နယ်မှာနေတဲ့ သူငယ်ချင်းတစ်ယောက်လာတဲ့အတွက် မန္ထလေးမှာ ရှိတဲ့ ဘုရားတွေကို လိုက်ပို့ပေးဖြစ်တယ်။ သူ့ ဆိုင်မှာ လိုအပ်နေတဲ့ ပစ္စည်းတွေ လာဝယ်တာပါ။ ခါတိုင်းလည်း လာဝယ် နေကြပါ။ ဒါပေမယ့် ဒီတစ်ခေါက် ဘာစိတ်ကူးပေါက်တယ်မသိဘူး။ ဘုရားတွေ လိုက်ဖူးချင်တယ် ဆိုလို့ သူ့ဆန္ဒအတိုင်း လိုက်ပို့ပေးတာပါ။
မဟာမြတ်မုနိ ဘုရားကြီးကို အရင်သွားဖူးကြတယ်။ အဲဒီနောက် မန္ထလေးတောင်ကို သွားကြပါတယ်။ မန္ထလေးတောင်ခြေမှာ ဆိုင်ကယ်ကို အပ်ပြီး ခြင်္သေ့နှစ်ကောင် ကနေ တောင်ပေါ်ကို ခြေလျင် တက်ခဲ့ကြတယ်။
တောင်ပေါ်ကို စတက်ကတည်းက ဈေးသည်တွေက-
“အစ်ကိုတို့ ဖိနပ်တွေ ထားခဲ့လို့ရတယ်နော်။ တောင်ပေါ်မှာ ပန်းလှူဖို့ ပန်းဝယ်သွားပါဦးလား”
“အစ်ကိုရေ…ဖိနပ်ထားခဲ့လို့ရတယ်နော်…အမွှေးတိုင်လည်း ပူဇော်လို့ရတယ်နော်”
“ခဏနားလို့ရတယ်နော် အစ်ကို။ ဖိနပ်တွေ အပ်ထားခဲ့လို့ရတယ်နော်”
တောင်ပေါ်တက်လမ်းတစ်လျှောက်မှာ ဈေးသည်တွေက ဖော်ဖော်ရွေရှိလိုက်တာ။ အားနာစရာ တောင်ကောင်းသွားတယ်။ ဒါပေမယ့် တောင်ပေါ်က ဆင်းရင် ကားနဲ့ ပြန်ဆင်းမှာမို့ ဖိနပ်လည်း မအပ်ဖြစ်ပါဘူး။ ပန်းလည်း မ၀ယ်ဖြစ်ပါဘူး။
မန္တလေးတောင်ပေါ်ကို ရောက်တော့ ဘုရားဖူးကြတယ်။ မန္တလေးတောင်ပေါ်ကနေ မန္ထလေးမြို့ကို မှန်ဘီလူးနဲ့ကြည့်ကြတယ်။ ဧရာဝတီမြစ်ပြင်ကြီးကို လှမ်းကြည့်ကြတယ်။ သာယာလိုက်တဲ့ ရှုခင်းပါလား။ အရင်က မကြာခဏရောက်ဖူးပေမယ့် အခုတစ်ခေါက် မန္တလေးတောင်ပေါ်ရောက်တာ တစ်မျိုးခံစားရတယ်။
သူငယ်ချင်းက ကားနဲ့ ပြန်မဆင်းချင်ဘူးဆိုတာနဲ့ တက်လာတဲ့လမ်းအတိုင်းပဲ ပြန်ဆင်းလာခဲ့ကြ တယ်။ ကျွန်တော်တို့ ပြန်ဆင်းလာတော့ အုတ်ထိုင်ခုံလေးတွေမှာ မကြာခဏနားဖြစ်တယ်။ စကားတွေ ပြောကြတယ်။ ဈေးသည်တွေကတော့ ကျွန်တော်တို့ကို လှည့်တောင် မကြည့်ပါဘူး။
တောင်ခြေရောက်တော့ ဆိုင်ကယ်ရွေးပြီး ပြန်လာကြတယ်။
xxxxx
