ပုဂံခေတ်မြန်မာစာပေ
မြန်မာစာပေအစ ပုဂံကျောက်စာကဟူသာအဆိုနှင့်အညီ သက္ကရာဇ်အခိုင်အမာပါရီသည့် ကျောက်စာများ တွင် မြနမာသက္ကရာဇ် ၄၇၄(AD 1112)ခုနှစ်တွင် ရေးထိုးခဲ့သည့် ရာဇကုမာရ် ကျောက်စာသည် အစောဆုံး ဖြစ်သည်။
စကားပြေ
ကျောက်စာ
ရာဇကုမာရ်ကျောက်စာကို မြစေတီဘုရားအနီးမှ တူးဖော် ရရှိသည့်အတွက် မြစေတီကျောက်စာဟုလည်း ခေါ်ကြသည်။ ထိုကျောက်စာသည် ရာဇကုမာရ်၏ ကောင်းမှုမှတ်တမ်းကို ရေးထိုးထားသည့် ကျောက်စာဖြစ်သည်။ ရာဇကုမာရ် မင်းသားသည် ခမည်းတော် ကျန်စစ်မင်းကြီး နာမကျန်းဖြစ်ကာ နတ်ရွာစံခါနီး ဆဲဆဲအချိန်တွင် ခမည်းတော်၏ ကျေးဇူးတရားကို အောက်မေ့ဆင်ခြင်၍ မိမိပိုင် ရွှေငွေရတနာများ ကိုထုခွဲေ၇ာင်းချကာ ရွှေဆင်းတု တစ်ဆူသွန်းလုပ်ပူဇော်ပြီး မင်းကြီးအား ဆက်သခဲ့သည်။ ကျန်စစ်မင်းကြီးလည်း ပီတိဖြစ်ကာ သံဃာတော်များကို ရေစက်သွန်းချ လှူဒါန်းခဲ့လေသည်။ ထိုအကြောင်းများကို ရာဇကုမာရ်က ပါဠိ၊ မွန်၊ ပျူ၊ မြန်မာ ၄ ဘာသာဖြင့် မှတ်တမ်းတင်ခဲ့လေသည်။ အစောဆုံး မြန်မာစာပေကို ထိုမှတ်တမ်း ကျောက်စာတွင်တွေ့  ရှိရခြင်းဖြစ်သည်။ တွေ့ ရှိရသော အကြောင်းအရာမှာလည်း ရာဇကုမာရ်မှ မိဘကျေးဇူးသိတတ်ကာ ကျေးဇူးဆပ်ခဲ့သည့်အကြောင်းအရာဖြစ်သဖြင့် ပညာရှင်များ " မြန်မာစာပေသည် ကျေးဇူး သိတတ်မှုဖြင့် အစပြုခဲ့သည် " ဟု မိန့်ဆိုကြသည်။ ထို့အတွက် ရှေးပညာရှင်များသည် မြန်မာစာပေကို စာတစ်လုံး ဘုရားတစ်ဆူဟု တင်စားကာ မြန်မာစာပေကို အထွဋ်အမြတ်ထားခဲ့ကြသည်။
မင်စာ
ကျောက်စာများနည်းတူ မင်စာ၊ စဥ့်ကွင်းစာများတွင်လည်း ရှေးကျသော မြန်မာစာ အရေးအသားများကို တွေ့ ရှိနိုင်သည်။ ပုဂံလောကထိပ်ပန်ဂူဘုရားအတွင်းနံရံရှိ ဇာတ်ကြီးဆယ်ဘွဲ့ ကို ပန်ချီရေးဆွဲ သရုပ်ဖော်ပြီးပုံအညွှန်းစာများဖြင့် မှတ်တမ်း တင်ထားခဲ့သည်။ ထိုစာများကို မင်စာဟု ခေါ်ကြသည်။ ပုံများကို အတန်း ၁၄ တန်းနဲ့ သရုပ်ဖော်ရေးဆွဲထားပြီး ပုံများ၏ အောက်ခြေတွင် မြန်မာစာများဖြင့် ဖော်ပြထားသည်။ ထိုမင်စာများသည် ယခုအချိန်အထိ မြန်မာစာပေတွင် အစောဆုံးတွေ့ ရသည့် ဇာတ်ကြီး ၁၀ ဘွဲ့  စကားပြေအရေးအသားဖြစ်သည်။
