိုးမရှိတဲ့အကောင်တွေ၊ ကျောင်းသား လောကကို ဖျက်ဆီးမယ့် အကောင်တွေ"" တဲ့ဗျာ၊ တကယ်ပါပဲ၊ ကျနော်တို့ နှစ်ယောက်ကို လက်ညှိုးထိုးပြီး ပက်ပက်စက်စက် ပြောချလိုက်တာပါ၊ ကျနော့ရဲ့ စိတ်ထဲမှာ ရှိန်းခနဲ ဖြစ်သွားပါတယ်၊ မျက်နှာတွေလည်း နီရဲလာပါတယ်၊ အဲ့ဒါက ဆရာမအပေါ် ဒေါသဖြစ်လို့တော့ မဟုတ်ခဲ့တာ အမှန်ပါ၊ ကျနော် အရမ်း ရှက်သွားမိလို့ပါ၊ တပည့်တွေ ရှက်သွားတာကို စိတ်မကောင်း ဖြစ်သွားဟန်တူတဲ့ ဆရာမဟာ မျက်နှာ ချက်ချင်း ပြောင်းသွားပြန်ပါတယ်၊ ပြီးတော့ ဆက်ပြောတယ်.. ""မင်းတို့တွေ စဉ်းစားကြစမ်း၊ သက်မဲ့ဖြစ်တဲ့ ငရုတ်သီးဟာ သူ့သိက္ခာနဲ့သူနေသလို၊ သူ့တာဝန်သူ ကျေသလို၊ မင်းတို့ရဲ့ ဆရာမ ငါကလည်း တာဝန်ကျေချင်တယ်၊ သိက္ခာရှိချင်တယ်၊ ဒါကြောင့် ဒီလို ဆုံးမတာပဲ၊ မင်းတို့ဟာ နောက်တစ်ချိန်မှာ မစပ်တဲ့ ငရုတ်သီးတွေ ဖြစ်လာမှာကို ဆ၇ာမ မလိုလားဘူး၊ ဘယ်လိုလူမျိုးပဲ ဖြစ်ဖြစ် မစပ်တဲ့ ငရုတ်သီးလို၊ မချိုတဲ့သကြားလို၊ မငန်တဲ့ဆားလို ဖြစ်နေရင် လောကကြီး ပျက်စီးလိမ့်မယ်၊ ဒါကြောင့် လူတိုင်းဟာ ကိုယ့်တာဝန် ကိုယ်ကျေရမယ်၊ ကိုယ့်အလုပ်ကို ကိုယ်လုပ်ရတယ်၊ သူများအလုပ်ကို ၀င်မရှုပ်ရဘူး၊ ကိုယ့်တာဝန် ကိုယ်ကျေတယ်ဆိုတာ တန်ဖိုးရှိခြင်းရဲ့ သင်္ကေတပဲ၊ ငရုတ်သီးဟာ ချိုလို့မရသလို သကြားဟာ စပ်လို့ မရဘူး၊ သူ့တန်ဖိုးနဲ့သူ ရှိဖို့လိုသလို သူ့သိက္ခာနဲ့သူ ပြည့်ဝနေဖို့လည်း လိုပါတယ်၊ ကဲကဲ.... ဟိုနှစ်ကောင် ရေသွားသောက် နောက်တစ်ခါ ကျောင်းပြေးရင် တစ်ယောက်ကို ငရုတ်သီး (၁၀)တောင့် ၀ါးစားရမယ်"" တဲ့။
ကျနော့ဆရာမကို ရိုသေစွာ ကန်တော့ခဲ့ပါတယ်၊ ဆရာမရဲ့ ဆုံးမသွန်သင်မှုတွေ ကျနော့နှလုံးသားထဲမှာ လုံးဝ မပျောက်ပျက်တာ အမှန်ပါ၊ ကျနော်ဟာ မစပ်တဲ့ ငရုတ်သီး မဖြစ်ချင်ပါ၊ ချိုတဲ့ ငရုတ်သီးလည်း မဖြစ်ချင်ပါ၊ အလားတူပါပဲ.... ကျနော့ သူငယ်ချင်းတွေ အားလုံးကိုလည်း မစပ်တဲ့ငရုတ်သီး၊ ချိုနေတဲ့ ငရုတ်သီး၊ ပိုးထိုးခံထားရတဲ့ ငရုတ်သီးတွေ မဖြစ်စေချင်ပါဘူးဗျာ... လို့ ပြောကြားရင်း ကျနော့ကို ဆုံးမဖူးတဲ့ ဆရာမနဲ့ ဆောင်းပါးရှင် ဆရာဦးဘုန်း (ဓါတု)အား ကန်တော့လိုက်ပါတယ် ခင်ဗျာ။