ကျွန်မမှာချစ်သူတစ်ယောက်ရှိပါတယ်…ကျွန်မချစ်သူကို ပြောမပြတတ်အောင်ချစ်သလို သူကလည်း အပြစ်ရှာမရအောင် ကျွန်မကို အရမ်းချစ်ပါတယ်…ကျွန်မတို့နှစ်ယောက်က အလုပ်ကိုယ်စီနဲ့အားလပ်ချိန်သိပ်မရှိပေမဲ့ တစ်နေ့ တစ်နေ့ တစ်ယောက်အနားမှာ တစ်ယောက်ရှိနေသလိုဘဲလေ…
ကျွန်မတို့နှစ်ယောက် ချစ်ကြပုံလေးကတော့ ဒီလိုပါတဲ့ ရှင်…
မနက်မိုးလင်းလို့ အိပ်ရာကထလိုက်တာနဲ့ သူ့အကြောင်းက ကျွန်မအတွေးထဲမှာ ပေါ်လာပြီ…အတွေးမဆုံးခင်မှာဘဲ Good Morning ဆိုတဲ့ သူ့ရဲ့ မနက်ခင်း နှုတ်ဆက် message လေးကရောက်လို့လာပါတယ်…
ရုံးသွားဖို့ ရေမိုးချိုး အလှပြင်ဆင်ပြီး မနက်စာအဖြစ် တစ်ခုခုမစားတဲ့နေ့ဆိုရင် ကျွန်မ ကော်ဖီသောက်ဖြစ်တယ်…ကော်ဖီက ကျွန်မနဲ့မတည့်သလို ကြိုက်လဲမကြိုက်တဲ့အတွက် သိပ်မသောက်ဖြစ်ပါဘူး…ဒါပေမဲ့ သူ့ကို အရမ်းလွမ်းတဲ့နေ့တွေဆိုရင် ကော်ဖီကြိုက်တဲ့ သူ့ဆီကို ကျွန်မကော်ဖီသောက်ရင်း messageလေး လှမ်းပို့လိုက်တယ်…
”ကော်ဖီသောက်တိုင်း လွမ်းနေမယ်”
အဲဒီအခါကျရင် သူ့ဆီက reply ပြန်တတ်တာလေးက “ကော်ဖီနဲ့မတည့်ဘူး အရမ်းမသောက်နဲ့တဲ့”…
ဂရုစိုက်ပေးတဲ့အတွက် ပီတိဖြစ်ရပါတယ်…
ကျွန်မက အလုပ်လုပ်ပြီဆိုရင် ထမင်းမေ့ ဟင်းမေ့လုပ်တတ်တဲ့အတွက် နေ့လည် ထမင်းစားချိန်ဆိုရင် “ထမင်းစောစောစားနော် သိပ်နောက်မကျစေနဲ့” ဆိုတဲ့ messageလေးကလည်း အချိန်မှန် ပျက်ကွက်ခြင်းမရှိ တာဝန်ကျေလို့နေပါတယ်...
ညဘက် အိပ်မပျော်တတ်တဲ့ အကျင့်ဆိုးလေးကလည်း ကျွန်မမှာရှိလေတော့...