ဆိုင်ကယ်ကို မှန်မှန်လေး မောင်းလာခဲ့တယ်။ ၆၅ လမ်း အတိုင်း ဆိုင်ကယ်ကို မောင်းလာရင်း ၃၈ လမ်းအရောက်မှာ ဆိုင်ကယ်ရှေ့ကို ခွေးတစ်ကောင် ရုတ်တရက်ဖြတ်ပြေးတော့ တိုက်မိသွားတယ်။ ခွေးကတော့ တဂိန်ဂိန်နဲ့ အော်ပြီး ပြေးသွားတယ်။ ဆိုင်ကယ်ကတော့ အရှိန်သိပ်မပါတော့ ညာဖက်ကို အသာတိမ်းမှောက်သွားတယ်။
“အား….ပူတယ်”
သူငယ်ချင်းရဲ့အသံထွက်ပေါ်လာတယ်။ ဆိုင်ကယ် အိတ်ဇောနဲ့ ခြေသလုံးကို ဖိမိနေတာကိုး။ ပူရှာ မှာပေါ့။ ကမန်းကတန်းလူးလဲထပြီး ဆိုင်ကယ်ကို ဆွဲထူလိုက်တယ်။ လမ်းသွားလမ်းလာတွေက ဘာအကူအညီပေးရမလဲ မေးကြတယ်။ ဆေးခန်းပြချင်တယ်ပြောတော့ ရှေ့နားမှာ ရှိတယ် ဆိုတာနဲ့ သူငယ်ချင်းကို ဆိုင်ကယ်ပေါ်တင်ပြီး မောင်းထွက်ခဲ့တယ်။
မျက်စိက လမ်းဘေးဝဲယာကို ကြည့်ပြီး ဆေးခန်းရှာနေမိတယ်။ ဟော တွေ့ပါပြီ။ ဒေါက်တာ………… အထွေထွေဆေးခန်း လို့ရေးထားတော့ ၀မ်းသာအားရနဲ့ ဆေးခန်းရှေ့မှာ ဆိုင်ကယ်ရပ်လိုက်တယ်။ ဒါပေမယ့် ဆေးခန်းက ပိတ်ထားတယ်။ ဆေးခန်းဖွင့်ချိန်မှ မရောက်သေးတာကိုး။ ဆရာဝန်ရှိရင် အကူအညီတောင်းမယ်ဆိုပြီး ဆေးခန်းဘေးကကပ်လျက် တစ်ထပ်တိုက်ထဲကို လှမ်းကြည့် လိုက်တယ်။
“ဆရာ….ဆရာ”
ပါးစပ်ကလည်း မနေနိုင်တော့ အော်ခေါ်မိတယ်။ တိုက်ထဲက အသက် ၆၀ ကျော် အဖွားကြီး တစ်ယောက်ထွက်လာတယ်။ မြင်မြင်ချင်း အသိဖြစ်နေမှန်း သိလိုက်တယ်။
“သားတို့…ဘာဖြစ်လို့လဲ….ဆရာဝန်က တောင်မြို့မှာနေတယ်”
အဖွားကြီးက ကျွန်တော့်ကို မမှတ်မိ။ ကျွန်တော်က အသာလေး နေလိုက်ပြီး ဆိုင်ကယ်နဲ့ခွေး တိုက်မိပြီး သူငယ်ချင်းရဲ့ ခြေသလုံးကို အိတ်ဇောကပ်သွားကြောင်းပြောလိုက်တယ်။
“ဒါဆို…အထဲဝင်ခဲ့ကြ အန်တီလုပ်ပေးမယ်”
ကျွန်တော်တို့နှစ်ယောက် တိုက်ထဲ လိုက်ဝင်သွားတယ်။ အဖွားကြီးက ဆေးလိမ်းပေးတယ်။ စားဆေးတွေပေးတယ်။
