တစ်ခါတစ်လေ..............
ဝတ္ထုတွေထဲမှာ ဖတ်ခဲ့ဖူးတာပေါ့ ။
ရုပ်ရှင်တွေထဲမှာ ခံစားခဲ့ဖူးတာပေါ့။
သီချင်းတွေထဲမှာ ကြားနာ သိမှတ်ခဲ့ဖူးတာပေါ့ ။
သူငယ်ချင်းကောင်လေးတစ်ယောက်နဲ့သူငယ်ချင်းကောင်မလေးတစ်ယောက် ။
အဲဒီနှစ်ယောက်က ခင်မင်မှုတွေ ရေစီးကမ်းပြိုလိုက်ရာက
တစ်ဆင့်တက်ပြီး နောက်ဆုံးမှာ ချစ်သူဘ၀လေးတစ်ခုကို
နှစ်ဦးသဘောတူ ပိုင်ဆိုင် ခံယူလိုက်ကြတဲ့ အဖြစ်မျိုးကို.........။
ဒါလေးများ .............ထူးထူးခြားခြား အဆန်းတကြယ် လုပ်လို့ကွယ်။
အံ့သြဘနန်း တခမ်းတနား ပြောပြနေစရာလား ။ ။ ။
အားလုံး ကိုယ်တွေ့မဟုတ်တောင်
စာတွေ့(၀တ္ထု)
မျက်တွေ့(ရုပ်ရှင်)
နားတွေ့(သီချင်း)လေးတွေ
အဖြစ်နဲ့တော့ ခံစားဖူးကြမှာပါ ။
ဒီတော့" သူငယ်ချင်း ကောင်လေးတစ်ယောက်ကို
ချစ်သူလို အကြင်နာပို စွဲလမ်းမိတာ အပြစ် ရှိပါသလား ရှင် "လို့
မေးကြည့်ရင် အားလုံးပဲ ခေါင်းခါပြကြလိမ့်မယ် ထင်ပါရဲ့ ။ ။ ။
အဲသလို စိတ်အထင် ရှိခဲ့ပေမယ့် တကယ့်တကယ်ကျတော့ အပြစ်ရှိတယ်လို့
အသည်းအသန် သတ်မှတ် ဆုံးဖြတ်ခဲ့သူတစ်ယောက်က
ကတ်သီးကတ်သတ်၊နှိုက်နှိုက်ချွတ်ချွတ်၊ရှားရှားပါးပါး ရှိလာပြန်ပါလေရောလား။
ကံက ခေချင်တော့ အဲဒီ ပေါ်လာခဲ့တဲ့ တစ်ယောက်ကလည်း
ခလေးနဲ့ သူငယ်ချင်း အရင်း ခေါက်ခေါက်၊ သံမဏိလိုလူ ၊ဒေါင်ဒေါင်မြည်၊ရေစိမ်ခံ၊
မူလ ပထမ လက်ဟောင်းစစ်စစ် သူငယ်ချင်းတွေထဲက ပေါ်လာတဲ့ ဟီးရိုးပါ ။ ။ ။
အဲဒါဟာ ကိုကိုကလွဲပြီး တခြား ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ ကိုကိုရယ် ။
အစက တကယ့်ကို မသိခဲ့တာ ။
ဟုတ်တယ် ။
ညည အိပ်ရာဝင်ပြီ ဆိုမှဖြင့် အသံမဲ့ မေးခွန်းတွေကသာ
၇င်ထဲမှာ ပဲ့တင်ထပ်လာနေတော့တာပဲ ။
ဖြေကြည့်ပါ လို့ မတောင်းဆိုချင်ပေမယ့် ပြောတော့ ပြောပြချင်သေးတယ်ကွယ့် ။
" ကိုယ့်ကိုကိုယ် လိမ်ညာရင်ကော ပုဒ်မ ၄၂၀ နဲ့ ငြိစွန်းတတ်သလား " တဲ့။
" ကိုယ့်ရင်ထဲက ဖြစ်တည်စ အချစ်သန္ဓေသားကို ဖျက်ချရင်
ပုဒ်မ ၃၀၂ နဲ့များ အရေးယူ ခံရတတ်သလား " တဲ့။
" သူငယ်ချင်း ကောင်လေး တစ်ယောက်ရဲ့ နှလုံးသားနယ်မြေကို
မေတ္တာ ခြေလှမ်းတွေ ကျွံခဲ့မိရင်ကော၊
ပိုင်နက်ကျူးလွန်မှု အဖြစ် ပုဒ်မ ၄၅၆ နဲ့ စွဲချက်တင်ခံရတတ်သလား " တဲ့။
အဲလို မဆီလေးရယ်တဲ့ မဆိုင် လက်ပံသား ဓားနဲ့ ချိုင်တဲ့
မေးခွန်းတွေက ညများစွာရဲ့ နာရီတွေကို ဆွဲဆန့်ပြီး
ဗိုလ်လုပ် မင်းမူလာခဲ့တာ တစ်ညလည်း မဟုတ်၊ တစ်လလည်း မဟုတ်၊
ကြာလာတော့ လောက သဘာဝ အကျိုးပေးမှ အကြောင်း ထင်သကိုး
ဆိုတဲ့ အတွေးနဲ့ ထိတ်ခနဲ စိတ်ထဲ သိလိုက်ပါတယ်လေ ။ ။ ။
ဟုတ်တာပေါ့ ။
ညည ၊နေ့နေ့ ....တငွေ့ငွေ့ ဖြစ်နေတဲ့
မီးက သံယောဇဉ် အပူငွေ့ တလူလူနဲ့
အိပ်ခြင်းမဲ့နာရီများစွာ အတွက် တွန်းအား ။
ကိုကိုကတော့ အဲဒီ သံယောဇဉ်မီး တစ်စ အတွက်
အသက်ဆက်ပေးနေတဲ့ အောက်ဆီဂျင်ပဲ ဖြစ်ရမှာပေါ့နော် ။
အဲသလို သိလိုက်ပြီ ကိုကိုရေ .......
