“သူတို့မေတ္တာကို ကျော်လွှားနိုင်မည်တဲ့လား”
ညနေ(၆)နာရီထိုးလို့ ကတ္တရာလမ်းမတွေပေါ်မှာ ဖွေးဖွေးလှုပ်အောင်သွားနေကြတဲ့လူတွေ၊ သနပ်ခါးဖွေးဖွေး၊ မိတ်ကပ်လေးအေးအေးဖြင့် စားကြသောက်ကြရှိနေချိန်၊ ကျွန်မကတော့ နံနက်ခင်း လိမ်းခြယ်ထားခဲ့သော ပါးပြင်မှပါးကွက်လေးများ ပျက်ပြယ်လို့၊ ကိုယ်သင်းရနံ့တွေလည်း လွင့်ပြယ်ပြီး အလုပ်ခွင်မှ ပြန်လာချိန်ပေါ့။ မြို့လယ်ခေါင်မှာ ကိုယ်ပိုင်ကားတွေ၊ စက်ဘီးတွေ၊ ဆိုင်ကယ်တွေ တ၀ီဝီဖြင့် သွားလာနေကြတော့ သဘာဝလေနုအေးရဲ့ ရနံ့ကိုတောင် ရှုရှိုက်မိပုံမပေါ်ခဲ့မိပါဘူး။
အိမ်ပြန်လမ်းကိုအချိုး၊ မြို့ရှောင်လမ်းမကြီးပေါ်အရောက်မှာတော့ စိမ်းစိုနေတဲ့သစ်ပင်လေးတွေ၊ လယ်ကွင်းစိမ်း စိမ်းလေးတွေနဲ့အတူ တိုက်ခတ်လာတဲ့ သဘာဝလေနုအေးအေးလေးက ကျွန်မရဲ့ ကိုယ်သင်းရနံ့တွေကိုပင် ဖုံးလွှမ်းသွားစေခဲ့ပါတယ်။ နေ့စဉ်နှင့်အမျှ အိမ်ကိုပြန်ခဲ့ရပေမယ့်လည်း အိမ်ကိုပဲ တမ်းတမ်းတတပြန်ချင်ခဲ့တာ သဘာဝလို့ပဲ ခေါ်ဆိုရမလား။ အိမ်ပြန်ချိန် အိမ်အ၀င်ဝရောက်မှာတော့ အဖေနဲ့အမေရဲ့ မျက်နှာလေးကို မြင်လိုက်ရတယ်ဆိုပဲ အရာအားလုံးက ငြိမ်းချမ်းသွားစေခဲ့ပါတယ်။ ထိုအချိန်မှာ ကျွန်မသတိရလိုက်မိသည်က တော့ အဆိုတော်ဘိုဖြူသီဆိုခဲ့တဲ့ အမေ့ရုပ်ရည်ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ကိုပါပဲ။ စားဝတ်နေရေးအတွက် အဖေကလည်း ရုန်းကန်၊ အမေကလည်း မီးဖိုချောင်နံဘေးလေးမှာ လက်နှီးစုတ်လေးတစ်စုတ်ကိုကိုင်ရင်းကပဲ..
“အဖေရေ…အမေရေ”လို့ ခေါ်သံကြားရုံမျှနဲ့ပင် မောပန်းနေသည့်ကြားမှ..“ဟေ”လို့ တစ်လုံးတည်းထူးခဲ့ပြန်ပါ တယ်။ ဒါဟာ သူတို့ရဲ့နွေးထွေးကြိုဆိုခြင်းပုံရိပ်တစ်ခုရယ်လို့ ဆိုရပါမယ်။ အဖေကတစ်လှည့် အမေကတစ်ဖုံ ချွေးတလုံးလုံး၊ အိုးမဲတွေတပေပေ ချက်ပြုတ်နေကြရပေမယ့် ကျွန်မရဲ့မျက်ဝန်းထဲမှာတော့ အဖေနဲ့အမေဟာ ကမ္ဘာပေါ်မှာ အလှဆုံးသောရတနာတွေပါပဲလေ။ အဖေနဲ့အမေရဲ့အပြုံးတွေက လ၀န်းပမာလို့ ဆိုရမှာပါ။ အသက်တွေကြီးရင့်လာကြပြီဖြစ်တဲ့ အဖေနဲ့အမေက အထီးကျန်ဆန်ရပ်ဝန်းဆီကို တရွေ့ရွေ့နဲ့ ရောက်လို့လာခဲ့ ပြန်ပါပြီ။ ဒီလိုပါပဲ ကျွန်မလည်း နေ့စဉ်လို သူတို့တွေရဲ့ ပါးနှစ်ဖက်ကို နမ်းရှုံ့ရင်းဖြင့် သူတို့ရဲ့ နောက်ဆုံးအချိန် အထီးကျန်မှုလေးတွေကို ဖြေသိမ့်ပေးနေတတ်ခဲ့ပြန်ပါပြီ။ ညစဉ်လို တယုတယနဲ့ စကားတွေဖောင်ဖွဲ့ရင်း သူတို့ရဲ့ရင်ခွင်လေးထဲမှာ ပျော်မွေ့နေစေခဲ့ပါပြီ။
