`` ဖေဖေ အားရင်လေ... သမီးကို ရူပဗေဒနဲ့ ပတ်သက်ပြီး နည်းနည်းရှင်းပြပါလားသမီးနားမလည်လို့...´´စာရေးနေတဲ့
ကျွန်တော့်ကို သမီးက စာအုပ်လေးကိုင်ရင်း မ၀ံ့မရဲလေး ပြောလာတယ်....
`` အော်....သမီးလာလေ... လာ၊ ဖေဖေ ပြောပြမှာပေါ့... ရပါတယ်.......´´ ပြောရင်း သမီးပုခုံးလေးကို လှမ်းဖက်လိုက်
မိတယ်... သားအဖချင်းဆိုပေမဲ့ သမီးနဲ့ ကျွန်တော်က နည်းနည်း စိမ်းသလိုပါပဲ... တွေ့တိုင်း ကျွန်တော်ကဆူဆူနေလို့လေ၊ သမီးလေးက
အခု(၁၄)နှစ်ကျော်၊ (၁၅)နှစ်ထဲ ရောက်နေပြီ.... ထွားလဲထွား၊ ချစ်စရာလဲ ကောင်းလို့... အနေအထိုင်က အစ အမြဲတမ်း ဆူနေခဲ့ရတယ်....
ခေတ်အမြင်မရှိတာ မဟုတ်ပေမဲ့လဲ ဖော်မပြနိုင်တဲ့ စိုးရိမ်စိတ်တွေကြောင့်...... နောက်ပြီး သမီးလေးကို တန်ဘိုးထားတဲ့ အတ္တ ကြောင့်ပဲ
ထင်ပါတယ်.......။
`` ရူပဗေဒဆိုတာ.................´´အစချီပြီးတော့ သမီးဖတ်စာအုပ်ထဲကနေ သေသေချာချာ နားလည်သလောက်ရှင်းပြ
နေခဲ့တယ်၊ သမီးနဲ့ ဒီလို နွေးနွေးထွေးထွေးနေချင်နေခဲ့တာ ကြာခဲ့ပြီလေ........။
ကျွန်တော်ရှင်းပြတာတွေကို စိတ်ဝင်တစားနားထောင်နေတဲ့ သမီးကို ကြည့်ရင်းကျွန်တော် ၀မ်းသာ နေတယ်ဆိုတာကို
ကျွန်တော် တစ်ယောက်ထဲ သိနေခဲ့တယ် ထင်ပါတယ်.... သမီးမမေးပဲနဲ့ သမီးကိုစာတွေလဲ ကျွန်တော် မပြဖြစ်ခဲ့ဘူး.... ကျူရှင်နဲ့ သူ့အမေ
ကပဲ သင်ပေးခဲ့တာ..... တစ်ခါတစ်လေ ``သမီး စာတွေ လိုက်နိုင်ရဲ့လား..´´ လို့ မေးရင်လဲ သမီးက `` ဟုတ်ကဲ့.... လိုက်နိုင်ပါတယ်....´´တဲ့
ဒီလောက်ပါပဲ..... ကျွန်တော် သမီးကို ကလေးလေး တစ်ယောက်လိုပဲ မြင်နေတယ်.... ကလေးလေးလိုပဲ ထွေးပွေ့ထားချင်တယ်...နောက်
ဂရုတစိုက်လဲ စာတွေ သင်ပေးချင်ပါတယ်.... ဒါပေမဲ့ သမီးက မေးလဲမမေး၊ အနားလဲ မကပ်လို့...... အတင်း ၀င်မေးပြီး ပြပေးရင်လဲသမီး
စိတ်ညစ်မှာစိုးလို့ပါ..... နောက်ဆုံးတော့ ကျွန်တော့်ရဲ့ အဖော် သက်ပြင်းလေးနဲ့ ဆုတ်ခွါခဲ့ရတာပါပဲ......။
သမီးက အဖေအနားကို သိပ်မကပ်လို့ အိပ်ပျော်နေတဲ့ အချိန်တွေမှာမှ အခန်းထဲကို ဖွဖွလေးဝင်၊ သမီးရဲ့ နဖူးလေးနဲ့
