Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

"ဘကြီးအောင် ညာခဲ့မိပါတယ်..." (စတုတ္ထပိုင်း)

$
0
0

"ဘကြီးအောင် ညာခဲ့မိပါတယ်..."

“သားလေးရေ… တမနက်ခင်းလုံး ဘယ်တွေသွားနေရတာလဲ…”

“ဒေါ်လက်တစ်ဆုပ် အကြော်ဆိုင်ကိုပါ အမေရဲ့…”

“စားသောက်ပြီး မြန်မြန်ပြန်ခဲ့ပေါ့ သားရယ်… လူဆိုတာ လူထူတဲ့နေရာ အကြာကြီး မနေရဘူးကွဲ့…”

“အင်းပါ အမေရဲ့…”

“ညီလေးရေ… လာကွာ… အစ်ကိုကြီးနဲ့ နှင်းဆီပင်လေးတွေ စိုက်ရအောင်…”

“နှင်းဆီပင်… ဘယ်သူ့အတွက်လဲ အစ်ကိုကြီးရ…”

“အနာဂတ်အတွက်ပေါ့ကွာ…”

“ကဲ… ကိုအနာဂတ်… ကျုပ်ဘာကူလုပ်ပေးရမလဲ…ပြော…”

“ဟိုးဟိုနားက မန်ကျည်းရွက်အဆွေးတွေကို တောင်းနဲ့ထည့်ပြီး ဒီကိုယူလာခဲ့… ပြီးတော့ ချိုးရေအိုးထဲက ရေတစ်ပုံးခပ်ခဲ့…”

“အား… ပြိုင်းလိုက်တာ အစ်ကိုကြီးရာ… အလုပ်မရှိကြောင်ရေချိုးလို့…”

“မျှော်လင့်ချက်ဆိုတာ ဘယ်တော့မှ မသေဆုံးဘူး ညီလေး… ဒီပန်းလေးတွေပွင့်လာမယ့် အနာဂတ်ကို အခုကတည်းက စိတ်ကူးယဉ်ကြည့်စမ်းပါကွာ…”

“အင်းပါ ကိုစိတ်ကူးရဲ့…”

 

အစ်ကိုကြီးက ဘာကိုလုပ်လုပ် အားကြိုးမာန်တက်ရှိလွန်းလှသည်… ကိုယ်လိုတော့ မပျင်း… ကိုယ့်အကြောင်းလည်း ကိုယ်သာလျှင် ကောင်းကောင်းသိသည်… မိသားစုအပေါ်၌ ဆိုးကာ အလိုလိုက်ခံချင်သည်… အဖေ့ကို မျက်လှည့်ပြ… အမေ့ကို ပေါက်ကရပြော… အစ်ကိုကြီးကို မလိမ့်တပတ်လုပ်နှင့်သာ ဘ၀ကို ရှင်သန်ခွင့်ရခဲ့သည်… သို့သော် ညီလေးတစ်ယောက်ရှိပါသေးသည်… ညီလေးသည် အိမ်၌အထွေး… သူသာလျှင် ဘုရင်တစ်ပါး… သူ့အမြက်တော်ရှမှာဖြင့် အားလုံးက ပြားနေအောင် ကြောက်ရသည်…

 

“ညီလေးတောင် အိမ်ကိုအဆက်အသွယ်မလုပ်တာ ကြာပြီနော် အစ်ကိုကြီး…”

“အင်း… ဟုတ်ပါ့… ဒီကောင် ရည်းစားများ ရနေတော့လား မသိ…”

“ပိုက်ဆံလည်း လှမ်းမတောင်းတာကြာပြီ… သုံးစရာရှိသေးလားတောင် မသိဘူးနော်…”

“မင်းနဲ့ငါထက် ပိုပါတယ်ကွာ… မင်းနဲ့ငါ ကျောင်းတက်တုန်းက ပုဆိုးကြီးတွေကလည်း တွန့်နေအောင်ဝတ်ရတာ… မီးပူဆိုတာတောင် ဘာမှန်းသိတာမဟုတ်ဘူး…”

“အေး… အဲ့ဒါတော့ ဟုတ်တယ်ကွ… ငါလည်း ပုဆိုးတွန့်နေရင်ကို ရှက်လွန်းလို့ ဘယ်ကောင်မလေးနားမှ ကပ်ရဲခဲ့တာ မဟုတ်ဘူး… ဒါကြောင့်လည်း ဘာရည်းစားမှ မရခဲ့တာ…”

“ဒါနဲ့ မင်းဟိုဒင်းမလေးနဲ့ကရော ဘယ်လိုလဲ…”

