ဤဘလော့သည် ကျွန်ုပ်၏ ကိုယ်ပိုင်စိတ်ကူးဖြင့်ရေးသားခြင်းမဟုတ်ပါ။ ကျွန်ုပ်ဖက်ခဲ့ရသော စာရေးဆရာ ပါရဂူ၏ ဟိတောပဒေသစာအုပ်မှ ထုတ်နုတ်ကူးယူ၍ ရေးသားခြင်းသာဖြစ်ပါသည်။ ထိုစာအုပ်တွင် အခန်း(၄)ခန်းဖြင့် ရေးသားထားပါသည်။ တစ်ခန်းချင်းစီကို ကျွန်ုပ်၏ဘလော့အား ဖက်ရှုမှု၊ မှတ်ချက်ပြုမှုတို့ကို ကြည့်၍ ဆက်လက်ပြီး တင်သွားပါမည်။
“အသက်အရွယ်ပျိုမြစ်ခြင်း၊ ဥစ္စာဓနကြွယ်ဝခြင်း၊ အစိုးရခြင်း၊ အသိပညာမဲ့ခြင်း၊ ယင်းလေးမျိုးအနက် တစ်မျိုးမျိုးသည်ပင် အကျိုးမဲ့ပြုတက်၏။ လေးမျိုးစလုံးရှိသူအတွက်မူ အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။”
“မမွေးရသေးသောသား၊ သေဆုံးသွားသောသား၊ မိုက်သောသား၊ ယင်းသားသုံးမျိုးအနက် ပထမနှင့် ဒုတိယ သားနှစ်မျိုးသည် တစ်ကြိမ်သာလျှင် ဒုက္ခပေးတက်၏။ တတိယသားမျိုးကား အစဉ်တစိုက် ဒုက္ခပေးတက်သည်။”
“ကိုယ်ဝန်ပျက်ခြင်းသည်လည်းကောင်း၊ မယားနှင့်အတူမနေခြင်းသည်လည်းကောင်း၊ သားမွေးပြီး သေဆုံးသွားခြင်းသည်လည်းကောင်း၊ သမီးဖွားလာခြင်းသည်လည်းကောင်း၊ မြုံနေခြင်းသည်လည်းကောင်း၊ ဝမ်းတိုက်ထဲ၌ပင်ပဋိသန္ဓေတည်နေခြင်းသည်လည်းကောင်း မြင့်မြတ်သေး၏။ သို့ရာတွင် ရုပ်ဆင်းလှပပြီး အဆင်တန်ဆာ ဆင်ယင်ထားသည့်သားဖြစ်စေကာမူ ပညာမဲ့က မမြင့်မြတ်ပေ။”
“အလှူဒါန၌လည်းကောင်း၊ အကျင့်သီလ၌လည်းကောင်း၊ သူရသတ္တိ၌လည်းကောင်း၊ ဥစ္စာဓန၌လည်းကောင်း၊ စိတ်မဝင်စားသောသားမျိုးသည် အမိ၏အညစ်အကြေးအစုမျှသာလျှင်ဖြစ်သည်။”
“သားဖျင်းသားမိုက် တစ်ရာထက် အရည်အချင်းနှင့်ပြည့်စုံသော သားတစ်ယောက်ကမြတ်၏။ တစ်စင်းတည်းသောလသည် အမိုက်မှောင်ကိုပယ်ဖျောက်နိုင်စွမ်းသော်လည်း ကြယ်တာရာပေါင်းများစွာသည် အမိုက်မှောင်ကိုပယ်ဖျောက်ခြင်းငှာ မစွမ်းနိုင်။”
“စီးပွားဥစ္စာရခြင်း၊ အနာရောဂါကင်းခြင်း၊ ချစ်သူ၊ ချစ်ဖွယ်စကားပြောကြားတက်သည့်မယား၊ စကားနားထောင်တက်သည့်သား၊ အကျိုးစီးပွားကိုပြုတက်သည့်အတက်ပညာ၊ ယင်းခြောက်ပါးသည် လောက၏ချမ်းသာသုခဖြစ်၏”
“ကြွေးတင်အောင်လုပ်သောအဖသည် ရန်သူဖြစ်၏။ လင်ငယ်နေသောအမိသည် ရန်သူဖြစ်၏။ အဆင်းလှသောမယားသည် ရန်သူဖြစ်၏။ ပညာမဲ့သောသားသည် ရန်သူဖြစ်၏”
“အလေ့အကျင့်မလုပ်လျှင် အတက်ပညာသည် အဆိပ်ဖြစ်၏။ မကြေညက်လျှင် အစာသည် အဆိပ်ဖြစ်၏။ ပညာမွဲသူအတွက် ပွဲလယ်သဘင်သည် အဆိပ်ဖြစ်၏။ လူအိုအတွက် မိန်းမပျိုသည် အဆိပ်ဖြစ်၏။”
“သာမန်အမျိုးအနွယ်၌ မွေးဖွားစေကာမူ အရည်အချင်းရှိလျှင် လေးစားထိုက်၏။ ၀ါးကောင်းဖြင့်ပြုလုပ်သော လေးသည် ညှို့မရှိမူ အဘယ်မှာလျှင်အသုံးဝင်တော့မည်နည်း။”