“Good Night ,အိပ်ပျော်အောင် အိပ်နော်၊ ဘာမှလျှောက်တွေးမနေနဲ့” ဆိုတဲ့ messageလေးကလည်း ညစောင့်တာဝန်ကိုကျေရှာပါတယ်…
သူက ခရီးသွားရတာ ဝါသနာပါတယ်လေ…ကျွန်မကတော့ အလုပ်တာဝန် မပျက်ကွက်ချင်တာကြောင့် အတူလိုက်မသွားဖူးပါဘူး…သူခရီးသွားပြီ ဆိုရင်တော့ သူ့တာဝန်လေးတွေ ကျွန်မက လွှဲပြောင်းယူလိုက်တယ်…
“နိုးပြီလား၊ မနက်စာ ဘာစားပြီးပြီလဲ၊”
“နေ့လည်စာ စောစောစားနော်၊ နေပူပူ မိုးရွာရွာ အပြင်သွားရင် ထီးယူသွား၊”
“ညစာလဲ ပုံမှန်စား၊ အိပ်ခါနီး ဘုရားရှိခိုးဖို့ မမေ့နဲ့အုန်း၊” အရင်ကဆို ကျွန်မ မှာတာတွေက ဒီထက်များပါတယ်… သူ့အတွက် စိတ်ကျဉ်းကျပ်စရာ ဖြစ်နေမှာစိုးလို့ ချုပ်ချယ်သလိုဖြစ်မဲ့စကားတွေ နောက်ပိုင်း မမှာဖြစ်တော့ပါဘူး…
ဘာကိစ္စဘဲဖြစ်ဖြစ် သူနဲ့အမြဲတိုင်ပင်တယ်၊ တိကျတဲ့ အဖြေတစ်ခုထွက်မလာရင်တောင် အကြံဥာဏ်ကောင်းလေးတော့ ကျွန်မအတွက် သူအမြဲပေးတယ်…ကျေးဇူးတင်ရပါတယ် ချစ်သူ…
ကျွန်မက သူ့ကို ပေးဆပ်ချစ်နဲ့ချစ်တာ မဟုတ်သလို သူကလည်း ရယူခြင်းနဲ့ချစ်တာ မဟုတ်ပါဘူးတဲ့…တစ်ယောက်နဲ့တစ်ယောက် နားလည်မှု၊ ပူလောင်မှုမရှိတဲ့ အေးမြတဲ့ချစ်ခြင်းတွေနဲ့ သာယာပျော်ရွှင်ဖွယ် မိသားစုလေးတည်ဆောက်ဖို့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်အောင် ကြိုးစားနေကြသူတွေလည်း ဖြစ်ပါတယ်…
တစ်ယောက်ပျော်ရွှင်ရင် တစ်ယောက်ကလိုက်ရယ်မောပေးသလို၊ တစ်ယောက်ဝမ်းနည်းတဲ့အခါမှာလည်း ငိုကြွေးဖို့တစ်ယောက်ကပခုံးဌါးပေးသူအဖြစ် ရှိပေးပါတယ်… သူကလွဲလို့ ကျွန်မ မချစ်နိုင်သလို၊ ကျွန်မနေရာကို နောက်ထပ် အစားထိုးလို့ရမှာမဟုတ်ဘူးလို့ သူကလည်း အမြဲပြောပါတယ်…
စိတ်ကူးနဲ့လက်တွေ့ဟာ တစ်ကယ်တမ်းတော့ ထပ်တူမကျနိုင်ပေမဲ့ အစွန်းထွက်နေတာလေးတွေကို လိုက်ညှိပေးနိုင်မယ်ဆိုရင် ထပ်တူမကျနိုင်ရင်တောင် တစ်ယောက်နဲ့တစ်ယောက် ထိခိုက်မှုလေးတွေ မရှိတော့ဘူးပေါ့…
သဝန်တို၊ ငြူစူ၊ စောင်းမြောင်း၊ မခံချင်၊ စိတ်ဆိုး စိတ်ကောက်၊ စိတ်ဖောက်ပြန်(ကိုယ့်မှာချစ်သူရှိုပြီး နောက်ထပ်ပြစ်မှားချင်သူ)၊ ပြိုင်ဆိုင်ချင်စိတ် စတာ စတာတွေရဲ့ ချစ်သူတွေကြားမှာ ဖြစ်တတ်တဲ့အရာလေးတွေကို ကျွန်မတို့နဲ့မဆိုင်သလို ကျောခိုင်းဆန့်ကျင်ပြီး အနိုင်မယူ၊ အနစ်နာခံ၊ အလျှော့ပေး၊ မာနမထား၊ အမုန်းဆိုတာမရှိ၊ အပြုံးနဲ့သာ လိုရာပန်းတိုင်ကို တွဲလက်တွေ ခိုင်ခိုင်မြဲစွာ ဆုပ်ကိုင်ရင်း လျှောက်လှမ်းကြပါတယ်…
ဒီလောက်ဆိုရင် “ကျွန်မကချစ်ရရ်ျ…. ကျွန်မကိုချစ်သောသူ “ရဲ့အကြောင်းလေးတွေ သိလောက်ပြီ ထင်ပါတယ်…
သူငယ်ချင်းတို့လည်း “ကိုယ်ကချစ်ရရ်ျ…. ကိုယ့်ကိုပြန်ချစ်နိုင်သောသူနဲ့တွေ့ဆုံနိုင်ကြပါစေ" လို့ ဆန္ဒပြုရင်း……..
(အချစ်ကို ခံစားရေးဖွဲ့ကြည့်ခြင်းဖြစ်ပါသည်။ ။)