“တိုးတိုးပြော… အမေ့ကို လိမ်ထားရတာ… ဒေါ်လက်တစ်ဆုပ်အကြော်ဆိုင်သွားနေတယ်လို့…”

“မင်းက ဘယ်တွေသွားနေတာတုန်း…”

“ဟာ… တိုးတိုးပြောပါဆိုမှ… ငါကောင်မလေးကို လမ်းလည်ခေါင်မှာ ဖက်နမ်းနေတာ…”

“ဟာ… ဒီကောင်တော်တော်ဆိုးပါလား… သူများသားသမီးကို ဒီလို မလုပ်ရဘူးလေကွာ…”

“ဟာ… မင်းဘာသိလို့လဲ… အဲ့ဒီ  သူများသားသမီးလေးကလည်း ဆိုးတယ်ကွ…”

“ကဲပါကွာ… ဟုတ်ပါပြီ… သွားရေတစ်ပုံးခပ်ချေဦး…”

“အင်းပါ ကိုရေတစ်ပုံးရဲ့…”

 

နှင်းဆီပန်းကလေးသုံးပင်ကို အလျှားလိုက်ကလေးတွေ တန်းစီစိုက်ပျိုးကာ ရေကလေးများဖြင့် လန်းသွားအောင် ပက်ဖျန်းလိုက်သည်… မစိုက်ပျိုးခင်က စိတ်မ၀င်စားခဲ့သော်လည်း စိုက်ပျိုးပြီး ပေါ်ပေါက်လာသော မြင်ကွင်းကလေးကို ကြည့်ရသည်မှာတော့ စိတ်ထဲ၌ ကြည်နူးမိရသလိုလိုပင်… အစ်ကိုကြီးပြောသကဲ့သို့ အနာဂတ်၌ ပွင့်လန်းလာမည့် ထိုနှင်းဆီကလေးများကို မြင်ရလျှင်လေဖြင့် မည်သို့ ခံစားရပေဦးမည် မသိတော့ပေ…

 

“လွင့်ကြွေကျဖို့တော့
ပွင့်မနေပါရစေနဲ့ဘုရား…”

 

မောင်စိန်ဝင်း(ပုတီးကုန်း)၏ ကဗျာလေးထဲမှ ထိုအပိုင်းအစကလေးကို သွား၍သတိရမိတော့သည်… ဤနေ့၌ပင် ဤနှင်းဆီပင်ကလေးတို့အား စိုက်ပျိုးပြီးစီးခဲ့ရသည်… ဤစိုက်ပျိုးပြီးစီးခဲ့ခြင်းသည် မောင်စိန်ဝင်းကဲ့သို့သာ လွင့်ကြွေကျစေဖို့ ပွင့်ဝေလာခဲ့ကြမည်ဆိုပါက…

 

ထုံးစံအတိုင်းပင် မောင်လှမျိုးလေးကို ပိုက်၍ အတွေးတိမ်တောင်ကျယ်ခဲ့ပြန်တော့သည်… သို့သော် ထိုနေ့က မောင်လှမျိုးသည် တစ်ခုခုမှားယွင်းနေခဲ့ဟန်တူသည်… မောင်လှမျိုး၏ ကဗျာများပေါ်မှ မိန်းကလေးတစ်ယောက်သည် အထက်မှ အောက်သို့လည်းကောင်း အောက်မှအထက်သို့လည်းကောင်း ဖြတ်လျှောက်ပြေးလွှားကာ စာလုံးများကို ကာထားကြပြန်တော့သည်… သေချာပါပြီ… ဖြူမကို အရင်ထက်ပိုလို့ချစ်ခဲ့ပြီ…

 

တစ်နေ့တာကို ဖြတ်သန်းရသည်မှာ သတိထားတတ်သော အကျင့်ရှိလာပါက အင်မတန်မှ ကြာညောင်းလွန်းလှပြန်တော့သည်… ကြမ်းပေါ်၌ လူးလှိမ့်၍သော်လည်းကောင်း… အမေ့မှန်ချောင်မှ ခပ်မွဲမွဲမှန်တစ်ချပ်ကို မယူကာ ချောမောသော မိမိ၏မျက်နှာအား အပြန်ပြန်အလှန်လှန်ကြည့်၍သော် လည်းကောင်း… ထိုမှန်ထဲမှ ပေါ်နေသော မိမိ၏ရုပ်ကိုမှအားမနာ… “ဖြူမ… နင်ငါ့ကို မချစ်ဘူးလား…” ဟု မေး၍လည်းကောင်း… အင်္ကျီင်္ီင်္ီပေါ်၌ ကပ်ငြိနေသော အမွှေးအမှင်ကလေးများကို ဆွဲဆိတ်၍ သော်လည်းကောင်း… “ချစ်လို့မှ ချစ်လို့မိုက်ခဲ့တယ်…” ဟူသော သီချင်းကို အခေါက်ပေါင်းများစွာကျော့ကာ သီဆို၍သော်လည်းကောင်း… အရောင်ရောင် အမှားမှားနှင့် ဖြူမဆီသို့သာ သွားနေကြသော စိတ်များအား ဖြေဖျောက်နိုင်ရန်အလို့ငှာ ကိုယ်တိုင်ကွင်းဆင်းလေ့လာနည်းဖြင့် အချိန်ကုန်ရပေတော့သည်…

 

ညနေစာ ချက်ရန် ဆူးပုတ်ရွက်များ ခူးနေသော အမေ့အနားသို့ ရောက်ရှိခဲ့ပြန်သည်… အမေ့ခြင်းထဲမှ ဆူးပုတ်ရွက်များကို အထက်အောက်လှန်ကြည့်ကာ ဖြူမရှိလေမလားဟု ရှာဖွေမိပြန်သည်… ဖြူမတော်တော်ဆိုးပါသည်… အမေ့ဆူးပုတ်ရွက်ခြင်းထဲ၌လည်း သူမ၀င်ရောက်နေနိုင်ခဲ့ပြန်သည်… မလှမ်းမကမ်း ရေချိုးခြံ၌ ဓားသွေးနေသော အဖေ့အနားသို့ ရောက်မိပြန်သည်… အဖေသည် ထင်းခုတ်ဓားမကြီး တစ်ချောင်းကို ဓားသွေးကျောက်ပေါ်၌တင်၍ ဘယ်တစ်ချက် ညာတစ်ချက် ပွတ်တိုက်ဆွဲကာ လက်ဖြင့်စမ်းကြည့်လိုက်… ဓားမကြီးကို မြှောက်ကာ သူ၏မျက်လုံးများကို ဘယ်တစ်ဘက် ညာတစ်ဘက် မှိတ်ကြည့်လိုက်နှင့် အတော်လေးအလုပ်ရှုပ်နေဟန်တူပါသည်… ခက်ပါသည်… ခက်လှပါတော့သည်… ထိုအဖေ့၏ ဓားသွေးကျောက်ပေါ်၌လည်း ဖြူမရှိနေခဲ့ပြန်ပါသည်… “ဆက်မသွေးပါနဲ့တော့လား အဖေရယ်…” ဟု စိတ်ထဲမှ တိုးတိုးလေး တောင်းပန်မိလိုက်သည်…

 

အမှောင်တို့ ကူးလူးလာကြပြန်ချေပြီ… ရွာမြောက်ပိုင်းဆီမှ ဗွီဒီယိုဇာတ်ကားကြော်ငြာသံကို ဟိန်းနေအောင်ကြားနေရပြန်တော့သည်… မည်သည့်အရာကို စိတ်မချသည်တော့မသိ… ရဲမင်းပိုင် ကို ဖြူမသွားကြည့်မှာ စိုးရိမ်လှတော့သည်… သီဟတင်စိုး၏ တော်လှန်ရေးကားကိုလည်း ဖြူမအားမကြည့်စေလို… အကယ်၍သာ ဖြူမကြည့်ချင်သည်ဆိုပါက မိမိ၏ မျက်နှာပေါ်၌ပင် ပိတ်ကားတပ်ပေးလိုက်ချင်ပါသည်… မည်သို့ပင်ဖြစ်စေ မနက်ဖြန်၌ လေးတင်မြတို့လယ်တောတွင် မနက်ဖြန်ရပေဦးတော့မည်… ပျော်ပါသည်… ကြောက်ပါသည်… ပျော်ပျော်ကြောက်ကြောက်နှင့် မနက်ဖြန်ကိုရောက်ဦးတော့မည်…

 

“သြော်…

မနက်ဖြန်…

မနက်ဖြန်…

အသက်မှန်မှန် ရှူပါရစေဘုရား…”

မျှော်လင့်တောင့်တရသော ထိုမနက်ဖြန်သည် ကျွန်ုပ်ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိလာခဲ့ပါသည်… သို့သော် ထိုမနက်ဖြန်ထဲ၌ ကျွန်ုပ်ရူးသွပ်ဆာလောင်မိပါသော ဖြူမ၏ မျက်နှာနုနုကလေး မမွေးဖွားခဲ့သေးပေ… မနက်ဖြန်ကို စိတ်တိုမိပါသည်… နေလို့မတတ် ထိုင်လို့မတတ်နိုင်လောက်အောင် လူကို ကလိနိုင်လွန်းလှတော့သည်… လေးတင်မြ၏ လယ်တောသည် ဤကမ္ဘာမြေပေါ်၌ နှစ်ပေါင်းအတော်များများ ရပ်တည်နေခဲ့ဖူးပါလိမ့်မည်… သို့သော် အဆိုပါ လေးတင်မြ၏ လယ်တောသည် ဒီနေ့ပင်လျှင် ကျွန်ုပ်၏ နှလုံးသားတို့အား ဆွဲခေါ်ယူငင်ရာ ပန်းဥယျာဉ်ကြီးဖြစ်တော့သည်…

