ငယ်ငယ်တုန်းကတော့ ဘာရယ်မဟုတ်ပဲ ဒီကဗျာလေးကို ရွတ်ဆိုခဲ့ရတယ်။
ကျောင်းမှာ ဆရာမသင်ပေးခဲ့လို့ ရွတ်ဆိုပြီး အိမ်ရောက်တော့ ချစ်စရာအမူအရာလေးနဲ့ ဟန်ရေးပြဆိုခဲ့တာကို မိဘတွေက သဘောကျပြီး ခဏခဏဆိုခိုင်းခဲ့တာ ဟန်ရေးပြကခိုင်းခဲ့တာကို အမှတ်ရနေတုန်း။ ကျောင်းကပွဲတွေမှာ မပီကလား ပီကလားနဲ့ စင်ပေါ်တက်ပြီးလဲ ဒီကဗျာလေး ရွတ်ခဲ့ဖူးပါရဲ့။
ထိုအချိန်က ဒီကဗျာလေး ရွတ်ခဲ့စဉ်က ကြက်တူရွေးနှုတ်တိုက် သင်ကြားခဲ့ပြီး အလွတ်ရနေတဲ့ ကဗျာလေးကို ရွတ်ဖတ်လာခဲ့တာပါ။ ကဗျာလေးရဲ့ အနက်အဓိပ္ပါယ်ကို သေချာမသိခဲ့။ ကဗျာလေးထဲမှာ ပါဝင်သည့် တိရစ္ဆာန်ပေါင်းစုံကသာ မေ့ကို ဖမ်းစားထားတာပါ။ ကဗျာလေးကို ဖတ်မိတိုင်း ချစ်စရာတိရစ္ဆာန်တွေကိုသာ မျက်လုံးထဲ မြင်ပြီး ကြည်နူးနေမိတာပါ။ အနှစ်သာရကို မသိခဲ့တာတော့ အမှန်ပါပဲ။
ခုတော့ ကလေးဘဝက မေလေး လူကြီးဖြစ်ခဲ့ပြီ။ ဖြတ်သန်းလာခဲ့ရသည့် သက်တမ်းကာလတစ်လျှောက်မှာ လောကဓံ အတွေ့အကြုံတွေရဲ့ ဖိနှိပ်ထုထောင်းမှုတွေလဲ များစွာ ခံခဲ့ရပြီ။ လူအမျိုးမျိုး စရိုက်အဖုံဖုံမှာ အစစ်အတုတွေ များစွာကို ရှာဖွေတွေ့ရှိလောက်တွေ့ရှိခဲ့ပြီ။
ဒီလိုအချိန်မှာ ငယ်ငယ်ထဲက အလွတ်ရခဲ့ဖူးတဲ့ဒီကဗျာလေးကို ရေးတေးတေး အမှတ်ရလာပြီး ခပ်တိုးတိုးလေး ပြန်ဆိုကြည့်မိတယ်။
အို........ကွယ်..........။
ငယ်ငယ်တုန်းက အမှတ်မထားမိတဲ့ ကဗျာထဲက အနှစ်သာရတွေ။
ပထမဦးဆုံး ထိုကဗျာလေးကို ရေးစပ်ခဲ့သူ ကဗျာဆရာကို စတင်ချီးကျူးမိတယ်။ လူဘုံခန်းဝါမှာ ကြုံဆုံလာခဲ့သမျှ လူ့သဘော၊လူ့မနောတွေကို လှလှပပ ဖော်ဆောင်ရေးသားထားပုံက ပညာသား ပါလေစွ။ မှန်ကန်လွန်းတဲ့ သူ့အတွေး ၊သူ့အရေးကို လေးစားအာကျမိပါလေရဲ့။
တစ်ခေါက်ရွတ်ဆိုတိုင်းမှာ ကဗျာထဲက အနှစ်သာရကို တစ်ခါ တစ်မျိုး မရိုးနိုင်စွာ ခံစားလာရတယ်။ ခုလဲ နောက်ထပ်တစ်ခေါက် ခပ်ဖွဖွလေး နောက်တစ်ကြိမ် ပြန်ဆိုကြည့်မိတယ်။
ယုန်ကလေးက နားရွက်ထောင်၊
ပညာရှိယောင်ဆောင်။
ကြောင်ကလေးက လက်သည်းဝှက်၊
ချောင်းလိုက်ရတဲ့ ကြွက်။
ရွှေဇီးကွက်တို့ အိနြေ္ဒ၊
ဘုရင်ကြီးလိုနေ။
မိုးလေ၀သ ဗေဒင်ဟော၊
တောက်တဲ့ ကိုလူချော။
ပြောတိုင်းယုံတဲ့ ပုတ်သင်ညို၊
ခေါင်းညိတ်တတ်တယ်ဆို။
ရွှေကျီးညိုသာပါက၊
ဧည့်သည်လာပါမှ။
ယုန်ကလေးက နားရွက်ထောင်
ပညာရှိယောင်ဆောင်တဲ့။
