ခလေးကလည်း...............
သူလိုငါလို ထူးမခြားနား သာမာန်လူသားတစ်ဦးပဲ ကိုကိုရယ်။
ဘယ်နှယ့်လုပ် ဗီတိုအာဏာနဲ့နေ၀င်မီးငြိမ်း အမိန့်ကို ငြင်းဆန်နိုင်ပါ့မတုန်း ကောင်လေးရဲ့။
နောက်ဆုံးတော့ ............................
မကျွမ်းတဲ့ တောမှာ
စိုင်မသင်ခင် ကျွဲခတ်လို့ အသည်းဆတ်ဆတ် ခါခဲ့ရင်လည်း
ကံငမိုက်သားကိုပဲ လွှဲချ စွဲချက် တင်တော့မယ်
ဆိုတဲ့ အတွေးမျိုးနဲ့ မုဆိုးလုပ်ဖို့ ၊
မပိုင်နိုင်တဲ့ အချစ်ပင်လယ်မှာ မုန်တိုင်းနွယ်
လှေငယ် မှောက်ခဲ့ရင်လည်း ဆိုးလှတဲ့ ကြမ္မာငုပ်ကောင်ကိုပဲ
အပြစ်ဆိုမယ် စိတ်ကူးတဲ့ပြီး လှေသူကြီး လုပ်ဖို့...
"သို့............"
ဆိုတဲ့
ဦးတည်နာမ်စားအောက်မှာ
မုသားမဲ့အတွင်းသား စစ်စစ် စကားလုံးကလေးတွေကို
"တန်းစီ...ညာညှိ ၊ဘယ်ညှိ..သက်သာ..အေးစေ "နှင့် အမိန့်တွေ ပေးဖြစ်ခဲ့တယ် ။
သူငယ်ချင်းကောင်လေးရေ
ခင်မင်မှုကို အခွင့်အရေး ယူတာလို့ မထင်ပါနဲ့နော် ။
ဖုန်းဆက်ပြန်ရင်လည်း ကိုကို့မိဘတွေနဲ့ တိုး၊ရင်ကျိုးမှာ စိုးရ
(သူတို့မဟုတ်ဘူးနော် ခလေးရင်ကျိုးမှာ)
ကိုကို့မျက်နှာကို တည့်တည့် ကြည့်ပြောရဖို့ကလည်း မျက်နှာပူရ ၊
အလုပ်တွေရှုပ်နေတဲ့ ကိုကိုက ဟောက်မှာ ကြောက်ရ ၊
အဲဒါကြောင့် ကိုကိုသိအောင် ဒီစာကလေးကိုပဲ ရေးလိုက်ရတာပါ။
ခလေးရင်ထဲမှာ ခလေးကိုယ်ခလေးတောင်
မသိလိုက်ရဘဲ မွေးဖွားရှင်သန်ခဲ့တဲ့ သံယောဇဉ်အရိုးခံကလေးမို့
လိပ်ပြာသန့်သန့်နှင့်ပဲ ပြောပါရစေတော့။
(ကိုးရီးယားဇာတ်ကားတွေ အကြည့်များလို့
နည်းနည်း အတုမြင် အတတ်သင်သွားတဲ့
စိတ်နှလုံးသားကို အပြစ်ပြောတော့ပါဘူး
မြန်မာပြည်မှာ...ကိုးရီးယားခေတ်စားနေတယ်ဆိုတော့လည်း
သူလိုငါလို ရှက်မနေတော့ပါဘူးလေ ......(အပြင်မှာဆိုရင်လည်း တကယ်သတ္တိမရှိပါဘူး)
နားလည်ပေးကြတယ် မဟုတ်လား )
ကိုင်း...ကိုကိုရေ ရှေ့မျက်နှာ နောက်ထားပြီး ပြောလိုက်တော့မယ်။
"ကိုကို့ ကို ခလေး အရမ်း ချစ်နေမိပြီ ကိုကို"
ဒီစာလေး တစ်စောင်နဲ့ ပတ်သက်ပြီး
အင်မတန် ရိုးသားတယ်လို့
ခလေးကိုယ်ခလေး ..
ပြန်အားတင်းခဲ့ရတာလည်း အမော ။
ယုံကြည်ခဲ့ရတာလည်း အမော ။
ဒါကြောင့်လည်း......