“အန်တီက…ငယ်ငယ်ကတည်းက သားနဲ့သမီးကို ပြုစုရင်း ဆေးဝါးတွေဆောင်ထားတတ်တယ်။ နေ့လယ်နေ့ခင်း အရေးကြီးလို့လာတဲ့သူတွေကိုတော့ ဆေးဝါးလေးပေး၊ ဆေးထည့်ပေးတာတို့တော့ အန်တီလုပ်တယ်။ ဆေးတော့ ထိုးမပေးဘူး။ ဒါကလည်း ငွေရေးကြေးရေးအတွက် မဟုတ်ပါဘူး။ စေတနာနဲ့ပါ။ ဆေးဖိုးလည်း မယူပါဘူး”
အဖွားကြီးက ကျွန်တော့ သူငယ်ချင်းကို လိုအပ်တာလုပ်ပေးရင်း စကားပြောနေတာကို ကြည့်ပြီး လွန်ခဲ့တဲ့ ၄-၅ နှစ်လောက်က အဖြစ်အပျက်ကို သတိရမိပါတယ်။ မပြောပဲ မနေနိုင်လို့ ကျွန်တော့ အဖွားကြီး စကားစပြောလိုက်တယ်။
“အန်တီ….ကျွန်တော့်ကို မမှတ်မိဘူးလား”
“နင်က ဘယ်သူလဲ”
“ကျွန်တော်…ကျော်ကြီးပါ။ အန်တီ့ ခင်ပွန်းအလုပ်လုပ်ခဲ့တဲ့ ရုံးက ကိုညွန့်ရဲ့ သူငယ်ချင်းပါ”
“သြော်….အခုမှ အန်တီ သေသေချာချာကြည့်မိတယ်။ မောင်ကျော်ကြီးနော်…..”
“ဟုတ်ပါတယ်ခင်ဗျာ”
“မင်းက…အဲဒီတုန်းက တောက ရောက်လာပြီး….မောင်ညွန့်နဲ့ အတူနေတာလေ”
ထိုစဉ်အခါတုန်းက ကျွန်တော်က မောင်ညွန့်နှင့်အတူနေတယ်ဆိုပေမယ့် ထမင်းဟင်းကို ကိုယ့်လုပ်အားနဲ့ကိုယ် ရှာဖွေစားသောက်တာပါ။ အိပ်စရာ နေရာမရှိလို့ မောင်ညွန့်ကလည်း ညစောင့်ဆိုတော့ သူနဲ့အတူ ရုံးဝရန်တာမှာ ဖြစ်သလိုအိပ်ခဲ့ရတာပါ။
“ဟုတ်တယ် အန်တီ…အန်တီတို့ သာရေးနာရေး ရှိရင် ကျွန်တော်တို့ လာကူပေးရတာလေ”
“အင်း….ကောင်းကောင်းမှတ်မိပြီ”
အန်တီလို့ပဲ ပြောကြပါစို့။ အန်တီ့ခင်ပွန်းက တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲတစ်ယောက် ဖြစ်တဲ့အတွက် ဌာနဆိုင်ရာက ပေးထားတဲ့ ခြံဝန်းကျယ်ကျယ်နဲ့ နှစ်ထပ်တိုက်ကြီးမှာ နေခဲ့တာပါ။ ရာထူးကလည်း ရှိတော့ သာရေးနာရေးလုပ်တဲ့အချိန်တွေမှာ လာရောက်ဝိုင်းဝန်းကူညီကြတဲ့သူ တွေက ဒုနဲ့ဒေးပေါ့။ သာရေးနာရေးမရှိတဲ့ အချိန်လည်း ဧည့်သည်တွေနဲ့ အပြည့်ပါပဲ။ စားကြသောက်ကြ။ ရယ်ကြမောကြပေါ့။ ကျွန်တော်တို့ကတော့ ထင်းခွဲ၊ ရေခပ်၊ ပန်းကန်ဆေး၊ ဈေးခြင်းတောင်းသယ်။ အကုန်လုပ်ရပါတယ်။ သန်ရှင်းရေးလည်းလုပ်ရပါတယ်။ ခုံတွေနေရာချတာတို့ ဘာတို့ ပင်ပင်ပန်းပန်း ကူညီလုပ်ကိုင်ပေးရတာပါ။ ပင်ပန်းပေးမယ့်လည်း ဧည့်သည်တွေက ကျွန်တော်တို့ကို အသိအမှတ် မပြုပါဘူး။