 

“ညီလေး… တံခါးပေါက်နားထိုင်ပြီး ဘာလုပ်နေတာလဲ…”

“ဘာလုပ်ရမှာလဲ အစ်ကိုကြီးရ… မျက်နှာသစ်ဖို့စောင့်နေတာပေါ့…”

“ရေချိုးခြံမှာ လူကြပ်နေတာမှ မဟုတ်ဘဲကွ…”

“မကြပ်လည်း စောင့်မှာပဲ…”

“ဟိုမှာ အမေက ထမင်းကြော်စားဖို့ ခေါ်နေတယ်… မျက်နှာသစ်မယ်ဆိုလည်း မြန်မြန်သစ်လေ…”

“အင်းပါ အစ်ကိုကြီးရဲ့…”

 

မျက်နှာသစ်ရန် ရေချိုးခြံကို ဆင်းခဲ့လိုက်သည်… မနက်စောစော ရေအိုးကလေးထဲ၌ ပေါ်နေသော ဖြူမကလေးကို နမ်းလိုစိတ်ဖြင့် ရေအိုးလေးထဲသို့ နှာခေါင်းကလေးဖြည်းဖြည်းချင်းဆင်းကာ အားမရသဖြင့် မျက်နှာတစ်ခုလုံးပါ ရေအိုးထဲသို့ နှစ်လိုက်သည်… “ဗွမ်း…” ကနဲ လျှံကျလာသော ရေအိုးကလေးထဲမှ ရေများသည် ရင်ဘတ်ဆီမှ တစ်ကိုယ်လုံးဆီသို့ စီးဆင်းသွားကြကာ ချစ်ရသူ ဖြူမကလေး၏ ပြန်လည်ပွေ့ဖက်ထားခြင်းကို ရရှိလိုက်သလိုမျိုး ခံစားမိရပြန်တော့သည်… ဖြူမကလေးအား ချစ်ပါသည်… မျက်နှာသစ်ချိန်၌လည်း ချစ်ကာ မျက်နှာသစ်ပြီးချိန်၌လည်း ချစ်နေမိပေဦးမည်… ထို့အတူ အမေ၏ ထမင်းကြော်စားနေချိန်၌လည်း ဆက်လက်ချစ်နေဦးမည်ဖြစ်ပြီး ဘယ်သူဘာပြောပြော ချစ်နေတော့မည်သာ ဖြစ်သည်…

 

“သားလေးရေ… ထမင်းကြော်စားရအောင် လာတော့လေ…”

“အင်းပါ အမေရဲ့…”

“အဖေကြီး… သားလေးကို ရေနွေးကြမ်း တစ်ခွက်ငှဲ့ပေးလိုက်ပါဦး…”

“ငါ့သား… ဖိုးအောင်… ခုတလော ငါ့သား အိမ်ကနေ ပျောက်ပျောက်သွားတယ်နော်… အပြင်ထွက်တာက အရေးမကြီးဘူး… အပေါင်းအသင်း မမှားစေနဲ့ ကြားလားငါ့သား…”

“ဟုတ်ကဲ့ပါ အဖေရဲ့…”

“လူဆိုတာ အားတယ်ဆိုပြီး ဖြစ်သလို မနေရဘူး ငါ့သားရ… အားရင် အဓိပ္ပါယ်ရှိတဲ့ စာအုပ်စာပေတွေဖတ်ရတယ်… စာအုပ်စာပေ လူ့မိတ်ဆွေတဲ့…”

“ဟုတ်ကဲ့ပါ အဖေရဲ့…”

“အေး… ပြီးတော့…”

“ဟား… မေ့နေလိုက်တာ အဖေရယ်… ပြီးခဲ့တဲ့နေ့က ဘကြီးမောင်က အဖေ့ကို သူတို့အိမ်လာခဲ့ဦးလို့ မှာလိုက်တယ်… တော်တော်အရေးကြီးတယ်နဲ့ တူတယ်အဖေ…”