ကိုကို့ကို ချစ်မိနေပြီပဲလို့ သိလိုက်ပြီ.............
ဘာကြောင့်များ ဘယ်လို ဖြစ်သွား ခဲ့ရတာလဲ နှလုံးသားရယ်လို့
ခလေး နှလုံးသား ခလေး တအံ့တသြ မြည်တွန် တောက်တီးနေရပေမယ့်
ခလေးဘာသာ သိနေရုံနဲ့ တစ်ခန်းရပ် သွားရိုး ထုံးစံ မရှိပေဘူးလေ ။
အဲဒီတော့လည်း
သိခြင်းရဲ့ နောက်ကွယ်မှာ.......................
သိခြင်းရဲ့ နောက်မှာ..............။ ။ ။
လာကြပါပြီ ၊ သူတို့ လာကြပါပြီ ။
အဖျား ဒီဂရီ 1500 အောက်ကို
ဘယ်တော့မှ မဆင်းတဲ့ ရောဂါတွေ လာကြပါပြီ ။
တစ်ဖက်သတ် အချစ်မျိုး ဟူသည်
ရင်မှာ တိတ်တခိုးနဲ့ မျှော်ကိုးရတာ ကြာတောင့် ကြာရှည် အစ ။
နှလုံးသားလေးထဲမှာ နေရာ အပြည့် ယူထားသူလေးရယ်..
"လျှောက်ပြန်သံပေး၊ခြေအေး နှလုံးသားရောင် "ဘ၀နဲ့ ဘယ်လို ဖြေပြေရာ
အချစ်သီချင်းတွေ ဆိုဟစ်နေပေမယ့် အသိဟာ အသိပါပဲ ။
အရှိ မဖြစ်လာနိုင်ဘူးလေ။
ဒါကြောင့် မာန သံပတ်ကို ပြန်တင်းပြီး သကာလ
ခလေးနှလုံးသား နဲ့ ခလေး အင်တာဗျူး ပြန်လုပ်တဲ့အခါ.................။ ။ ။
ခက်တော့ ခက်နေပါပြီ ။ဗျူးဖို့ လုပ်တုန်းက ခလေး၊
ဒါပေမယ့် အချိန်တန်တော့ ခလေးပဲ အဗျူးခံ ဇာတ်ရုပ် ဖြစ်ခဲ့ရပြန်ပါရောလား ။
" ဆင်ခြင်ထုံ တရား "က ပြန်မေးတယ် ။
နင်က တောမကျွမ်းဘဲ မုဆိုး လုပ်ချင်တာလား ၊
ရေမကျွမ်းဘဲ လှေသူကြီး လုပ်ချင်တာလား " တဲ့။
အဲဒီတုန်းက " စိုးရိမ်မှု "ကလည်း သူ့ဗီဇကို ၀င်ပြပြန်တယ် ။
" မုဆိုး စိုင်မသင်ခင် ကျွဲအခတ်ခံရမှဖြင့်
မကြားဝံ့ မနာသာကွာ ၊ ကိုယ် လှေသူကြီး လုပ်တဲ့ နှစ်ကျမှ
နာဂစ်တို့ O2B တို့လိုနဲ့ချည်း တိုးနေပြန်ရင်လည်း ကျော်မကောင်း ၊ကြားမကောင်း " တဲ့ ။
သြော် ...........................
အမိဝမ်းကနေ အတ္တနဲ့ အဖော်လုပ် မွေးလာတဲ့
လူသားပီပီ ကိုယ် ခံရမယ့် အရေး ကိုယ် ပြန်တွေးမိသားပေါ့ ။
တကယ်ပါပဲကွယ် ။
မိဘက ခိုင်းရင် ပေးချင်တဲ့ အပြစ်ပေး ၊ ဝေးဝေးက ရှောင်မှာပါ ။
ဆရာသမားက ခိုင်းရင် ပြုချင်တဲ့ စီရင်ချက် ပြု ၊အမှုမထား ခေါင်းခါလိုက်မှာပါ ။
အခုက ဘယ်လို စူပါ ပါဝါ လူသားမှ ငြင်းပယ်နိုင်စွမ်းမရှိတဲ့
" အချစ် " ဆိုတဲ့
တန်ခိုးရှင်ရဲ့ ဗီတို အာဏာနဲ့
နေ၀င် မီးငြိမ်း အမိန့်
ဖြစ်နေတော့လည်း.................................။
ဒုတိယပိုင်းလေးစောင့်ပြီး................ဆက်ဖတ်ပေးပါနော်
ချစ်သူကို လွမ်းရင်း စာတွေ ကဗျာတွေ ရေးရင်း
Magnolia.............................3.9.2012