ကိုကိုနဲ့ဆုံတဲ့ တစ်နေ့မှာ အဲဒီစာလေးကို.......................။
သြော်...............ပြောမယ့်သာ ပြောရ ၊
အဲဒီနေ့က ကိုကိုလည်း မေ့လိုက်မယ် မထင်ပါဘူးလေ ။
ခလေးကိုတော့ မပြောနဲ့တော့၊ဘယ်လိုသတိရသလဲ မမေးနဲ့တော့။
အခုကိုပဲ တွေးတဲ့ ခဏ ဝေးခဲ့သမျှ စကားသံတွေ
နားထဲမှာ ပြန်ကြားယောင် ပဲ့တင်ထပ်လာလိုက်တာ
ဟိန်းဟိန်း ညံလို ။
" ဟာ...ခလေး
ကိုကိုက ခလေးကို
ညီမလေးလို သူငယ်ချင်းလို ချစ်တာပါ ၊
ညီမလေး အတွေးလွန် စိတ်ကူးတွေ ယဉ်နေပြီ
ကိုကို တကယ်ပြောတာ
ညီမလေးလို သူငယ်ချင်းလိုပဲ သဘောထားတာ၊
ချစ်သူလို ဘယ်လိုမှ လက်မခံနိုင်ဘူး
ရော့ ရော့ ခလေးစာ ပြန်ယူသွားလိုက်.... ။"
ကဲ.................အဲဒါပဲ ..ကြည့်တော့
(ရှေ့မျက်နှာ နောက်ထားပြီး ပြောတာတောင်နော် ။)
သူ့ထက်ခါးသီးတာတောင်
သူ့လောက် ခါးသီးမယ် မထင်ရတဲ့
တမာနဲ့ခွေးတောက်၊သပွတ်သီးတွေကို
သုံးခွက် တစ်ခွက်တင် ရောကျိုထားတဲ့ စကား။
ပြောပဲ ပြောရက်ပလေ သူငယ်ချင်းကောင်လေးရယ်။
အချစ်အကြောင်း ရိုးရိုးကလေးရေးဖွဲ့ထားတဲ့
စာလေးတစ်စောင်ကို လူသတ်လက်နက်ကျလို့ ။
အနွမ်းဖျားကလေးက ခလေးနှလုံးသားမှာ ရုတ်ခြည်း
ဒီဂရီ မြင့်တက်လာတာကို ကိုကို သိခဲ့ပါရဲ့လား ။
တစ်ရွာပြောင်းမှ သူကောင်းဖြစ်ရတော့မယ့်
စာလေးဟာ သူပြောင်းချင်တဲ့ ရွာရဲ့ အုပ်စိုးသူ သခင်ရဲ့
ငြင်းပယ်စကားကြောင့် ရှက်ရွံ့မှုများစွာနဲ့
လက်ထဲမှာ တဆတ်ဆတ် တုန်ခါနေလေရဲ့ ။
သိပ်ကို မျက်နှာငယ်သွားရရှာတဲ့ စာလေးကို
ဘယ်လို အားပေး၇တော့မလဲ။
ဆံခြည်တစ်မျှင် ၊မြူတစ်မှုန်စာလောက်
အတိုင်းအဆ ကလေးတောင်မှ
ပြောင်းလဲမှုမရှိတဲ့ ကိုကို ရဲ့ သံမဏိလို
အေးစက်မာကျောနေတတ်တဲ့ မျက်နှာလေးကို ငေးကြည့်ရင်း
ပင့်သက်မောကလေးတွေ အိပ်ရာထ
မျက်နှာသစ်နေကြရပါပကောလား ကောင်လေးရယ်။
လိပ်ပြာသန့်သန့်နဲ့ ဖြူဖြူစင်စင် ချစ်တာပါ
ရင်ထဲက မပါဘဲ အပျော်တမ်း လက်တည့်စမ်းတာမျိုး ဖြစ်ပါ့မလားဟာ
.............................။
ခလေးက မိန်းကလေးလေ ...။
ခလေး...ခလေးလေ............................
နှုတ်ဖျားက ထွက်သွားတဲ့ စကားသံကလည်း
လက်ထဲက စာလေးနဲ့ ထပ်တူ တုန်ခါလို့ ။
ရင်တစ်ပြင်လုံးကတော့ရော......။
အို..............ရင်ထဲမှာ ပုစဉ်းတွေ...ပုစဉ်းတွေ ။
အကောင်ပေါင်း သိန်းသန်းချီ ၀င်ရောက်ပြီး
အပြိုင်အဆိုင် တောင်ပံခတ်နေကြပြီထင်ပါရဲ့ ။
တဖျပ်ဖျပ်....တလှပ်လှပ်....တဇပ်ဇပ် ။
အဲဒီချိန်မှာ ................
ဒိတ်ခနဲ ရင်ခုန်သံ တစ်ချက်ဟာ
၃၆ ခွင်းဗုံး တစ်လုံး အနားမှာ ကပ်ပြီး
ပေါက်ကွဲသွားသလို ကျယ်လောင်နေတယ် ထင်ရဲ့ ။
ရုတ်တရက် မော့ကြည့်လိုက်တဲ့
ကိုကို့ မျက်ဝန်းတွေကလည်း
စိန်သွားလို မာကြော ၊
ရေခဲတုံးထက် အေးစက် ၊
မီးတောင် ပေါက်ကွဲမှုထက်
ပြင်းထန်နေတယ် ထင်ရဲ့ ။
" ဘာလဲ...ရေးထားတဲ့ စာကို မယူပဲ
ညီမလေးလို သူငယ်ချင်းလို
ချစ်နေတာလည်း
ခလေးက မကျေနပ်နိုင်ဘူးပေါ့ ၊ ဟုတ်လား "
ကိုကိုက..........