“အေးကွာ… အဖေလည်း မင်းဘကြီးတို့အိမ်ဘက် မရောက်တာကြာပြီကွ… မအေရေ… ငါ ခဏသွားစမ်းဦးမယ်ဟေ့… ကဲ… အဖေသွားလိုက်ဦးမယ် ငါ့သား…”

“ဟုတ်ကဲ့ပါ အဖေ…”

 

အစဉ်ပြေသွားပါပြီ… လူဟူသည်မှာ အခက်အခဲကြားမှ လွတ်အောင်ရုန်းထွက်တတ်ရသည်… အဖေ့ကို လိမ်ပြောလိုက်တာ မဟုတ်ပါ… ဘကြီးမောင်က တကယ်ပြောခဲ့ပါသည်… “မင်းအဖေတောင် ငါတို့ဘက်ခြမ်း မလာတာကြာပြီ…” ဟူသော ဘကြီးမောင်၏ စကားကို သိပ္ပံနည်းကျကျ ဘာသာပြန်တွေးခေါ်ကြည့်ပါက “မင်းအဖေကို ဘကြီးမောင်တို့အိမ်လာဖို့ပြောလိုက်ပါဦးကွာ…” ဟု အဓိပ္ပါယ်ရလေသည်… သို့ဖြစ်၍ ဖြူမအလာကို အိမ်မှထိုင်စောင့်နေလျှင် အစဉ်မပြေနိုင်မှန်း ကောင်းကောင်းကြီးသိလိုက်ပြီ ဖြစ်ရာ ဘုရားပန်းအိုးလဲနေသော အမေမမြင်ခင် လေးတင်မြတို့လယ်တောသို့ သုတ်ချေတင်မိခဲ့ပါတော့သည်…

 

လေးတင်မြတို့ လယ်တောသည် အင်မတန်သာယာလှပသော ပန်းဥယျာဉ်ကြီးနှင့် တကယ်ပင် တူပါသည်… လယ်ကန်စင်းရိုးပေါ်၌ ရှင်သန်နေသော မန်ကျည်းပင် အိုအိုကြီးမှာ အသီးများ ပြွတ်သိပ်ခဲနေကာ အကိုင်းများ ညွှတ်ကျနေပြီး ကျဆုံးလေသူ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုနေသည်နှင့်ပင် တူပါသည်… ထို့အတူ လယ်ကန်စင်းတစ်လျှောက်၌ ပေါက်ရောက်နေသော ငါးသားရောင်မြက်ပင်များသည် နံနက်ခင်းနေခြည်၏ အောက်၌ ရွှေချောင်းများ ထောင်ထားသည့်ပမာ ၀င်းဝင်းလက်လက်နှင့် ယိမ်းနွဲ့နေကြပြီး လေထဲမှပါလာသော မြက်သင်းနံ့ကလေးများက အသက်ရှူရသည်ကိုပင် အရသာရှိလွန်းလှပြန်တော့သည်… သို့ဖြစ်၍ ဖြူမရောက်ရှိလာပါက အဆင်သင့် သီတင်းသုံးနိုင်ရန် အနီးအနားမှ တွေ့ရှိသော ဖျာစုတ်တစ်ချပ်ကို မန်ကျည်းပင်ကြီးအောက်ရှိ မြက်ပြင်ပေါ်၌ခင်းကာ ပလ္လင်တည်ဆောက်လိုက်မိပါသည်… အဆိုပါ ပလ္လင်သည် နိမ့်ချည်မြင့်ချည်နှင့် ရင်ခုန်သယောင် ဟန်ဆောင်ပြနေပါသောကြောင့် မိမိမှလွဲ၍ မည်သည့်အရာမှ ရင်ခုန်သည်ကို မလိုလားကာ  ဒူးနှစ်ဘက်ဖြင့်ထောက်၍ ဆုံးမထားရပြန်ပေသည်…

 

“သြော်… နင်က ဒီမှာကိုး…”

“အမလေး… ဘုရား ဘုရား…”

“…………….”

“လန့်လိုက်တာ ဖြူမရာ…”

“ငါက နင်တို့အိမ်ရှေ့က ဖြတ်လာတာလေ… နင့်အစ်ကိုကြီး နှင်းဆီပင်လေးတွေရေလောင်းနေတာတော့ တွေ့ခဲ့သားပဲ…”

“နင် ငါ့ကို မတွေ့ခဲ့ဘူးပေါ့လေ…”

“တွေ့စရာလား နင့်ကို…”

“အေးပေါ့ဖြူမရယ်… နင် ရက်စက်လိုက်ပါတော့ဟာ…”

“ဘာ နင်ရက်စက်လိုက်ပါလဲ… ငါ နင့်ကို စိတ်ဆိုးနေတာ… စကားတောင် ပြောချင်တာ မဟုတ်ဘူး…”

