ကျွန်တော်နဲ့ပန်းချီ ဟိုရေးသည်ရေး
ပန်းချီဆရာ / ပန်းချီဆွဲသူတစ်ယောက်ဟာ ဆန်ထ္မင်းမရှိ ရှားပါးသော အရပ်တွင်နေထိုင်ရပါစေ နေနိုင်ပါသည်။ ပန်းချီဆွဲရန် စိတ်ဆန္ဒ
ဖြစ်ပေါ်တိုင်း ပန်းချီဆေး ၊ကင်းဘတ် ၊ စက္ကူ ၊ သစ်သားဘောင် များ မရှိသော နေရာတွင်နေထိုင်ရသည်မှာ နွေခေါင်ခေါင် လွင်ထီးခေါင် အလယ် ရေငတ်နေသူတစ်ဦးလိုပဲ ၊ စိတ်ဆင်းရဲပင်ပမ်း သည်။
ကျွန်တော်က ပျဉ်းမနားမြို့မှာ နေပါတယ် ။ ပျဉ်းမနားမြို့ ဟာ ၂၀၀၃ ခုနှစ်နောက်ပိုင်း နေပြည်တော်ဖြစ်လာလို့ အရမ်းစည်ပင်
တိုးတက် ပြောင်းလဲလာခဲ့ပါယ်။ Super market Center ကြီးတွေ အိမ်ဆောက်ပစ္စည်း အ၀တ်အထည် အလှကုန် ပစ္စည်း ဇိမ်ခံ ပစ္စည်း
လျှပ်စစ်ပစ္စည်း စတာတွေ အပြိုင်အဆိုင် အလုအယက်ရောင်းနေကြတာ ။ အဆင်ပြေ၊ချမ်းသာ ၊သူဌေးဖြစ် နေကြရဲ့။
သို့သော် ၀မ်းနည်းမိတာကတော့ ပန်းချီဆေး ကင်းဘတ် စုတ်တံ စတာတွေ ကို ဘယ်စီးပွားရေးသမား ကမှ နေပြည်တော်ကို လာမရောင်းကြဘူး။(ကလေး တစ်ယောက်လို ပြောကြည့်တာပါ)စီးပွားရေးအရတွက်ခြေမကိုက်တဲ့ ကုန်ပစ္စည်း ဖြစ်နေလို့နေမှာပါ။
ပျဉ်းမနားမှာ ပန်းချီပစ္စည်း အရောင်းဆိုင်မရှိလို့ ပျဉ်းမနားက ပန်းချီဆရာတွေ ပန်းချီမဆွဲ ရတော့ဘူးတဲ့လား ၊ သည်လိုလည်း မဟုတ်ပါဘူး။ ရန်ကုန် ၊ မန္တလေး ပန်းချီဆိုင်တွေဆီက မှာယူဆွဲနေကြ ၊ ကိုယ်တိုင်သွားဝယ်ကြ ပါတယ်။
ဒါပေမယ့် ကျွန်တော့အတွက် အဆင်မပြေဘူး။ရန်ကုန်မှာ ရှိတဲ့ ပန်းချီပစ္စည်း အရောင်းဆိုင် တစ်ဆိုင်ကို ဖုန်းဆက်ပြီး ပစ္စည်းမှာဖူးပါတယ်။ငါးသောင်းကျပ် အထက် မှာယူမှ ကားဂိတ်ကို ပို့ပေးနိုင်မှာ ပါတဲ့။ ကျွန်တော့လက်ထဲမှာ တစ်သောင်းခွဲ နှစ်သောင်း အစွမ်းကုန် စုပ်ကိုင်ထားရတာပါ။ လူကိုယ်တိုင်သွားဝယ်မယ် ဆိုရင်လည်းလမ်းစရိတ်လောက်ပဲရှိပါတယ်။
တလောက ပန်းချီဆရာတစ်ယောက်က သူ့ဆီမှာ Acrylic ဆေးတွေ ပိုနေလလို့ ကျွန်တော့ကို မျှဝေရောင်းပေးပါတယ်။ အရောင်တွေက အပြာနု၊လိမ္မော်ရောင်၊ အစိမ်း၊အညို၊ အ၀ါရောင် ဒါပါပဲ၊ဆေးရောင်စုံတဲ့ပန်းချီကားတစ်ချပ်ရေး ဆွဲမယ်ဆိုရင် လက်ရှိအရောင်တွေ နဲ့ မဖြစ်နိုင်ပါဘူး။ အနည်းဆုံး ၀ါနီပြာ ရယ် ဘက်စုံသုံးလို့ရတဲ့ အဖြူရောင်ရယ် မရှိရင် မပြည့်စုံပါဘူး။အဖြူရောင်ဟာ Oil colour နဲ့ Acrylic colour တွေသုံးမယ်ဆိုရင် ဆေးရောင်စုံများနဲ့ အဓိက ရောစပ်ပုံဖေါ်နိုင်တဲ့ ဇာတ်လိုက်ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ပန်းချီဆွဲချင်စိတ်တွေ ဖြစ်နေတော့ အထည်ဆိုင်က ဇင်ပိတ်စ တစ်ကိုက်ဝယ်ပြီး လက်ရှိ အရောင်မပြည့်စုံတဲ့ ဆေးလေးတွေနဲ့ “ထင်းရှာထွက်ခြင်း ရှုခင်းပန်းချီကား” ကို ဆွဲပါတယ်။ဘယ်လိုမှ ကြည့်လို့ကောင်းတဲ့ အရောင်စုံတဲ့ ပန်းချီကားဖြစ်မလာပါဘူး ။ကျွန်တော့ဆီမှာ အနီ ၊အပြာရင့် ၊ အဖြူ မရှိဘူး။ကျွန်တော် လိုချင်လိုက်တာဗျာ။အူတွေကိုယားလို့။
အဲ့သည်အချိန်မှာ ကံကောင်းချင်တော့ သတင်ကောင်းတစ်ခု ကြားရတယ် ။ပျဉ်းမနားမြို့မှာ ဒေါက်တာပေါ်မြင့်ဦး ဆိုသူ ရှိပါတယ်။ သူက ပန်းချီဝါသနာပါတယ်ပန်းချီလည်း ဆွဲပါတယ်။ငွေဆောင်ရုပ်ရှင်ရုံ အပေါ်ထပ်မှာလဲ ပန်းချီပြခန်း(ပေါင်းလောင်းရေဆန် )ကိုပါဝင်ကူညီတာဝန် ယူထားပါတယ်။ကလေးလူငယ်ကျောင်းသားသားလေးတွေကိုလည်း ပန်းချီပြိုင်ပွဲလေးတွေ လုပ်ပေးပါတယ်။
သူ့ဆီက ဆေး ၊ကင်းဘတ်၊ စက္ကူလိုချင်လျှင် တောင်းလို့ရတယ် ဆိုတဲ့သတင်းကို ကြားရတာပါ။
ကျွန်တော်သွားတောင်းတော့ ဆရာက အရမ်းသဘောကောင်းတယ် ပန်းချီဆရာတွေကို ဆေးခွဲပေးဘို့ ကော်ဘူးလေးတွေ အများကြီးပဲ ။သူက ကျွန်တော်လိုချင်တဲ့အရောင်ကို ကော်ဘူးလေးထဲ လို သလောက်ခပ်ထည့်ခိုင်းပါတယ်။မတောင်းပဲ ရေဆေးစက္ကူနှစ်ရွက်ပါ လက်ဆောင်ပေးလိုက်ပါသေးတယ်။သူပန်းချီကို နှစ်သက်ကြောင်း ပျဉ်းမနားမြို့က ပန်းချီဆရာတွေကို ရန်ကုန်က ပန်းချီဆရာတွေလို ဖြစ်မြောက်အောင်မြင်စေချင်တယ်။တိုးတက်စေချင်တယ် ။အမြင်တွေကျယ်စေချင်တယ်တဲ့။ သူက အရမ်းဖြစ်စေချင်တယ် ဆန္ဒတွေ ပြင်းပြနေသူတစ်ဦးပါပဲ။ ကျွန်တော်သူ့ကို လေးစားအားကျပါတယ်။
ကျွန်တော်စိတ်ချမ်းသာစွာနဲ့ အိမ်ပြန်လာခဲ့ပါတယ်။သူပေးလိုက်တဲ့ဆေးလေးတွေ နဲ့ ဆွဲလက်စ မပြီးသေးတဲ့ ပန်းချီကားအပေါ် လိုအပ်နေတဲ့အရောင်လေးတွေ ထပ်ဖြည့်လိုက်တာ အရသာရှိလိုက်တာဗျာ။ပြောမပြနိုင်လောက်အောင်ပဲ ။
(ကျွန်တော် ဟိုအရင်က ဆွဲခဲ့တဲ့ ပန်းချီကားတွေဟာ အိမ်သုတ် သဘောင်္ဆေး ၊ဘိုင်နာByna ,Plastic paint ၊ဖျင်ကြမ်းပိတ်စ ကဒ်ထူစက္ကူ တရုတ်ဖြစ် စုတ်တံ အပေါစားများ စတဲ့ပစ္စည်းတွေနဲ့ ဆွဲခဲ့ရတာပါ။ပန်းချီဆရာတစ်ဦးက အဲ့ဒါ တန်းမ၀င်ဘူးတဲ့ ရောင်းလို့ မရဘူးတဲ့ဗျာ။ ကျွန်တော်ကတော့ သည်ပန်းချီကားလေးတွေကို ကိုယ်တိုင်ရှိတာလေးနဲ့ မွေးထုတ်ခဲ့ရတာကြောင့် ကျွန်တော့်ရင်ထဲမှာတော့ အရမ်းကိုတန်းဝင်တဲ့ ပန်းချီကားတွေပဲလို့ သတ်မှတ်ပေးလိုက်ပါတယ်။စာဖတ်သူရော ကျွန်တော့ ပန်းချီကားတွေကို ဘယ်လိုမြင်လဲ။)
ကျေးဇူးတင်ပါသည်
ကြိုင်ကြီး..............