ယုန်ကလေးကတော့ သူ့မှာရှိတဲ့ သူပိုင်ဆိုင်တဲ့ နားရွက်လေး ထောင်ထောင် ထောင်ထောင်နဲ့ ပညာရှိယောင်ဆောင်ပြီး ဟန်ကြီး၊ဟန်ကြီး တစ်ခွဲသားနဲ့ ကြွားလုံးထုတ်ခဲ့တယ်။
အချို့အချို့သော သူတွေဟာလဲ ယုန်ကလေးလိုပဲ မတတ်တာကို တတ်ယောင်ဆောင် ၊ ဟိတ်ဟန်တွေနဲ့ တတ်ယောင်ကားလုပ်နေတဲ့ အခြေအနေမျိုးတွေကို ယုန်ကလေးနဲ့ ခိုင်းနှိုင်းကာ ပညာပြပေးခဲ့ပုံက လှပပါပေတယ်။ ငယ်ငယ်တုန်းကတော့ ပုံပြင်ထဲက ယုန်ကလေးကိုပဲ မြင်ယောင်မိတယ်။ ဥပမာလေးကို မမြင်မိတာ အမှန်။ မြင်မိတဲ့ အချိန်မှာတော့ မေ့ကိုယ်မေ အရင်ဆုံး ဆန်းစစ်မိတယ်။။ မေရော ယုန်ကလေးလို တတ်ယောင်းကား လုပ်နေသလား။
ကြောင်ကလေးက လက်သည်းဝှက်
ချောင်းလိုက်ရတဲ့ ကြွက်။
ကြောင်ကလေး လက်သည်းဝှက်တာ ဘာကြောင့်ပါလိမ့်။ သူရဲ့အစာဖြစ်တဲ့ ကြွက်ကို လိမ္မာပါးနပ်စွာ ရှာဖွေ စားသောက်ဖို့လား ။ ကောက်ကျစ်စဉ်းလဲစွာနှင့် အန္တရယ်ပေးတတ်တဲ့ လက်သည်းကို ဝှက်ထားတာလား။ တွေးလေ တွေးလေး အတွေးက နက်ရှိုင်းလာလေပါပဲ။ လှည့်ဖျာတတ်တဲ့ လောကကြီးထဲမှာ ကြောင်လက်သည်းဝှက် ပညာရှိတွေ၊ ကြောင်လက်သည်းဝှက် လူ့ကောက်ကျစ်တွေကို ပါးနပ်စွာ ရှာဖွေပေါင်းသင်းတတ်ဖို့ ကိုယ်ကိုယ်တိုင်လဲ ပါးနပ်စွာ နေဖို့ ကြိုးစားရပါအုံးမယ်။ ကိုယ့်ရဲက ရှိစုမဲ့စု လက်သည်းလေးလဲ ဝှက်သင့်ရင် ဝှက်ရပါအုံးမည်။
ရွှေဇီးကွက်တို့ အိနြေ္ဒ
ဘုရင်ကြီးလိုနေ၊
တည်တည်ငြိမ်ငြိမ် အိနြေ္ဒကြီးနဲ့ နေတတ်တဲ့ ရွှေဇီးကွက်ကြီးက ဘုရင်ကြီးတစ်ပါးလို့ ခန့်ခန့်ထည်ထည်ဆိုပြီး ခိုင်းနှိုင်းထားတာလား။ ပညာရှိတို့မည်သည် ပရမ်းပတာ မနေ ၊ ပညာရှိတို့မည်သည် မာန်၊ဂုဏ်မဝင့်၊ ပညာရှိတို့မည်သည် စကားကို လိုသည်ထက်ပို၍မပြော၊ ပညာရှိတို့အမျက် အပြင်သို့မထွက် စသည်တည်ငြိမ်ခြင်းများကို အိနြေ္ဒကြီးကြီး ရွှေဇီးကွက်နှင့်နှိုင်းပြထားပုံလေးကလဲ တွေးမိလေတိုင်းမှာ နက်နဲလာခဲ့ပြီး မိမိကိုယ်ကို ဆင်ခြေသုံးသပ်စရာတွေက ပို၍မြင်လာခဲ့ပါသည်။
မိုးလေ၀သ ဗေဒင်ဟော
တောက်တဲ့ ကိုလူချော
မည်သူက အလေးထား နားဆင်သည်ဖြစ်စေ ၊အလေးမထား နားဆင်သည်ဖြစ်စေ ကိုတောက်တဲ့ကတော့ သူ့အလုပ်ကို ပုံမှန်လှုပ်ရှားရင်း မိုးလေဝသ အခြေအနေကို ဖော်ညွှန်းနေမှာပါပဲ။ ဘယ်လိုပရောဂတွေပဲ လာလာ ကိုတောက်တဲ့ကတော့ မဖြုံ ၊သူ လုပ်သင့်၊လုပ်ထိုက်တာကို တာဝန်ကျေ လုပ်ဆောင်ပေးနေမှာပါပဲ။သူ့တာဝန်ကို ကျေပွန်စွာ ထမ်းနိုင်သူအဖြစ် ရပ်တည်နေမှာပါပဲ။