“နင်က ဘာကို စိတ်ဆိုးနေရပြန်တာတုန်း…”

“တကယ်ဆို နင် အိမ်မှာစောင့်နေပါ့လား… ခုတော့ ငါတစ်ယောက်တည်း လယ်တောထဲကို လာခဲ့ရတာ…”

“သြော်… နင်က လူပိုခေါ်လာခဲ့ချင်သေးတယ်ပေါ့လေ…”

“ငါ့ကို အပိုတွေမပြောနဲ့… ငါ နင့်ကို စိတ်ဆိုးပြေသေးတာ မဟုတ်ဘူး…”

“လာပါဟာ… ဒီပလ္လင်… ဟုတ်ပေါင်… ဒီမှာ အရင်ထိုင်စမ်းပါ…”

“ထိုင်စရာလား… ဖျာစုတ်ပေါ်မှာ…”

“တူနှစ်ကိုယ်တဲအိုပျက်မှာ… ဟိုဒင်းပြုရ ဆိုတဲ့သီချင်း နင်မကြားဖူးဘူးလား…”

“ဘာဒင်းလဲ… နင်သေမယ်နော်… ပေါက်တီးပေါက်ရှာ မပြောနဲ့…”

“ပေါက်တီးပေါက်ရှာ မပြောပါဘူး… ဆန်ပြုတ်သောက်ရဆိုလားဟာ… ငါလည်း မမှတ်မိတော့ဘူး…”

“လူကိုက… ရုပ်ကိုက ပြောင်ချော်ချော်နဲ့… သွား… ဟိုဘက်တိုး…”

“ဖြူမ… နင်က ဘာလို့ငါ့ဘက်ကို အတင်းတိုးနေရတာလဲ…”

“အမလေး… ဝေးသေးတယ်… တိုင်းကြည့်ရင် နှစ်မိုင်လောက်တောင် ဝေးပါ့…”

“ဖြူမ… နင် မန်ကျည်းသီး စားချင်လား… ငါ ဆွတ်ပေးမယ်…”

“မစားချင်ပါဘူး… ချဉ်ကချဉ်နဲ့…”

“ဒါဆို ချိုတဲ့အသီး ဆိုရင်ကော…”

“ဘာမှလာ လူရေလည်ကျမနေနဲ့… ချဉ်လဲမစားဘူး… ချိုလည်းမစားဘူး…”

 

ဘာပြောလို့ပြောရမည်မသိ… ဖြူမကတော့ နေပုံထိုင်ပုံ ထိလှသည်… ဖျာစုတ်ကလေးကို ချိုးလိုက်… မြေကြီးအတွင်းမှ မြက်ပင်ကလေးများကို ဆွဲနှုတ်လိုက်ဖြင့် အတော်ဟုတ်နေသည်… မဟုတ်သည်က ကိုယ်သာလျှင်… အဘယ်သို့ ဟုတ်အောင်လုပ်ရမည် မသိပေ…

 

“ဖြူမ… လေတွေအရမ်းတိုက်တယ်နော်…”

“အင်း… တောထဲဆိုတော့ နည်းနည်းတော့ တိုက်တာပေါ့…”

“ဒါဆို နင်ချမ်းနေမှာပေါ့နော်…”

“ချမ်းပါဘူး… နွေးနွေး နွေးနွေးနဲ့တောင် နေသေး…”

“နင် ချမ်းနေပါတယ်ဟာ…”

“မချမ်းပါဘူးဆိုမှ…”

“ဒါဆို ငါချမ်းတယ်ဟာ…”

“ချမ်းရင် လဲသေပေါ့…”

“ဖြူမရယ်… ငါ နင့်ကို တကယ်ချစ်တာပါဟာ…”

“………..”

“တစ်ခါခါ နင့်ရဲ့ စကားလုံးတွေက ငါ့အချစ်နဲ့ မတန်သလိုကြီးဘဲ…”

“ပြောလိုက်ရင် မျက်နှာငယ်လေးနဲ့…”

“ဟုတ်တယ်လေ… နင်ကမှ ငါ့ကို မချစ်တာဘဲ…”

“နင်ငါ့ကို ရည်းစားစာပေးတော့… ဖြူမရေ နင်ကတော့ ချစ်နေပြီ… ငါက ဘယ်လိုလဲဆို…”

“အင်း… ဟုတ်တယ်လေ…”

“အဲ့ဒါဆို ပြောရမှာက ငါမှ မဟုတ်ဘဲ…”

“ဒါ… ဒါဆို… နင်ငါ့ကို…”

“ဟင်… အဲ့ဒီလိုကြီး မဖက်နဲ့ကွာ… နေလို့မတတ်ဘူး…”

