မျှော်လင့်ခြင်း ပြတင်းဝမှာစိုက်ပျိုးထားတဲ့ အလွမ်းပင်လေး
တယုတယ ဥယျာဉ်မှူးအတွက် ဆန္ဒပွင့်လေး ဘယ်တော့မြင်တွေ ရမလဲ. . .
တမ်းတခြင်းဝင်ရိုးစွန်းမှာ ရှိနေတဲ့သူကို
သတိရခြင်းတွေသာ ခေါ်ဆောင်လာတယ်. . .။
ညည အိပ်လို့ မရတဲ့ ပုံပြင်တွေလို
နစ်ဝင်လွင့်မျောသွားတဲ့ အိမ်မက်တွေထဲက
စိတ်ဝိဥာဉ်တွေ အသက်ဝင်နိုင်ဖို့ . . .
မင်နီခတ်ထားခံရတဲ့ ကိုယ်ချင်းတရားက
ဥပေက္ခာတရား ရဲ့  စေစားရာနေနေရ
လိုအပ်ခြင်း နဲ့ ပြည့်စုံခြင်း နှိုင်းယှဉ်လိုက်တိုင်း
လိုအပ်မှုက မပြည့်စုံနိုင်သေးဘူး . . .။
သူကကိန်းဂဏာန်းလေးတစ်ခုပေါ့
ဒါဆို သုည ( Zero ) က ကျွန်တော်ဖြစ်ခွင့်ရချင်တဲ့အိမ်မက်
ကိန်းဂဏာန်းလေး ရဲ့ တန်ဖိုးတတ်လာစေဖို့ 
ဖြည့်ဆည်းပေးချင်တဲ့လိုအင်ကို အတ္တလို့ ခေါ်မလား . . .
ဒီလိုပဲ . . .ဘ၀က ပုံမှန်မရှိဘူး ။
ဆောင်းညတွေရဲ့ ဖန်ခွက်ရှည်လေးထဲက ၀ိုင်နီတွေ
ဘယ်နှစ်ခွက်မြောက်ခဲ့ပြီလဲ . . . .
မိုးလင်းခဲ့တဲ့ညနက်တွေတရားမ၀င်ဘူး . . . သူ့ အတွက် ။
စိမ့်အေးလွန်းတဲ့ မြူနှင်းတွေ
ဒဏ်ရာနဲ့  ငါ့ဥတုမှာမှ ကာလရှည်ကြာစွာဝေနေတုန်းလား. . .
လက်ဖ၀ါးနှစ်ဖက် ပေါင်းစပ်လို့  လက်တစ်စုံဖြစ်ကောင်းဖြစ်နိုင်ပေမဲ့
ရှင်သန်ဖို့ လိုအပ်နေတဲ့အတောင်တစ်ဖက်
အတိတ်တွေထဲက အရိပ်တွေထဲ ကျန်ခဲ့သလား. . . .။
နင်လှည့်လို့ လည်သွားတဲ့ကြွေစေ့လေးလို
လည်ရင်းလည်ရင်းနဲ့ သာ ငြိမ်ကျသွားပါတော့ . . .
နာကျင်နေတဲ့ အခန်းထောင့်က ဓာတ်ပုံဟောင်းလေး
ကြွေနူတ်ခမ်းလေးရဲ့  အနီရင့်ရင့်မှာ
ကြွေကွဲစွာ ရှိုက်လို့ နေဆဲ . . .။
လက်ချင်းဆက် ပါးချင်းကပ် နူတ်ခမ်းချင်းထပ်
ရင်ဘက်ကလေးရှက်ခဲ့တဲ့ ကောင်းကင်မှာ
ညကြယ်လေးကြွေသွားရှာပြီ . . .
ခွင့်လွတ်ပါ ကြယ်လေးရယ် . . .။ ။