“ဒါနဲ့…ဆရာကြီးကော…နေကောင်းလား”
ကျွန်တော်က ဟိုတုန်းက ခေါ်ခဲ့တဲ့အတိုင်း ဆရာကြီးလို့ပဲ သုံးနှုန်းခေါ်ဆိုပြီး မေးမြန်းလိုက်ပါတယ်။
“အနောက်ဖက်မှာလေ…အိုးတိုက်နေတယ်”
“ဗျာ”
“ဟုတ်တယ်…ငါနဲ့ ရန်ဖြစ်ထားတာ”
အသက် ၆၀ ကျော် ပင်စင်ယူပြီးချိန်မှ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်နေကြတာပါလား။
“ပင်စင် မယူခင်ကတော့ ရာထူးနဲ့လုပ်ပိုင်ခွင့်လေးရှိတော့ အခြံအရံကလည်းပေါမှပေါလေ။ အခုတော့ နင်တို့ ဆရာကြီး စိတ်ဓာတ်တော်တော်ကျသွားတယ်။ ငါကလည်း အဲဒီတုန်းက နင့်ဆရာကြီး အရှိန်အ၀ါနဲ့ဆိုတော့ လုပ်ပေးကိုင်ပေးမယ့်သူများတယ်လေ။ အခု ကိုယ်တိုင်လုပ်ရတော့ နင့်ဆရာကြီး စိတ်တိုင်းကျမဖြစ်ဘူးဟေ့”
အန်တီက အတိတ်က ရွှေထီးဆောင်းခဲ့သည်ကို ပြန်လည်အမှတ်ရနေဟန်တူသည်။
“သားနဲ့သမီးကလည်း အခုဆို သူ့အိုး သူ့အိမ်နဲ့ ဖြစ်ကုန်တော့ အဖိုးကြီးအဖွားကြီးနှစ်ယောက် ဖြစ်သလို ချက်စားနေကြတာ။ မနက်က ဟင်းကိစ္စစကားများပြီး ရန်ဖြစ်ထားတာ”
“ဒါနဲ့ ဆေးခန်းကကော အန်တီ”
“နေရာငှားထားတာပါ။ ပင်စင်လစာလေးနဲ့ ဆေးခန်းနေရာငှားခလေးနဲ့ဆိုတော့ စားဖြစ်ရုံပေါ့။ သားနဲ့သမီးကလည်း အနည်းအကျဉ်းတော့ပေးပါတယ်။ သူတို့မှာလည်း ကလေးတွေနဲ ဆိုတော့ ပေးချင်ပေမယ့် ဘယ်ပေးနိုင်မလဲ”
“ဆရာကြီး တပည့်တွေ မလာကြတော့ဘူးလား”
“ပြောရရင်တော့ တရားသဘောတွေပေါ့…လမ်းမှာ….ဈေးထဲမှာ တွေ့ရင်တောင် ဝေးဝေးက ရှောင်သွား ကြတယ်။ ပင်စင်ယူစကတော့ ကိုယ်က အရင်ဦးအောင် လိုက်နှုတ်ဆက်သေးတယ်။ သူတို့က ၀တ်ကျေတန်းကျေလောက်ပြန်ပြောတဲ့အတွက် နောင်များတော့ မခေါ်မပြောတော့ပါဘူး”