“နာရီ နေ့ရက် ကုန်ဆုံးကျော်လွန်သွားသော်လည်း ပညာမသင်ကြားသောသားသည် ရွှံ့ညွှန်ပြောင်း၌ မြုပ်နစ်သောနွားကဲ့သို့ ပညာရှိတို့၏အလယ်၌ မြုပ်နစ်ရလိမ့်မည်။”
“အစာစားခြင်း၊ အိပ်ခြင်း၊ ကြောက်လန့်ခြင်း၊ မေထုန်မှီဝဲခြင်း ဤလေးမျိုးသည် လူနှင့်တိရ စ္ဆာန်၌ တူညီ၏။ လူ၌ တရားဓမ္မသာလျှင် ပိုလွန်၏။ တရားဓမ္မမရှိသောသူသည် တိရ စ္ဆာန်နှင့်မထူးပေ။”
“ကိုယ်ကျင့်တရား၊ စီးပွားဥစ္စာ၊ ကာမဂုဏ်၊ လွတ်ငြိမ်းမှု ဤလေးမျိုးအနက် တစ်မျိုးမျိုးမရှိသူ၏ လူဖြစ်လာရခြင်းသည် ဆိတ်မ၏လည်ပင်းနား၌ရှိသော နို့တိုင်ကဲ့သို့ အချည်းနှီးသားလျှင်ဖြစ်၏။”
“ယာဉ်ရထားသည် ဘီးတစ်ဘီးတည်းဖြင့်မသွားနိုင်သကဲ့သို့ ထိုနည်းတူ လုံ့လနှင့်ကင်း၍ ကံသည်အကျိုးမပေးနိုင်ပေ။”
“အိုးထိန်းသည်သည် မြေစိုင်ခဲမှ အိုးခွက်စသည်ကို အလိုရှိသလိုပြုလုပ်ယူသကဲ့သို့ လူသည်လည်း အလုပ်ကိစ္စကို အားထုတ်ပြုလုပ်၍ အကျိုးစီးပွားကို အလိုရှိသလို ရယူသင့်လေသည်။”
“လုံ့လဖြင့်သာလျှင် အလုပ်ကိစ္စသည် ပြီးစီးအောင်မြင်၏။ စိတ်အလိုဆန္ဒဖြင့် မပြီးစီးမအောင်မြင်နိုင်။ အိပ်နေသောခြင်္သေ့၏ခံတွင်းထဲသို့ သားသမင်သည် အလိုအလျှောက် ဝင်ရောက်မလာနိုင်ပေ။”
“ကလေးသူငယ်ကို အတက်ပညာ သင်ကြားမပေးသော မိနှင့်ဘသည် ကလေးသူငယ်၏ရန်သူမည်၏။ အတက်ပညာ မသင်ကြားရသော ကလေးသူငယ်သည် ဟင်္သာအလယ်ရှိ ဗျိုင်းကဲ့သို့ ပရိသတ်အလယ်တွင် မတင့်တယ်ပေ။”
“ဆရာ့ထံပါး၌ အတတ်ပညာ မသင်ယူသောသူသည် လင်ငယ်နှင့်ရသောသားကဲ့သို့ ပရိသတ်အလယ်တွင် မတင့်တယ်ပေ။”
“ရွှေနှင့်ပေါင်းဖက်မိခြင်းကြောင့် ဖန်သည် မြအရောင်ထွက်သကဲ့သို့ ပညာရှိနှင့်ပေါင်းဖက်မိလျှင် လူမိုက်သည် လူလိမ္မာဖြစ်လာနိုင်၏။”
“ယုတ်ညံ့သူနှင့်ပေါင်းသင်းလျှင် မိမိပညာသည် ဆုတ်ယုတ်သွားမည်သာဖြစ်၏။ တန်းတူသူနှင့်ပေါင်းသင်းလျှင် မိမိပညာသည် တန်းတူအလယ်အလတ်ဖြစ်နေမည်။ တိုးတက်ကြီးပွားခြင်းမရှိပေ။ ပညာအရာသာသူနှင့် ပေါင်းသင်းလျှင်မူ မိမိပညာသည် ကြီးပွားတိုးတက်လာမည်ဖြစ်၏။”
“အကျိုးဖြစ်ထွန်းမည်မဟုတ်သည့် အရာဝတ္ထုအတွက် ပြုလုပ်သောကြိုးပမ်းမှုသည် အချည်းအနှီးသာလျှင်ဖြစ်သည်။ ဗျိုင်းကို ဘယ်လိုပင်လုပ်လုပ် ကြက်တူရွေးကဲ့သို့ စကားတက်လာမည် မဟုတ်ပေ။”
“ပိုးကောင်သည် ပန်းပွင့်နှင့်အတူနေခြင်းကြောင့် လူကြီးလူကောင်းတို့၏ ဦးခေါင်းထက်သို့ရောက်ရလေ၏။ ကျောက်တုံးကျောက်ခဲသည် လူကြီးလူကောင်းတို့ တည်ထားကိုးကွယ်ခြင်းကြောင့် နတ်အဖြစ်သို့ရောက်ရလေ၏။”