ကဗျာ
ပုဂံခေတ်အလယ်လောက်မှစတင်ကာ ကဗျာများစတင်ပေါ်ပေါက်လာခဲ့သည်။ နှစ်ကာလကြာမြင့်ပြီ ဖြစ်သဖြင့် ပုဂံခေတ်ကဗျာများအားလုံးကို တွေ့ ရှိရန်မလွယ်ကူ တော့ပါ။ တွေ့ ရှိ ရသမျှ ကဗျာများထဲတွင် အနတ္တသူရိယအမတ်ကြီးရေးသားခဲ့သည် " သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ " အစချီသော အလင်္ကာကဗျာ၊ မြကန် အကြောင်းရေးဖွဲ့ ထားသည့် " မြကန်သာ တောင်ကျချောင်းတေး " အစချီသောကဗျာ နှင့် အမည်မသိ ရှေးစာဆို ရေးသားခဲ့သည့် " သိုးကလေ " အစချီသော ပုပ္ပါးတောင်တော်ဘွဲ့  ကဗျာတို့သည် ယနေ့ထိတိုင် ထင်ရှားသည့် ကဗျာများဖြစ်သည်။
ပင်းယခေတ်မြန်မာစာပေ
ပုဂံခေတ်ကုန်ဆုံးသည့် ၁၃၁၂ ခုနှစ် မှ ၁၃၆၄ ခုနှစ်အတွင်း မြင်းစိုင်း၊ ပင်းယ၊ စစ်ကိုင်း တို့တွင် ရှမ်းညီနောင် ၃ ဦးမှ နန်းစိုက်ကာ အုပ်ချုပ်ခဲ့သည့်ခေတ်ကို ပင်းယခေတ်ဟု သတ်မှတ်ကြသည်။ နှစ်ပေါင်း ၅၀ နီးပါးသာ ကြာဖြင့်သည့် ခေတ်ဖြစ်သည်။
စကားပြေ
ပင်းယခေတ်တွင် အလှူမှတ်တမ်းကျောက်စာများ ဆက်လက်ပေါ်ထွန်းခဲ့သည်။ ပုဂံခေတ်ထက် ပိုပြီး အလင်္ကာအဆင်တန်ဆာများဖြင့် ဝေေ၀ဆာဆာ မှတ်တမ်းတင် ရေးသား လာကြသည်။ စတုရင်္ဂဗလအမတ်ကြီး၏ စာပေများသည် ထင်ရှားသည်။
ကဗျာ
ပင်းယခေတ်တွင် တျာဘွဲ့ ၊ ကာချင်း အမျိုးအစား ကဗျာများ ခေတ်စားခဲ့သည်။ ပင်းယခေတ်သည် စစ်ပွဲများကြားတွင် နိုင်ငံတည်ခဲ့ရသည့်အတွက် ဇာတိသွေး၊ ဇာတိမာန် ကို အခြေခံသည့် ကဗျာများကိုတွေ့ ရသည်။ ထင်ရှားသည့် ကဗျာများမှာ စစ်ရေးပြသည့် မြင်းခင်းသဘင်သို့ ဘုရင်မင်းမြတ်ထွက်တော်မူဟန် ရေးဖွဲ့ ထားသည့် တျာဘွဲ့ နှင့် သက္ကရာဇ် ၆၇၄ ခုနှစ် ပင်းယ တစ်စီးရှင် သီဟသူမင်း လက်ထက် ရေးသားခဲ့သော 'ခါးပတ်တော်မှာ ရွှေခြည်စုံ၊ မှိုင်းလုံး ရွှေဝတ်လုံ၊ မလုံသာချမ်းအေး' အစချီ ကာချင်း၊ သက္ကရာဇ် ၇ဝ၄ ခုနှစ် မြင်စိုင်း ငါးစီးရှင်ကျော်စွာမင်း ကိုယ်တိုင် ရေးဖွဲ့ ခဲ့သော 'တမောင်း တမောင်း၊ တို့တမောင်းသည်၊ တမောင်း ဘကောင်း သားလော၊ ဘကောင်း ဘကောင်း'အစချီ ကာချင်းနှင့်'တာဝတိံသာ နတ်ရွာလော၊ နတ်ရွာလော၊ “ အစချီကာချင်းတို့သည် ထင်ရှားသည်။
ရတု
စတုရင်္ဂဗလအမတ်ကြီး ရေးသားသည့် အမေးပုစ္ဆာရတုသည် မြန်မာစာပေတွင် အစေဆုံးတွေ့ ရသည့် ရတုဖြစ်သည်။ ထိုရတုသည် ပုဂံဆရာတော် (သို့) ဆူးတွင်းပစ် ဆရာတော်အား မြတ်စွာဘုရား တရားတော် အကြောင်းနှင့် စပ်လျဉ်း၍ မေးမြန်းကာ ရေးသားထားသော " ရွှေဘွားတော်အောက်၊ ကျွန်၏လျှောက်ဖြင့်၊ မလျှောက်ဝံ့ဝံ့၊ လျှောက်ဝံ့ဝံ့တည့်၊ ကြောက်ရွံ့လျက်ပင်၊ စက်ရွှေစင်ကို၊ ထိပ်ပြင်ပန်းနှယ်၊ ဆင်းစမ္ပယ်လျက်၊ အစချီသော " အမေးပုစ္ဆာရတု ဖြစ်သည်။ တဖန် ဆရာတော်က ဖြေရတု ကိုလည်း ရေးသားခဲ့သည်။
အင်းဝခေတ်မြန်မာစာပေ
ပင်းယခေတ်နောက် မြန်မာသကရာဇ် ၇၂၆ (အေဒီ ၁၃၆၄)တွင် အင်းဝတွင် မြို့ တည် နန်းစံသည်မှ သက္ကရာဇ် ၉၁၆ (AD ၁၅၅၄)တွင် နန်းကျခဲ့သောစစ်ကိုင်းနရပတိစည်သူ (ခေါ်) စည်သူကျော်ထင် အထိ ၊ မင်းဆက် ၃၀-ဆက် ၊ နှစ်ပေါင်း (၁၉၀)တိုင်ခဲ့သော ခေတ်ကို အင်းဝခေတ် ဟု ခေါ်တွင်သည်။ အင်းဝခေတ်သည် မြန်မာစာပေတွင် အပြောင်း အလည်းအနေနှင့် ကျောက်စာ၊ မင်စာများမှ ပေစာ များအဖြစ်သို့ ပြောင်းလည်း ခဲ့သည့် ခေတ်ဖြစ်သည်။ ထိုအင်းဝခေတ်သည် ရဟန်းပညာရှိ၊ လူပညာရှိ များ ထွန်းကားခဲ့သည့် ခေတ်ဖြစ်သည်။
စကားပြေ
သက္ကရာဇ် ၈၆၃ ရှင်မဟာသီလ၀ံသရေးသားခဲ့သည့် ပါရာယန၀တ္ထုသည် ပထမဆုံး မြန်မာစကားပြေ ၀တ္ထုဟုပင်ဆိုနိုင်လေသည်။ ထိုဝတ္ထုပြီးနောက် ရာဇ၀င်ကျော်ကျမ်းကို ပြုစုရေးသားခဲ့သည်။ ထိုကျမ်း ၂ စောင်သည် ယနေ့ထိတိုင်အောင် ထင်ရှားသည့် ကျမ်းများဖြစ်သည်။