အန်တီကြည့်ရသည်မှာ တော်တော်လေး တရားရနေဟန်တူသည်။ အချိန်အတော်ကြာ အန်တီနှင့် စကားပြောကြသည်။ အန်တီက ဆရာကြီးနှင့်တွေ့သွားရန် ပြောတဲ့အတွက် အိမ်နောက်ဖက်တွင် အိုးခွက် ပန်းကန်များ ဆေးကြောနေသော ဆရာကြီးကို သွားတွေ့သည်။ ဆရာကြီးက ကျွန်တော့်ကို မြင်တော့ ချက်ချင်းမှတ်မိသည်။ ကိုယ်တိုင် တိုက်ချွတ်ဆေးကြောနေရသဖြင့် မောနေဟန်ရှိသည်။
ကျွန်တော်က မနေနိုင်တော့ အိုးခွက်၊ ပန်းကန်များကို တိုက်ချွတ်ဆေးကြောပေးပြီး အ၀တ်စ သန့်သန့်လေးနှင့် သုတ်ပြီး စနစ်တကျ ထားပေးခဲ့ပါတယ်။
xxxxx
ကျွန်တော်တို့ အပြန်မှာ လက်ဖက်ရည်ဆိုင်မှာ ၀င်ထိုင်ကြပါတယ်။
“ကျော်ကြီး”
လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး လက်ဖက်ရည်မှာပြီးတော့ စကားစပြောတယ်။ ကျွန်တော်က ဓာတ်ဘူးထဲက ရေနွေးကြမ်းကို ပန်းကန်ထဲ ငှဲ့ထည့်တယ်။ ပြီးတော့ သူငယ်ချင်းရဲ့ ရှေ့ကို ချပေးလိုက်တယ်။
“ပြောလေ…သူငယ်ချင်း”
ကျွန်တော်က ရေနွေးကို တစ်ကျိုက် သောက်လိုက်တယ်။
“ငါ အတွေးတစ်ခု ၀င်လာလို့ကွ”
“ဘာများလဲ သူငယ်ချင်း”
“ဒီနေ့ ငါတို့ ဘယ်ကို သွားခဲ့ကြလဲ”
“ဘုရားကြီး နဲ့ မန္တလေးတောင်ကို လေ”
“အပြန် ဘယ်ကို ၀င်လဲ”
“မင်း ခြေထောက် ဆေးဝင်လိမ်းတယ်လေ”
“ငါစဉ်းစားမိတာက…ဘုရားကြီးဝင်ခဲ့တာ အဓိကမဟုတ်ဘူးကွ”
“ဘာအဓိကလဲ”
“မင်း…ဆရာကြီးအိမ်ကို ရောက်တာက စပြီးစဉ်းစားမိတာ”
“ဘယ်လိုစဉ်းစားမိတာလဲကွ”
မှာထားသော လက်ဖက်ရည်ရောက်လာသဖြင့် တစ်ကျိုက်မော့သောက်လိုက်တယ်။ လက်ဖက်ရည် ကြိုက်သူမို့ လက်ဖက်ရည်ကလည်း ကောင်းတော့ နောက်တစ်ကျိုက်ထပ်မော့လိုက်တယ်။
“ဒီလိုကွာ…မင်းဆရာကြီးက အရင်က သြဇာအာဏာရှိတဲ့သူ၊ လုပ်ပိုင်ခွင့်ရှိတဲ့သူဆိုတော့ တပည့် တပန်း အခြံအရံများတယ်။ အိမ်မှာလည်း ကူညီမယ့်သူ မရှားဘူး။ ပြောရရင်ကွာ။ ရွှေမရှား၊ ငွေမရှားပေါ့”
“ဟုတ်တယ်…သူငယ်ချင်း”
“ဟော အသက် ၆၀ ပြည့်ပြီး ပင်စင်ယူလိုက်တော့ တပည့်တပန်းတွေကလည်း ကြက်ပျောက်ငှက် ပျောက် ပျောက်ကုန်တယ်။ ဧည့်သည်ဆိုလဲ ဆွေမျိုးတောင် လာချင်မှလာမှာလေ။ သားသမီးတွေက လည်း သူ့အိုးသူ့အိမ်နဲ့သူလေ”