ပါးလေးတွေကို ခိုးနမ်းခဲ့ရတာ... ဖြည်းဖြည်းလေးပါပဲ.... သူ နိုးသွားမှာ စိုးလို့လေ..... အဲဒီအချိန်တွေမှာတော့ မိန်းမက နံရံမှီရင်းဖြစ်ဖြစ်၊
သမီးရဲ့ ကုတင်လေးမှာတင်ပါးလွှဲ ထိုင်ရင်းဖြစ်ဖြစ် အေးအေးလေး ကြည့်နေတတ်တယ်... သမီးကို စောင်လေးခြုံပေးပြီး မိန်းမပုခုံးလေးကို
ဖက်ရင်း အခန်းထဲကဖွဖွလေး ပြန်ထွက်လာတိုင်း သက်ပြင်းပျော့ပျော့ကိုချခဲ့မိတာကိုတာ့ကျွန်တော်တို့ နှစ်ယောက်လုံးသိနေခဲ့တာပါပဲ....။
သမီးကို အကောင်းဆုံးတွေ မဟုတ်သော်မှ သင့်လျော်ရာလေးတွေကိုတော့ ပေးချင်လွန်းလှပါတယ်... လှလဲလှလာ၊
ချစ်စရာလဲ ကောင်းတဲ့ သမီးလေးကို ချစ်ရတာလဲ အရင်လို မဟုတ်တော့ဘူး... စိုးရိမ်မှုတွေနဲ့ပါပဲ..... စဉ်းစားရင်း သက်ပြင်းမောမောတစ်
ခုကို ထုံးစံအတိုင်း ချမိခဲ့သေးတယ်..... ဒီညအတွက် ကြည်နူးခြင်းတွေ အပြည့်နဲ့ အိပ်စက်ရတော့မှာပေါ့.....
ခြေ၊လက်ဆေး၊ ဘုရားဝတ်ပြု မေတ္တာပို့၊ အမျှဝေပြီးတော့.. မိန်းမနံဘေးမှာ ဖွဖွလေး ၀င်လှဲလိုက်တော့ မိန်းမရဲ့လက်
တစ်ဘက်က ရင်ဘတ်ပေါ်ရောက်လာပြီး...`` ဖေကြီး ပျော်နေလားဟင်....´´တဲ့ တိုးတိုးလေးပါပဲ.. ရင်ဘတ်ပေါ်က မိန်းမရဲ့ လက်ကလေးကို
အုပ်ကိုင်ရင်း.....`` ဘာကြောင့်မှန်းမပြောတတ်ပေမဲ့.... အားအင်တွေ ပြန်ပြည့်လာသလိုပါပဲ.....´´ လို့ ပြန်ပြောလိုက်တယ်.... ``မေလဲပျော်
တယ်ဖေကြီးရယ် သမီးကို အဖေအနားကပ်အောင် မနည်းပြောလိုက်ရတယ်.... ရူပဗေဒကို မေမေ သိပ်နားမလည်ဘူး... ဖေဖေ့ကို မေးလို့
မေ.....တွန်းပေးလိုက်ရတာ......´´တဲ့၊ ကျွန်တော် မေ့ကိုလဲ ကျေးဇူးတင်ပါတယ်.... ပျော်လဲ ပျော်နေတယ်... တကယ်လို့ အိပ်ပျော်သွားလို့
အိပ်မက် မက်ခဲ့ရင်..... သိပ်လှတဲ့ အိပ်မက်လေး ဖြစ်မှာပေါ့.....။
`` ဖေဖေစာတွေရေးထားတာ အများကြီးပဲနော်.. ဘာလုပ်ဖို့လဲ ဟင်.....´´ ကျွန်တော့် ဘေးမှာ ၀င်ထိုင်ရင်း သမီးက
မေးလာတယ်... ကျွန်တော် ရေးလက်စ ဘောလ်ပင်လေးကို အဖုံးလေးပြန်စွတ်ရင်း သမီးမျက်နှာကို ကြည့်လိုက်မိတယ်... မီးရောင်မှိန်မှိန်
အောက်မှာ ၀ါဝင်းလို့...... ချစ်စရာကောင်းလွန်းလှပါတယ်.....
