သွေးသစ်လောင်းသော လက်များ
လူ့ဘဝ အစိတ်အပိုင်းတွေကို
ရရှိဖို့အတွက်...
နေဝင်လိုက်.. မိုးချုပ်လိုက်နဲ့..
ခရီးက ကြမ်းတမ်း
ဝေးကွာလွန်းတဲ့ ခရောင်းလမ်းထဲ
ဖြတ်သန်းရတဲ့ လူ့အခက်ခဲတွေက
တကယ်တမ်း ပြောပြမိတော့
နားထောင်မိတဲ့ သူအတွက်တော့..
ရယ်စရာ ဟာသတစ်ပုဒ်ပေါ့...။
အလွှာဒြပ်တွေ နိမ့်လိုက် မြင့်လိုက်နဲ့
ဘဝ လေဟာနယ်မှာ ပြေးလွှားနေပါရဲ့
အခက်ခဲဆုံး ဖြတ်သန်းခဲ့တဲ့
ဘဝရဲ့ လှုပ်ရှားမှုတိုင်းက
အဆင့်တစ်ခု ရောက်တိုင်း
အမောပြေ ဟာသတွေသာ ဖြစ်ခဲ့ပေါ့..။
ညတွေလည်း...
တစတစ ပြိုလဲပျက်စီးခဲ့ပြီ...
လမင်းကြီးလည်း...
အေးမြသော ချပ်ဝတ်တန်ဆာတွေနဲ့
ဆွဲယူ ရုပ်သိမ်းလို့
တိမ်လွှာ တိမ်ရိပ်တွေ နောက်မှာ
ပျောက်ကွယ်သွားပြန်ပြီပေါ့...။
မိုးသောက် အာရုဏ်ကလည်း...
တရွေ့ရွေ့နဲ့ မနက်ခင်း တနေ့ရဲ့
ရက်စွဲလေးတွေကို သယ်ဆောင်လာခဲ့ပြန်ပြီ..
မြူခို ငွေ့ငွေ့ တိမ်လွှာရိပ်အောက်မှာ..
နေမင်းကြီးလည်း ...
ပူလောင်လွန်းတဲ့ သူ့အရောင်တွေကို
ကမ္ဘာမြေကြီးပေါ်ကို အရောက်ပို့ခဲ့ပြန်ပြီပေါ့...။
ဒီလိုနဲ့...
ကံကြမ္မာ မုန်တိုင်းမြင်မှ တွေ့ကြုံ ခံစားရတဲ့..
လူ့ဘဝ ဆင်းရဲ ဒုက္ခတွေရယ်...
အမှန်နဲ့ အမှား လူမိုက်နဲ့ ပညာရှိ
နေနဲ့ ည ပြေးသွားနေတဲ့
သံသရာ လွင်ပြင်ထဲ..
မျှော်လင့်ချက်တွေနဲ့ ခရီးဆက်လို့
အသက်ရှင်နေတဲ့ သူ...။
သဏ္ဍာန်ကွဲ အဆင်မည်းနဲ့
မည်းပြာပုဆိုးများ လူ့ဝန်းကျင် အခြားမဲ့မှာ ထားရစ်ခဲ့ပါ...
စေတနာပါပါ ယုံကြည်မှုများ တည်ဆောက်
မှားနေတဲ့ အမြင် သံသယတွေ ခဝါချရင်း
ခါးပိုက်ထားတဲ့ အတ္တတွေကို
အသုံးမဝင်တဲ့ အမှိုက်ပုံထဲမှာ ထားရစ်ခဲ့ပါ....
ငြိမ်းချမ်းရေး ရေစင်တစ်ခွက် သောက်သုံးဖို့အတွက်
မတူညီသော လက်များ ဝိုင်းရံလို့
ညီညွတ်ရေး အင်းအားများ တည်ဆောက်ရင်း..
အသုံးချ အမြှောက် ကျည်ဆန်များ
ပညာတက်ရင် ဆေးဖြစ်လာမှာပါ...။
ကိုယ့်တာဝန် ကိုယ့်အသိတွေ
ကိုယ့်သတိအိမ်မှာ တည်ဆောက်
ကိုယ့်တက်သလောက်နဲ့ ကူညီ
ကိုယ့်အတ္တတွေ ခဝါချ
အမှန်တရားအတွက်...
အကြောက်တရားတွေ ဒေါသတွေ
မာန်မာနတွေ ဂုဏ်ပြိုင်ခြင်းတွေ
အတိတ်မှာထားခဲ့...
အနာဂတ် ကျန်ရှိနေတဲ့
သမိုင်းတွေကို အကောင်းဆုံး ရေးဆွဲ
မျက်စိ မမှိတ်ခင် သူငယ်မပြန်မိစေနဲ့...။
မဟာပထဝီ မြေကြီးရဲ့ ဝမ်းကြာတိုက်ထဲက
မွေးဖွားလာတဲ့ သားသမီးတွေ...
ကိုယ် တိုင်းတာထားတဲ့ အမိအိမ် မြေကွက်ထဲ
ကိုယ်တိုင် ပြန်မသွားသေးခင်....
ကိုယ့်သမိုင်း ကိုယ့်တာဝန် ကြေပွန်ဖို့အတွက်
ကိုယ်တို့ လက်များ မတူညီကြလည်း အားသစ်လောင်းလို့
သမိုင်း ခေတ်တခေတ် ငြိမ်းချမ်းရေးနှင့် သွေးသစ်လောင်းစို့လေ...။
တက္ကသိုလ်မြတ်မင်း