တစ်ချို့နေရာတွေမှာ စကားနည်းခဲ့ပေမယ့်
ပြောမှ ပြောပြီဆိုရင် အမြဲတစေ နူးညံ့ ပျော့ပျောင်းလေ့ရှိတဲ့
ကိုကိုရဲ့ လေသံကလေးတွေက
ဘယ်အချိန်ကများ ဘယ်ဆီကို ခရီးထွက်သွားခဲ့ကြပါသလဲ ကိုကို ။
ထောင်းခနဲ ပြတ်လုဆဲဆဲ ဂီတာကြိုးတစ်ချောင်း ရဲ့
တင်းမာမှုမျိုးနဲ့ ထပ်တူကျမယ့် ကိုကိုရဲ့
လေယူလေသိမ်းက သစ်စိမ်းချိုး ဆိုတဲ့
ဝေါဟာရ အတွက်
ရှင်းတမ်းတစ်စောင် ရေးပြလိုက်သလိုပါပဲလား ။
" အဲဒီ သဘောမျိုး မဟုတ်ပါဘူး ကိုကိုရေ
ခလေးချစ်နေတာကို
ကိုကို့ကို သိစေချင်တာကတော့ အမှန်ပါ ။
တွန့်ကွေးသွားတဲ့
ကိုကိုရဲ့ နှုတ်ခမ်းပေါ်က အပြုံးကလေး တစ်ခုက
ခလေး ရှိသမျှ အင်အားတွေကို
နင်းချေ ဖျက်ဆီးသွားသလိုပါပဲ ။
တစ်ခါတစ်လေ ယောင်္ကျားတစ်ယောက်ဟာ
"ခံစားပေတော့" ဆိုတဲ့ စကားလေးတစ်ခွန်းကို
အသံမပါတဲ့ အေးစက်စက် မာကျောကျော
အပြုံးကလေး တစ်ခုနဲ့တင် ပြောပြတတ်ကြပါသလား ။
"အင်းပါ ပေး ပေး ...ခလေးစာ
ခလေးပြန်တော့ တဲ့"
ဆတ်ခနဲ ဆွဲယူခြင်း ခံလိုက်ရတဲ့
စာလေးက မကြည်ဖြူမှုကို သက်သေပြသွားလေရဲ့ ။
ခလေး ခံစားချက်တွေနဲ့ ရေးထားတဲ့စာလေးကို
လေးလေးနက်နက် ဖတ်ပေးစေချင်ပါတယ်ဟာ ။
အရှေ့နဲ့အနောက် ကျောချင်းပေးလို့ လျှောက်ခဲ့ရချိန်မှာ
ခလေး လက်ဖျား ခြေဖျားတွေက ချွေးစက်တွေနဲ့ အေးစက်နေခဲ့ကြတယ် ။
ကြားဖူးခဲ့တယ်............................. ။
ဆိတ်ငြိမ်မှုရဲ့ နောက်မှာ ဆူညံမှု ရှိသတဲ့ ။
ဒါဆိုရင် ကိုကိုရဲ့
အဆုံးစွန်သော မတုန်မလှုပ် အေးစက်စက်နိုင်မှု နောက်မှာ
ခလေးအတွက် ပူလောင်ကျွမ်းမြေ့ခြင်းတွေက
အရိပ်လို ကပ်ပါလာခဲ့လေမလား ။
ဘုရား......................ဘုရား ။
မြတ်စွာဘုရားသခင် ကယ်မတော်မူပါ ဘုရား ။
အဲဒီမှာတင်
ဘယ်ဝတ္ထု ၊
ဘယ်ရုပ်ရှင် ၊
ဘယ်သီချင်းထဲမှာမှ
မဖတ်ဖူး ၊
မကြည့်ဖူး ၊
မကြားဖူးခဲ့တဲ့
အချစ်မျိုးကွဲ မျိုးစိတ်အသစ်တစ်ခုကို
အလန့်တကြား ထိတွေ့လိုက်ရပြန်တယ်
ဘုရား တရတဲ့ အချစ်................။
ဟုတ်တယ် ။
" တစ်ခါတစ်လေ ..... အချစ်က အလန့်တကြားနဲ့ ဘုရား တရသေးတာကိုး" လို့
ခိုင်ခိုင်မာမာ ယုံကြည်ခဲ့ရပြန်ပါပကော
သူငယ်ချင်းကောင်လေးရေ.............။
" ဒီမှာ......ခဏ..............
ခဏလေး ...................
ပြောပါရစေဦး ..................
သူငယ်ချင်း ကောင်လေးရဲ့...........................။"
အားနာလိုက်တာ စာက ရှည်သွားပြန်ပြီ..
နောက်ထပ်တစ်ပိုင်းလောက်ကို စိတ်ရှည်ရှည်နဲ့ စောင့်ပြီး...........ဆက်ဖတ်ပေးကြပါဦးလို့...
နောက်အပိုင်းကို မြန်မြန်ရေးပြီး တင်ပေးပါ့မယ်(promise)
တကယ် တကယ် ဆက်ဆက်စောင့်ဖတ်ပေးကြနော်.......းးးးးးးးးးးးးး
ချစ်သူကို လွမ်းရင်း စာတွေ ကဗျာတွေ ရေးရင်း
Magnolia...........................................7.9.2012