ညရိပ်ကြောင့် ရေကန်ထဲတွင် လရိပ်ထင်နေသည်၊ ပြည့်ပြည့်ဝန်းဝန်း လရိပ်လေးကို...၊ မနာလိုဖြစ်လာတာလားတော့
မသိ၊ ရေကန်ထဲကို ခဲလေးတစ်လုံးပစ်ချလိုက်တော့ ဂယက်လေးတွေထပြီး လရိပ်ကလေး တွန့်လိမ် ကျေမွသွားတယ်.......၊ ရင်ထဲမှာလဲ
လလေး တစ်စင်းသာနေတယ်၊ ခဲလေးတစ်လုံးပစ်ထည့်လိုက်ရင်တော့ ကျေမွသွားမှာမဟုတ်ပါဘူး...........။
ခပ်ဝေးဝေးက တောနဲ့တောင်ရဲ့ အရိပ်တွေက နောက်ခံမိုးသားနဲ့လရောင်ကြောင့်.. လှနေသလိုလို၊ လွမ်းစရာကောင်း
နေသလိုလို၊ နောက် တစ်ခုခုကို မျှော်လင့်နေသလိုလိုပေါ့.......။
လှတာတော့ မဟုတ်ဘူး....၊ ရိုးရှင်းတာ.... နောက် အေးမြတာ၊ ကြည်လင်နေတာလေ၊ လရောင်လဲ ကြည်လင်တယ်၊
ချစ်သူမျက်နှာလေးလဲ ကြည်လင်ပါတယ်၊ လှတယ်ဆိုတာက အသိတရားတွေကို ကင်းလွတ်စေနိုင်တယ်....၊ အခု ချစ်ရတဲ့သူရဲ့ မျက်နှာ
လေးက အေးမြကြည်လင် ရှင်းသန့်နေတာ၊ မျက်နှာလေးမှာ ဟန်ဆောင်ခြင်းလဲမရှိ.....၊ မာန်မာနလဲမရှိ.....၊ တွေဝေမိုက်မဲခြင်းလဲမရှိ ...
ကြည့်နေမြင်နေရတဲ့ ဘ၀မှာ ခွန်အားတွေကို ပိုင်ဆိုင်ရတယ်......၊ ပျော်ရွှင်ခြင်းတွေလည်း ပိုင်ဆိုင်ရတယ်.....၊ နောက် အနာဂတ်တစ်ခု
ကိုလဲပိုင်ဆိုင်ရသလိုပါဘဲ.....၊ ပြုံးပြနေရင် အားလုံးကို ကျော်ဖြတ်နိုင်မယ်လို့ ထင်ရတဲ့အထိတောင် ခွန်အားတွေကို ပေးစွမ်းနိုင်တယ်လေ
ချစ်ခြင်းတရားရဲ့ အင်အားတွေက အမြဲ..... လှပနေတတ်တယ်မဟုတ်လားနော်။
ချစ်ရသူရဲ့ ဓါတ်ပုံ အဟောင်းလေးတစ်ပုံရှိတယ်.....၊ ခဏခဏကြည့်ဖြစ်တယ်၊ ကြည့်လိုက်တိုင်းလဲ သူအမြဲပြုံးပြနေ
ခဲ့တာပါ၊ နဖူးမှာကျနေတဲ့ ဆံစလေးတွေက အလှပတရားရဲ့ သက်သေ၊ ကြည်လင်သန့်စင်ခြင်းတွေကို ပြီးပြည့်စုံစေခဲ့တယ်၊ တစ်ခုခုတော့
လိုနေသလိုဘဲ.......။
အော်..... သိပြီ ချစ်သူက စံပါယ်ပန်းလေးတွေ သိပ်ကြိုက်တာကိုး၊ အမြဲလဲ ပန်ဆင်နေကျ၊ ဒါကြောင့်ပေါ့.... အခုပန်း
လေးမပါဘူး၊ အမြဲတွေ့နေကျ ဓါတ်ပုံလေးကို ဒီနေ့မှဘဲ သတိထားမိတာ....၊ သူသိရင် စိတ်ကောက် ပြလို့ ပြန်ချော့ရ ဦးမှာဘဲ၊ စိတ်မဆိုး
ပါနဲ့နော်....လို့ မေးစေ့လေးကို ကိုင်ပြီး တယုတယလေး တောင်းပန်လိုက်ရင်လဲ အဆင်ပြေသွားမှာပါ.....။ ရှက်ပြုံးလား၊ သဘောကျတာ
လားတော့ မသိဘူး ပြုံးလိုက်မိသေးတယ် ချစ်သူရေ...... မင်းအကြောင်းတွေ တွေးမိတိုင်းပေါ့။
အခုမှ သတိထားမိတဲ့အတွက်ကတော့ အပြစ်ရှိတယ်.....၊ ဒါကြောင့် ဒီအပြစ်ကို ဘယ်လိုပေးဆပ်ရမလဲဆိုတော့.....