“ဒီအချိန်မှာတော့ သိကြားမင်းကြီးဆင်းတားတောင် ရမှာမဟုတ်ဘူး… သိလား…”

“အမယ်… ငါက သိကြားမင်းကြီးထက် ဘုန်းတန်ခိုးကြီးတယ်နော်… မယုံရင်ကြည့်… ငါ တန်ခိုးပြမယ်နော်… အမောင် ဖိုးအောင်ဆိုတဲ့ကောင်လေး ငါ့၏တန်ခိုးနှင့် အခုအမြန် ရူးစေသား… ကျလွမ်…”

“ဟုတ်ကဲ့… ချက်ခြင်းကြီးကို ရူးသွားပါပြီ ခင်ဗျား…အာဘွား… အာဘွား…”

“အမလေး… မှားပါတယ်ဟဲ့… ရူးတော့ရူးသွားပါရဲ့… အရူးပါးဖြစ်သွားတယ်…”

“ဖြူမ… ငါ နင့်ကို အရမ်းချစ်တယ် သိလား…”

“အရမ်းချစ်တာလား… အရမ်းချစ်တာဆိုတာက ဘယ်လိုမျိုးလဲ ဟင်…”

“အရမ်းချစ်တာကို သိချင်ရင်… ကဲ… ဘုန်းတန်ခိုးရှင်မကြီး မျက်စိကလေးမှိတ်ထားပါ ခင်ဗျား…”

“နင် ငါ့ကို တူးတူးပုန်းမလို့ မဟုတ်လား…”

“အင်း… နင် မဖွင့်ရဘူးနော်…”

“ကဲ… သိပြီလား… အရမ်းချစ်တဲ့ အကြောင်း…”

“သိသားပဲ… နင်နမ်းမယ်ဆိုတာ… သနားလို့ မသိချင်ယောင်ဆောင်ပေးလိုက်တာပါနော်…”

“မောင့်ကို သနားလားဟင်…”

“မောင်… ဟုတ်လား… သြော်… ဟုတ်ပေသားပဲ… မောင်ဖိုးအောင်လေးပေါ့နော်…”

“နင် ငါ့ကို မောင်လို့ မခေါ်ဘူးလားပြော…”

“မခေါ်ရေးချ မခေါ်…”

“ခေါ်ရေးချ ခေါ်ပါဟာ… နော်… နင့်ကျေးဇူး ငါမမေ့ပါဘူး…”

“ဒါဆို နင်က ဘယ်လို ကျေးဇူးဆပ်မှာလဲ… ငါ့ကို…”

“လာမယ့်နှစ်ရောက်ရင် ငှက်ပျောသီးတစ်ဖီးနဲ့ တင်တောင်းမယ်လေ…”

“……………..”

“ဟော… မမကောက်တို့က ကောက်သွားပြီ…”

“……………..”

“အလကား ပြောတာပါ… ငါ နင့်ကို အဲ့လို ဟင်းရွက်ကန်စွန်းလို သဘောမထားပါဘူးဟာ…”

“……………..”

“နော်လို့… ငါ ပြောတာယုံနော်…”

“……………..”

“ငါက နင့်ကို အသက်လောက်ချစ်ရတာပါ…”

“……………..”

“ဟာ… မငိုရဘူးလေ ဖြူမရယ်… နင်ငိုရင် ငါမနေတတ်ပါဘူးဟာ…”

“ငါက နင့်ကို တသက်တာတွက်ရည်ရွယ်ပြီးချစ်ခဲ့ရတာ… ဟီး ဟီး… နင်ငါ့ကို အဲ့လိုစကားပြောလာလိမ့်မယ်လို့ မျှော်တောင် မျှော်လင့်မထားဘူး…”

“မဟုတ်ရပါဘူးဟာ… တိတ်တော့နော်… လာ ငါချော့သိပ်မယ်… တိတ်ပါတော့ကွယ်… ကြောင်ကြီးကိုက်လိမ့်မယ်…”

“ဒါဆို… နင် ငါ့ကို ဘယ်လောက်ချစ်လဲပြော…”

“ငါ နင့်ကို… ဟော့ဒီလောက်လောက်ကြီး ချစ်တယ်…”

“အဲ့ဒီလောက်လောက်လေးပဲလား…”

“ဟင်… ဘယ် ကမှာလဲ… ဟော့ဒီလောက်လောက်ကြီးလောက်ကတော့ ပျင်းသနားသေးတာပေါ့…”

“ဒါဆို ဘယ်လောက်လောက်ကြီးလဲ…”

“ဟော့…ဒီ…လောက်လောက်ကြီး…”