“အင်း”
“ရာထူးအဆင့်ဆင့် တက်နေတဲ့ချိန်မှာ လူတွေက ခေါ်ချင်၊ ပြောချင်တယ်။ ကျွေးချင်မွေးချင်တယ်။ ပေးချင် ကမ်းချင်တယ်လေ”
“မှန်လိုက်လေကွာ”
“ပင်စင်လည်းယူလိုက်တော့ လုပ်ပိုင်ခွင့်လည်းမရှိ။ သြဇာအာဏာလည်း မရှိတော့ ဘယ်သူမှ မခေါ် မပြောတော့ဘူး။ လမ်းတွေ့ရင်တောင် နှုတ်မဆက်ချင်ကြဘူးဆိုတော့…”
“ပြောပါသူငယ်ချင်း”
“ငါတို့ မန္ထလေးတောင်ပေါ်တက်တာကို မင်းစဉ်းကြည့်”
“မောတာပဲရှိတာပေါ့”
“ကျော်ကြီး…မင်း…ဒီထက်ပိုစဉ်းစားကြည့်စမ်း။ ငါတို့ တက်နေတဲ့လမ်းတစ်လျှောက်လုံးမှာ ဈေးသည်တွေက ဖိနပ်ကလေးအပ်ထားခဲ့ပါ။ ပိုက်ဆံပေးစရာမလိုပါဘူးဆိုပြီး မျက်နှာမှာ အပြုံးတွေနဲ့ဖော်ရွေလိုက်ကြတာလေ။ အဲဒီ အဖြစ်ကို ကြည့်”
“နည်းနည်းတော့ သဘောပေါက်လာပြီ”
“အဆင်းကြတော့ မင်းနဲ့ငါ့ကို ဘယ်ဈေးသည်က ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်တော့မလား။ နားပါဦးလား။ ရေအေးအေးလေး သောက်သွားပါဦးလို့ ဖိတ်ခေါ်လား”
“ဘယ်သူမှ မခေါ်ပါဘူး”
“ဒါပဲပေါ့သူငယ်ချင်းရယ်….လူတိုင်းလူတိုင်း သတိထားစရာပေါ့။ တက်နေတဲ့အချိန်မှာ ခေါ်ချင် ပြောချင် ဖိတ်ခေါ်ချင်ပေမယ့် အဆင်းမှာတော့ ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူးလေ”
“မှန်လိုက်တာကွာ…ဒီနေ့ မင်းနဲ့ ဘုရားသွားရတာ ကုသိုလ်လည်းရတယ်။ အသိလည်းရတယ်။ လူတွေရဲ့ သဘောသဘာဝကို ကောင်းကောင်းနားလည်သွားပြီကွာ”
“မင်းက ငါ့ကို အလုပ်ပျက်ခံပြီး ဆိုင်ကယ်နဲ့ လိုက်ပို့တဲ့ အကျိုးပေါ့ကွာ။ ငါကတော့ ခြေသလုံးပူတုန်း ရှိသေးတယ်”
“အေးပါကွာ….အခု ခြေပူတာ ခံရတာထက် ဘ၀အတွက် အတွေးလက်ဆောင်တစ်ခု ရသွားတာက ပိုပြီး တန်ဖိုးရှိပါတယ်ကွာ”
“အရမ်း….အရမ်းကို မှန်လိုက်တာာ ကျော်ကြီးရာ”
(ကိုယ်တိုင်တွေ့ကြုံရတာလေးကို တင်ပြပေးတာပါ။)
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၁၈-၆-၂၀၁၂)(၁၇း၅၅)နာရီ