ချစ်သူရဲ့ လိုအပ်ချက်လေးကို ဖြည့်ဆည်းပေးရမှာပေါ့နော်....၊ ဒါဆို စံပယ်ပင်လေးတစ်ပင် စိုက်လိုက်မယ်လေ၊ ပွင့်တဲ့အချိန်ဆိုရင် ချစ်သူ
လာတဲ့ အချိန်နဲ့ ကွက်တိဘဲ၊ ကိုယ်တိုင်ခူးပြီး ပန်ပေးရမယ်၊ နောက်တော့ နဖူးလေးကိုလဲ ဖွဖွလေး မွှေးမွှေးပေးလိုက်မယ်၊ အဲဒီအချိန်ဆို
ချစ်သူ ကြည်နူးနေတဲ့ မျက်လုံးတွေနဲ့ မော့ကြည့်မယ်၊ နောက်ပြုံးပြမယ်လေ......၊ စဉ်းစားရင်းနဲ့ ပျော်လိုက်တာ......။
လရိပ်လေးတွေကလဲ အကြိမ်ကြိမ် ထွန်းလင်းတောက်ပခဲ့ပြီးပြီ၊ ရေကန်ထဲကိုလဲ ခဲလုံးလေးတွေ အကြိမ်ကြိမ် ပစ်ချ
ခဲ့ပြီးပြီ၊ ဓါတ်ပုံလေးလဲ နွမ်းနေပြီ.....၊ နောက်တော့ ကိုယ်တိုင် စိုက်ပျိုးထားခဲ့တဲ့ စံပါယ်ပင်တွေလဲ ကြီးပြင်းနေလိုက်တာ၊ စံပါယ်ပန်းလေး
တွေကလဲ လှပပြီးတော့ မွှေးမြနေလိုက်ကြတာ၊ အများကြီးကြွေပြီး အများကြီးလည်း နွမ်းခြောက်သွားခဲ့ပြီလေ.......။
ဒါပေမဲ့..... ဒီနေ့အထိ ချစ်သူရဲ့ ဆံစလေးတွေပေါ်မှာ တယုတယနဲ့ ကိုယ်တိုင်ခူးပြီး ပန်ဆင်ပေးခွင့်ကို မရသေးဘူး၊
မျှော်လိုက်ရတာလဲ လမင်းကြီးတောင် သနားနေသလား ထင်ရတယ်ချစ်သူရေ...၊ စံပါယ်ပင်လေးတွေကလဲ မေးငေါ့ကြည်စယ် နေကြပြီ၊
အချင်းချင်းလဲ လှမ်းပြောနေကြတယ်လေ `` ဒီတစ်ခါဘယ်သူ့အလှည့်လဲ...´´တဲ့ ပန်းလေးတွေကို ကိုင်ပြီး ချစ်သူကို ပန်ပေးမဲ့အကြောင်း၊
ချစ်သူရဲ့ ခေါင်းပေါ်ကနေ ခွင့်ပြုချက်မရဘဲ ပြုတ်မကျရဘူးဆိုတဲ့အကြောင်း...၊ နောက်ပြီး မွှေးရနံ့လေးတွေ မပျောက်စေနဲ့ ဆိုတဲ့ စကား
တွေပြောဖြစ်ခဲ့တယ်နဲ့ တူပါတယ်....၊ ရှက်လဲ ရှက်စရာပေါ့ ချစ်သူရေ.......၊ ရူးသွပ်နေတာလဲ ယဉ်ယဉ်လေးပေါ့နော်.... သိပ်ချစ်လွန်းလို့
ထင်ပါတယ်......။
အခုမှ သတိရတာတစ်ခု ရှိသေးတယ်၊ ချစ်သူကလေပန်းလေးတွေကိုပန်ဆင်ပြီးရင် နွမ်းမှာလဲ ကြောက်တတ်လေရဲ့
နောက်ပြီး ကြွေမှာလဲ ကြောက်တတ်တယ် နော်..... မကြောက်နဲ့ချစ်သူရေ.....တစ်ပွင့်ကြွေရင် တစ်ပင်လုံးပေါ့.....ချစ်သူအနားကိုရောက်
လာစေရမယ်၊ ချစ်သူကို ကိုယ်အမြဲ စောင့်နေတယ်ချစ်သူ..။
တကယ်ပါ... လ၀န်းကြီးကိုကြည့်လိုက်၊ ခဲလေးတွေကန်ထဲကို ပစ်ချလိုက်၊ စပါယ်ပန်းလေးတွေကို မှာစရာရှိတာ မှာ
လိုက်နဲ့ပေါ့..........။
ညရိပ်ကြောင့် ရေကန်ထဲထဲမှာ လရိပ်ထင်နေတယ်၊ ပြည့်ပြည့်ဝန်းဝန်း လရိပ်လေး.... ကို၊ မနာလိုဖြစ်လာတာလား
တော့မသိပေမဲ့၊ ရေကန်ထဲကို ခဲလေးတစ်လုံး ပစ်ချလိုက်တော့.... ဂယက်လေးတွေထပြီး လရိပ်ကလေး တွန့်လိမ် ကျေမွသွားတယ်၊ ရင်
ထဲမှာလဲ လလေး တစ်စင်းသာနေတယ်.......၊ ခဲလေးတစ်လုံးပစ်ထည့်လိုက်ရင်လဲ ကျေမွသွားမှာမဟုတ်ပါဘူး....။ နောက်ပြီး စပါယ်ပန်း
လေးတွေလဲ မျှော်နေကြတယ်၊ ဘယ်တော့လာမှာလဲတဲ့.....။
ပြောပြလိုက်ရမလားချစ်သူ `` နိုးတာနဲ့ လာပါလိမ့်မယ်၊ တစ်နေရာမှာ ချစ်သူ ကောင်းမွန်စွာ အိပ်စက်နေတာပါ
လို့လေ...... အော်.... တစ်ခုသတိရသွားပြန်ပြီ၊ ချစ်သူအိပ်စက်နေခဲ့တာ (၁၆)နှစ်တောင် ရှိပြီပဲ....... အင်းပါ.... အိပ်ပါ ချစ်သူရယ်၊ နိုးမှ
လာခဲ့နော်....... မောင်စောင့်နေမယ်။