ကဗျာ
အင်းဝခေတ်တွင် ကဗျာများအရှိန်အဟုန်ဖြင့် ထွန်းကားလာသည့် ခေတ်ဖြစ်သည်။ အထူးသဖြင့် ပျို့  ခေတ်ဟုခေါ်ရလောက်အောင် ပျို့ ကဗျာများ ထွန်းကားခဲ့သည်။ ပျို့  ကဗျာနည်းတူ၊ ဧချင်း၊ မော်ကွန်း၊ တောလား၊ ရတုကဗျာများလည်းပေါ်ထွန်းခဲ့သည်။
ဧချင်းကဗျာ
ဧချင်းဆိုသည်မှာ နန်းတွင်းရှိ မင်းသား၊ မင်းသမီးငယ်များအား ဧယာဉ်တော် မင်္ဂလာ ဆင်ယင် ကျင်းပသည့် အခါများတွင် ပုခက်တွင်း၌ သိပ်၍ ပုခက်ကိုလွှဲရင်း သီဆိုကျူးရင့် ချော့မော့ရသော ကဗျာဖြစ်၍ သီးချင်းဂီတသဘောမျိုး သက်ဝင်သော ကဗျာအမျိုးအစား ဖြစ်သည်။ ဧချင်း ကဗျာများတွင် ရှင်သူရဲဖွဲ့ဆိုသော သခင်ထွေး ဧချင်းသည် ရှေးအကျ ဆုံးဖြစ်သည်။
မော်ကွန်းကဗျာ
စာရင်းအင်းများကို စကားပြေဖြင့်သာမဟုတ်ဘဲ ကဗျာလင်္ကာများဖြင့်ပါ ဆင်တော် အကြောင်း၊ နန်းတော်အကြောင်း၊ လှေတော်အကြောင်း၊ စစ်ပွဲအကြောင်း၊ ကန်တော်အကြောင်း၊ ဘုရားစေတီအကြောင်း စသည်တို့ကို နောင်အစဉ်အလာ ဥဒါန်းတွင်ရစ်အောင် ရေးသားစီကုံး ဖွဲ့နွဲ့ထားသည့် ကဗျာလင်္ကာများကိုလည်း မော်ကွန်းကဗျာ ဟုခေါ်ကြသည်။ ဆရာတော် သျှင်မဟာရဋ္ဌသာရ ရေးဖွဲ့ ခဲ့သည့် တန်တားဦးတည် မင်္ဂလာစေတီ မော်ကွန်းသည် ထင်ရှားသည်။ ထို့အပြင် ပုံတောင်နိုင် မော်ကွန်း၊ ဝတ်ရုံကျောင်းဖွဲ့မော်ကွန်း၊ မင်္ဂလာအောင်ပွဲတော် ရဲရည်တက် မော်ကွန်း၊ ရတနာပူရ မြို့တည်မော်ကွန်း၊ မိတ္ထိလာကန်တော်ဖွဲ့မော်ကွန်း၊တို့ကိုလည်း ရေးဖွဲ့ ခဲ့သည်။ ထို့အပြင် ရှင်မဟာသီလ၀ံသရေးဖွဲ့ ခဲ့သော တန်တားဦးမင်္ဂလာစေတီတော်မော်ကွန်း၊ ရွှေနန်းတည် မော်ကွန်း၊ ရွှေနန်းကြော့ ရှင် နန်းဖွဲ့မော်ကွန်း၊ မိတ္ထိလာကန်တော်ဖွဲ့ မော်ကွန်းတို့သည်လည်း မြန်မာစာပေတွင် ထင်ရှားသည်။
တောလားကဗျာ