`` အင်း...... ဖေဖေ စာပေတိုက်တွေ၊ မဂ္ဂဇင်းတိုက်တွေကို ပို့မလို့ပါ သမီးရယ်.... ´´ ပြောသာ ပြောလိုက်ရတယ်...
အားလဲ သိပ်မရှိခဲ့ပါဘူး..... `` အများကြီးပဲနော်..... အားလုံးပို့မှာလားဟင်......´´ သမီးက ထပ်မေးလာတယ်..... ၊ `` ဟုတ်တယ် သမီးရဲ့
အပုဒ်(၁၀၀)လောက်ပို့ရင်တောင်မှ (၂)ပုဒ်(၃)ပုဒ်လောက်ရွေးဖို့ မလွယ်ပါဘူး..... ဒါပေမဲ့ ဖေဖေ ကြိုးစားပြီးရေးထားတယ်.... ၀တ္ထုတိုလေး
တွေများပါတယ်..... ဘ၀အကြောင်းလေးတွေပေါ့.....´´ ကျွန်တော့်စကားကို နားထောင်ရင်း သမီးပြုံးလာတယ် ပြီးတော့.... ``ဖေဖေကစာ
ရေးဆရာ လုပ်တော့မယ်ပေါ့လေ......´´ မျက်လုံးလေးဝင့်ပြီး ပြောလာတဲ့ သမီးပါးလေးကို ချစ်စနိုးလေး ဆွဲလိုက်မိတယ်.....
`` ဟူး ........ ဟုတ်တယ် သမီးရေ...... သမီးလဲ ကြီးလာပြီ တက္ကသိုလ် ကျောင်းသူကြီးလဲ ဖြစ်တော့မယ်...နောက်
ဆင့်ကဲ ဖြစ်စဉ်တွေအရ မဖြစ်မနေ ဘ၀ကို ဖြတ်သန်းရတော့မယ်လေ.... အဲဒီအခါမှာ ဖေဖေ့ရဲ့ အားနည်းချက်ကြောင့် သမီးကို မကျရှုံးစေ
ချင်လို့ပါ.... နိုင်ငံခြား ပညာတော်သင်သွားတာပဲ ဖြစ်ဖြစ်၊ တစ်ခုခုမှာ အရွေးချယ်ခံရတာပဲ ဖြစ်ဖြစ်၊ အင်တာဗျူးတာပဲ ဖြစ်ဖြစ် ဖေဖေ့နံမယ်
ကို သမီး ဂုဏ်သိက္ခာ ရှိရှိလေး သုံးစေချင်တယ်လေ.....´´ ကျွန်တော်စကားကို ခဏ ရပ်ထားလိုက်တယ်... သမီးကတော့ ကျွန်တော့် မျက်
နှာကို တည်ပြီးကြည့်ရင်း နားထောင်နေလေရဲ့..... ပြီးတော့ လက်သည်းလေးတွေကိုလဲ ဖြည်းဖြည်းလေး ကုပ်ဖဲ့နေတယ်......