“နင်က ငါ့ကို ဘယ်လိုချစ်ခဲ့တာလဲ…”

“ဘယ်လို ချစ်ခဲ့တာလဲဆိုတော့… အဲ့ဒီနေ့က အစ်ကိုကြီးက မနက်အစောကြီး ရေတွေထခပ်နေတယ်လေ… အဲ့ဒီ အချိန်မှာ အမေက ဘုရားစာရွတ်နေပြီးတော့… အဖေက ထင်းတွေခွဲနေတယ်…”

“အဲ့ဒီတော့…”

“အဲ့ဒါနဲ့ ဟိုဘက်အိမ်က မနှင်းဝေနဲ့ သူ့ယောက်ျား မနက်အစောကြီးထပြီး စကားတွေ များကြတယ်လေ… အဲ့ဒါကို ဒေါ်ကြင်ဥ… နင်သိတယ် မဟုတ်လား… ဦးလေးသာဦး မိန်းမ…”

“တစ်ရွာတည်းနေတာ မသိရှိမလားဟဲ့…”

“အဲ့ဒီ ဦးလေး သာဦးမိန်းမ ဒေါ်ကြင်ဥက နားကြားပျင်းကပ်တယ်ဆိုပြီး သူ့သမီး အငယ်မလေး မိုးသာပျံကို နှစ်ချက်ရိုက်လိုက်တာပေါ့…”

“ရိုက်လိုက်တော့…”

“ရိုက်လိုက်တော့ ရွာဦးကျောင်းဆရာတော်ဘုရားက ဖိုးလေးစံတို့အိမ် ဆွမ်းစားကြွဖို့အသွား… ကိုလေးမြိုင် မောင်းလာတဲ့ လှည်းကြီးနဲ့ လမ်းမှာဆုံတယ်လေ…”

“ဆုံတော့ဘာဖြစ်လဲ ပြောပါဦး…”

“ဘာပြောကောင်းမလဲဟာ… ကိုလေးမြိုင်ကလည်း လူပျိုကြီးဆိုတော့ သူ့နွားတွေ အတင်းရိုက်ခြောက်မောင်းတာပေါ့… ဒါကို အမှတ်မထင်မြင်လိုက်တဲ့ အပျိုကြီး မတင်နုထွေးက ဒီလိုလုပ်ရမလားဆိုပြီး အရက်သမား ကိုသာဖြူးဆီက အရက်ဖိုးအကြွေးတောင်းတယ်ဟာ…”

“တောင်းတော့ဘာဖြစ်တုန်း…”

“ဘာဖြစ်ရမှာတုန်းဟ… တစ်ရပ်ကွက်လုံးကို ဆူညံနေအောင် အော်ဟစ်တောင်းတာပေါ့… သူဒီလိုတောင်းပြန်တော့လည်း ကိုသာဖြူးက ဘယ်နေတတ်ရှာမှာလဲ… သူလည်း အရက်သမားပီပီ ရှက်ရှာပေမပေါ့…

“အဲ့ဒီတော့…”

“အဲ့ဒီတော့ လေးတန်းမအောင်လို့ နွားကျောင်းလိုက်နေတဲ့ ကျော်ဘလေးက သူ့နွားတွေစားဖို့ ကောက်ရိုးတွေပွေ့လာတယ်လေ…”

“ပွေ့လာတော့…”

“ပွေ့လာတော့ အမြီးတက်နင်းခံလိုက်ရလို့ လန့်နိုးသွားတဲ့ ကြီးတော်သိန်းတို့ အိမ်က ခွေးမကြီးရယ်ပေါ့ဟာ…”

“ခွေးမကြီးက ဘာဖြစ်တုန်း…”

“ဘာဖြစ်ရမလဲဟ… အဲ့ဒီခွေးမကြီးကို သနားရာက ငါနင့်ကို အရမ်းချစ်သွားတာပေါ့…”

“ဟော့ဒီက အရူးပါဗျို့…”

“အဲ့ဒီ အရူးကို ရှစ်ဖူးလားဟယ်…”

“ရှစ်ပါတယ်တော်… ရှစ်ပါတယ်တဲ့… ကဲ ကိုကိုဖိုးအောင်… မောင်မောင်ဖိုးအောင်…ကျွန်မ မဖြူမ အိမ်ပြန်တော့မယ်နော်…”

“ပြန်မယ်ချို ငွှေးငွှေးပေးဦး…”

“ကဲ…ရော့ ယူစေသတည်း…”

 

ဆက်လက်ရေးသားပါမည်…

 

ဇာတ်သိမ်းပိုင်းမျှော်…

 

ဖိုးအောင်(နည်းပညာ)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>