တောလားဟူသည်မှာ တောတောင်၏ အခြေအနေ အလားအလာကို ဖော်ပြသော ကဗျာအဖွဲ့ ဖြစ်သည်။ တောလားကဗျာများထည်းတွင် ရှင်ဥတ္တမကျော်၏ တောလား လင်္ကာကြီး ၉ ပုဒ်နှင့် သျှင်မဟာရဋ္ဌသာရ၏ ရွှေစက်တော်သွား တော်လားတို့သည် ထင်ရှားသည်။
ပျို့ 
ပျို့ အမျိုးအစားများကိုခွဲခြားကြည့်လျှင် ၂ မျိုးတွေ့ နိုင်သည်။ ရှိနှင့်ပြီးသား ဇာတ်ဝတ္ထု တစ်ခုခုကို ပြန်ဖွဲ့  သောပျို့ (သာဓကအားဖြင့် ရှင်မဟာရဌသာရ၏ ကိုးခန်းပျို့ ၊ ဘူရိဒတ် ဇာတ်ပေါင်းပျို့ ၊ ရှင်မဟာသီလ၀ံသ၏ ဆုတောင်းခန်းပျို့ ) နှင့် စာဆို၏ ပင်ကိုဥာဏ်ဖြင့် ဖွဲ့ ဆိုသောပျို့  (သာဓကအားဖြင့် ရှင်မဟာရဌသာရ၏ ဂမ္ဘီရပျို့ ၊ ကန်တော်မင်းကျောင်း ဆရာတော်၏ လောကသာရ ပျို့ ) ဟူ ၂ မျိုးတွေ့ နိုင်သည်။ အင်းဝခေတ်သည် ပျို့ ခေတ်ဟု ခေရလောက်အောင် ပျို့ ကဗျာများ အထွန်းကားဆုံး ဖြစ်သည်။ ထင်ရှားသော ပျို့ ကဗျာ အချို့ ကို ဖေါ်ပြရလျှင် - ရှင်မဟာရဌသာရ၏ ကိုးခန်းပျို့  ၊ ဘူရိဒတ်ဇာတ်ပေါင်းပျို့ ၊ ရှင်မဟာသီလ၀ံသ၏ ဆုတောင်းခန်းပျို့  ပါရမီတော်ခန်းပျို့၊ တောင်းတွင်းလာပျို့၊ ဆုတောင်းခန်းပျို့၊ ရှင်အုန်းညို၏ ဂါထာ ၆၀ ပျို့ ၊ တို့ကို လေ့လာ ကြည့်ပါက အင်းဝခေတ်ပျို့ ကဗျာများ၏ အရေးအသားအဖွဲ့ အနွဲ့ ကိုလေ့လာတွေ့  ရှိနိုင်မည်ဖြစ်သည်။
တောင်ငူခေတ်မြန်မာစာ
တောင်ငူခေတ်သည် သက္ကရာဇ် ၇၅၅ ( AD - ၁၃၄၇) သင်္ဂပါးမင်းလက်ထက်မှ သက္ကရာဇ် ၉၆၁ ( AD ၁၅၉၉) နတ်သျှင်နောင်အထိဖြစ်သည်။ သို့သော် အင်းဝခေတ်နှောင်းကာလ တောင်ငူတွင် မင်းကြီးညို နန်းစိုက်သည့် နောက်ပိုင်းကို တောင်ငူခေတ်ဟု ခေါ်တွင်သည်။
စကားပြေ
တောင်ငူခေတ်တွင် မွန်ဝန်ကြီးဗညာဒလ မွန်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆို ရေးသားထားသည့် ရာဇဓိရာဇ်အရေးတော်ပုံကျမ်းသည် ထင်ရှားသည်။ ထိုကျမ်းသည် အင်းဝ - ဟံသာဝတီ နှစ် ၄၀ စစ်ကို အခြေခံပြီး ရေးဖွဲ့ ထားသည့် ၀တ္ထုဖြစ်သည်။