နံနက်ခင်းမိုးသောက်ယံ..ကျွန်မ အလုပ်သွားချိန်တိုင်းမှာ အဖေ့ရဲ့လက်ပြနှုတ်ဆက်ခြင်းဟာ ကျွန်မအတွက် တော့ မကျော်ဖြတ်နိုင်သော မေတ္တာကမ္ဘာငယ်လေးတစ်ခုပါ။ ကျွန်မအဝေးဆုံးကိုရောက်သည်အထိ သူ့ရဲ့ လက်ပြနှုတ်ဆက်ခြင်းတွေဟာ ရပ်တန့်လို့မသွားခဲ့သေးပါဘူး။ “အဖေရယ်”လို့ ကျွန်မရင်တွင်းမှ တီးတိုးစကား သံတွေက အဖေ မကြားနိုင်ခဲ့ပေမယ့် ကျွန်မ ရွတ်ဆိုနေမြဲပါပဲ။
အဖေနဲ့အမေရဲ့ရင်ခွင်ကမ္ဘာလေးက လုံခြုံမှု၊ အေးချမ်းမှု၊ နွေးထွေးမှုဆိုတဲ့ မေတ္တာတွေ အတိုင်းထက်အလွန် ကျွန်မကို ပေးစွမ်းနေခဲ့ပါတယ်။ ပေးသူနှင့်ခံယူသူ၊ ပေးသူရှိပေမယ့် ခံယူသူတို့က နားလည်စွာမခံယူနိုင်ခဲ့ရင် ဒီလိုနွေးထွေးမှုတွေကို သိနိုင်လာပါအုံးမည်လား။ မေတ္တာဆိုတာ လူတွေပြောတတ်ခဲ့၊ သတ်မှတ်ခဲ့ကြတဲ့ (၅၂၈)၊ (၁၅၀၀)ဆိုရယ်မှ မဟုတ်ပါဘူး။ တကယ်ဆိုတော့ ပေးဝေသူ၊ လက်ခံသူတွေရဲ့အကြားမှာ နားလည်ခံယူ တတ်မှုတွေ၊ တူညီမှုတွေရှိနေမှသာ မေတ္တာရဲ့အတိမ်အနက်ဆိုတာတွေကို သိမြင်နိုင်ကြလိမ့်မယ်လို့ တွေးသိ လာခဲ့ရပြန်ပါတယ်။ အဖေ့ရဲ့မေတ္တာတွေကို ကျွန်မ ဘယ်လိုကျော်လွှားလို့ရနိုင်ပါ့မလဲ။ အရွယ်တွေကြီးရင့်လာ ပြီဖြစ်တဲ့ သူတို့ရဲ့ရင်တွင်းမှ အားကိုးကြီးမှု၊ စိုးရိမ်ကြောင့်ကြမှုတွေနဲ့အတူ အနားမှာရှိနေစေချင်သောဆန္ဒတို့က ရင်တွင်းမှ ဖွင့်ဟမပြောခဲ့ကြပေမယ့်လည်း၊ သူတို့၏မျက်ဝန်းတွေက စကားပြောနေခဲ့သည်ကို ကျွန်မ မြင်တွေ့ နေခဲ့ရတယ်လေ။ “သမီးလေးသာမရှိရင်”ဆိုတဲ့ အမေ့ရဲ့စကားသံလေးတွေကလည်း ကျွန်မကို မကျော်လွှားနိုင် စေခဲ့ပါဘူး။ ဒီလိုပါပဲ ကျွန်မရရှိခဲ့တဲ့ မေတ္တာတွေကလည်း အနှိုင်းမဲ့ပါပဲ။ အဖေ၊အမေနဲ့အတူ ထမင်းလက်ဆုံ စားခွင့်ရခဲ့တဲ့ ကျွန်မရဲ့ အခွင့်အရေးတွေကလည်း မဟာအခွင့်အရေးတစ်ခုလို့ ခံစားမိခဲ့ရပြန်ပါသေးတယ်။
ချစ်သောအဖေ၊ အမေတို့ရဲ့ မေတ္တာတွေကို ကျွန်မ ဘယ်သောအခါမှ မကျော်လွှားနိုင်တော့ပါဘူး။ အေးချမ်းစေ သောအရိပ်၊ ခိုလှုံရာကြီးမားလှတဲ့ အနှိုင်းမဲ့မေတ္တာတော်တွေရဲ့အောက်မှာ မျက်ရည်တစ်စက်တို့ကလည်း နှလုံးသားကို ဆို့နင့်နေစေခဲ့ပြန်ပါပြီလေ….။
နေခြည်သစ်နွယ်(ပြည်)