`` ဖေဖေက ချမ်းသာလာမဲ့လူတစ်ယောက်တော့ မဖြစ်နိုင်တော့ဘူး သမီးရေ.. မချမ်းသာရင်လဲ စီးပွါးရေး လုပ်ငန်း
ရှင်၊ ကုမ္ပဏီပိုင်ရှင်၊ ဒါမှ မဟုတ်ရင်လဲ၊ ဌာနဆိုင်ရာ အရာရှိ၊ ဥပမာ သမီး ဖေဖေကတော့ ဘယ်လုပ်ငန်းက ညွှန်ကြားရေးမှူးပါ... စသည်
ဖြင့် သမီးဂုဏ်ယူပြီး ပြောစရာ တစ်ကွက်မှ မရှိခဲ့ဘူးလေ..... ဒါကြောင့် ဖေဖေ စာလေးတွေ ရေးခဲ့တာ..... (၂)နှစ်ကျော်နေပါပြီ... မဂ္ဂဇင်း
တစ်ချို့ မှာတော့ ၀တ္ထုတိုလေးတွေနဲ့..... ကဗျာလေးတွေ နည်းနည်း ဖော်ပြခံနေရပါပြီ....... ဖေဖေဆက်ကြိုးစားနေတယ်လေ... စာပေဆု
တစ်ခုခုရခဲ့ရင်၊ နောက်ပြီး မဂ္ဂဇင်း တစ်ခုခုမှာ အမြဲတမ်းဖော်ပြခွင့်ရတဲ့ စာရေးသူဖြစ်လာရင်တော့.. သမီး ဖေဖေကစာရေးဆရာ ဘယ်သူပါ
ဆိုပြီး...... သမီး ဂုဏ်ယူပြီး ပြောလို့ ရပြီပေါ့..... ဖေဖေစဉ်းစားကြည့်ပြီးတော့ ဖေဖေ့အခြေအနေ၊ စိတ်ထားနဲ့ ဖြစ်နိုင်ချေ ရှိတာလေးကို
ရွေးပြီး လုပ်နေမိတာပါ.... အခု တော်တော်များများ ပို့လို့ ရတော့မယ်..... တကယ်တော့ ဖေဖေကြောင့် သမီးကို ဖေဖေ မျက်နှာပွင့်လန်း
စေချင်ပါတယ် သမီးရယ်.... ´´ ကျွန်တော် စားပွဲပေါ်က ရေးလက်စ စာရွက်တွေကို စိုက်ကြည့်ရင်း စိတ်ထဲ ရှိသမျှ မရည်ရွယ်ပါပဲ...သမီးကို
ပြောပြလိုက်မိတယ်..... ။
``အင့်.....´´ ကနဲ ရှိုက်သံကြားလို့ ကမန်းကတန်း လှည့်ကြည့်လိုက်တော့... သမီးကပါးစပ်ကို လက်ဝါးနဲ့ အုပ်ပြီး....
ရှိုက်ငိုနေလေရဲ့..... သမီးမေးစေ့လေးကို အသာအယာ ဆွဲယူရင်း လက်ဖနောင့်လေးနဲ့ မျက်ရည်တွေကို သုတ်ပေးလိုက်မိတယ်။ ပြီးတော့
ပုခုံးလေးကို ဆွဲပြီး ရင်ခွင့်ထဲ ထည့်ထားလိုက်တယ်.... နောက်တော့ ရင်ခွင်ထဲက သမီးရဲ့ ခေါင်းလေးကို အသာအယာ နမ်းလိုက်တယ်..။
ဒီအချိန်မှာပဲ ကျွန်တော်တို့ သားအဖနှစ်ယောက်ကို အနောက်ကနေ လက်တစ်စုံလာဖက်ထားလိုက်တယ်.... လှည့်
ကြည့်စရာမလိုပါဘူး...... သမီးရဲ့ မေမေ ပဲပေါ့...... ပြီးတော့ မေ့ဆီက စကားသံတိုးတိုးလေး ကြားလိုက်ရတယ်..... `` သမီးကို ဖေဖေက
သိပ်ချစ်ပါတယ်.....´´တဲ့။ ကျွန်တော် သတိထားမိလိုက်တာကတော့.. သမီးကျွန်တော့်ကို တင်းတင်းကျပ်ကျပ် ပြန်ဖက်ထားတယ်လို့.....။