ကဗျာ
တောင်ငူခေတ်တွင် ဧချင်း၊ ရတု၊ ဟန်ချင်းကဗျာများထွန်းကားခဲ့သည်။
ဧချင်းကဗျာ
တောင်ငူခေတ်တွင် လှော်ကားသုံးထောင်မှူး၊ န၀ဒေးကြီးတို့ရေးဖွဲ့ ခဲ့သည့် ဧချင်းများသည် ထင်ရှားသည်။
ရတု
ရတုဟူသည် သက္ကတဘာသာ “ရိတု” မှ “ရတု” ဖြစ်လာသည်။ ရိတု ၏ အနက်မှာ `အခါရာသီ´(ရာသီဥတု)ဟု အဓိပ္ပါယ် ရသည်။ မြန်မာဘာသာ ပေါရာဏသက်သက် ရတု လည်းရှိသည်။ `သဘင်´၊ `အခမ်းအနား´၊ `အခြေအနေ´ ဟူသော အနက်သုံးမျိုး ရသည်။
ဖွဲ့နွဲ့မှုတစ်ခုသည် အများနှင့် ဆက်စပ်လျှင် သဘင်၊
တစ်ဦးတစ်ယောက် အတွက်ကိုသာ စပ်ဆိုလျှင် အခမ်းအနား၊
ပကတိ ဖြစ်ထွန်းနေသော သဘာဝဓမ္မ အခြေအနေများကို ပြလျှင် အခြေအနေ ဟူ၍ အနက်ရသည်။ ရတုသည် လင်္ကာမှ ပေါက်ပွားလာသော ကဗျာအဖွဲ့အနွဲ့ ဖြစ်သည်။ သို့သော် လင်္ကာ ကဲ့သို့ မဟုတ်၊ ဖွဲ့ဆိုရာတွင် စည်းစနစ်၊ ဥပဒေရှိသည်။
ရတုတွင် တစ်ပိုဒ်တည်း ဖွဲ့စပ်လျှင် ဧကပိုဒ်၊
နှစ်ပိုဒ် ဖွဲ့စပ်လျှင် အဖြည့်ခံ၊
သုံးပိုဒ် ဖွဲ့စပ်လျှင် ပိုဒ်စုံ ဟူ၍ ခေါ်ဆိုသည်။ သုံးပိုဒ်ထက် ပို၍ မဖွဲ့နွဲ့ကြပေ။ တစ်ပိုဒ် တစ်ပိုဒ်တွင်လည်း ပါဒ အရေအတွက် (၁၀၈)ပါဒထက် ပိုမို မဖွဲ့နွဲ့ကြပေ။ အဖျားချများတွင် လည်း ခိုင်ညွန့်ခက်ဖြာ ၇-လုံး၊ မဏိဆံကျင် ၉-လုံး၊ အာသာဝတီ ၀တ်ဆံ ၁၁-လုံး၊ မဏိဦးပြည်း ၁၅-လုံး၊ ဇော်တစ်ခိုင်လုံး ၁၉-လုံး စသည်ဖြင့် အဖျားစာလုံး အရေအတွက် သီးသန့်ထားလျက် ရှိသည်။ တောင်ငူခေတ်ရတုစာဆိုတို့တွင် ပြည်န၀ဒေး၊ နတ်သျှင်နောင်၊ ရှင်ထွေးနာသိမ် အစရှိသည့် ရတုစာဆိုတို့သည် ထင်ရှားသည်။
ဟန်ချင်း
ပုဂံခေတ်မှစတင်ခဲ့သော ဆံထုံး ထုံးနည်း ငါ့ဆယ်ငါ့မျိုး (၅၅)ကိုရေးဖွဲ့ ထားသည့် ရဝေရှင်ထွေး၏ ဟန်ချင်းသည်လည်း ထင်ရှားသည်။
(ကိုအလင်းရေးသားထားသည်ကို အင်တာနက်ပေါ်မှတဆင့် မြို့ တော်သူ၊မြို့ တော်သားအားလုံးအတွက် အကျိုးရရှိစေရန်အလို့ ငှာ
မျှဝေပေးခြင်းဖြစ်ပါသည်)