ငယ်ငယ်က တောက်တဲ့ အော်သံကြားရင် “ဒီနေ့ နေသာမယ်” ဆိုပြီး အော်ဟစ်ကာ ပျော်ရွှင်ခဲ့ဖူးသည်။ ပျော်ရွှင်ခဲ့ရကျိုးလဲ နပ်ပါသည်။ ကိုတောက်တဲ့၏ အော်သံသည် မည်သည့်အခါမှ သစ္စာမဖောက် ။ တသတ်မတ်တည်း မှန်ကန်လေ့ရှိခဲ့သည်ကို။ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်မိမိ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သော သစ္စာရှင်တောက်တဲ့အား ကိုလူချော ဟု ချီးချူးထောပနာ ပြုကာ တင်စားထားခဲ့ပုံလေးကို ခုချိန်ခါမှာတော့ သဘောပေါက်ခဲ့လေပြီ။
ပြောတိုင်းယုံတဲ့ ပုတ်သင်ညို
ခေါင်းညိတ်တတ်တယ်ဆို
ထိုအထဲတွင် မေသည် ထိပ်ဆုံက ပါဝင်နိုင်ကောင်း ပါဝင်နိုင်ပါသည်။ နှလုံးသားက နူးညံ့လွန်းကာ သနားကြင်နာ တတ်၍လား၊ အသိမကြွယ် ဥာဏ်ငယ်ငယ်မို့ ယုံလွယ်လွန်းတာလား ပြန်လည်ဆန်းစစ်ရပါအုံးမည်။ သို့သော် ထိုခေါင်းလေးကတော့ ညိတ်မြဲ ညိတ်စဲ ဖြစ်၍သာတည်း။ ထိုကဲ့သို့သော အားနည်းမှုမျိုး ရှိနေလျှင် အဘယ်မှာ တိုးတက်နိုင်မည်နည်း၊ အဘယ်သို့ အမှန်ကို ရှာဖွေတွေ့ရှိနိုင်မည်နည်း။ မိမိကိုယ်ကိုယ် ပြောတိုင်းယုံတတ်သည့် ပေါက်သင်ညိုလေး မဖြစ်ဖို့ လေ့လာသင်ယူ မာကြောတတ်ရပေအုံးမည်။အရာရာကို ဆန်းစစ်ဆင်ခြေနိင်ရပါအုံးမည်။
ရွှေကျီးညိုသာပါက
ဧည့်သည်လာပါမှ။
အိမ်သာရင် ကျီးသာတယ်။(ပထမ အိမ်သာ ဆိုတာက အိမ်တွင်းသာယာတာ ၊ဒုတိယ ကျီးသာဆိုတာက ကျီးတစ်ကောင်“ သာယာနာပျော်ဖွယ်အသံနှင့် သံသာတာ) ကျီးသာရင် ဧည့်လာတယ်လို့ ဆိုခဲ့ကြတယ်။ ဧည့်သည်ရောက်ရင် လာဘ်လာတယ်ဆိုပြီး ဧည့်သည်လာသည်ကို နှစ်ခြိုက်တတ်သည့် မြန်မာလူမျိုးများက ယူဆတတ်သည်။
အဘိုးအဘွားများ ပြောကြားခဲ့သည့် ဧည့်သည်လာရင် လာဘ်ကောင်းတယ် ဆိုသည့် စကားတစ်ခွန်းအပေါ် ဧည့်သည်တွေရောက်တိုင်း ဂုဏ်ယူဝမ်းသာခဲ့ဖူးသည်။
ဧည့်သည်လာရခြင်းသည် မိမိ၏ ပေါင်းသင်းဆက်ဆံရေးကောင်းခြင်း၏ သာဓကတစ်ခုဖြစ်နိုင်ပါသည်။ မိမိ၏ နေချင်စဖွယ် သာယာသော အိမ်ကြောင့် ဖြစ်နိုင်ပါသည်။ အကူအညီလို၍ ခေတ္တတည်းခိုရန်လည်း ဖြစ်နိုင်ပါသည်။ ထိုဧည့်သည်များထဲမှ မိမိအား ပြန်လည် ကူညီမှုတွေ ပေးနိုင်သလို အိမ်ရှင်အားကျေးစွပ်သည့် ဧည့်သည်များလဲ ပါဝင်နိုင်ပါသည်။
ခု လက်ရှိမျက်မှောက်ကာလအနေအထားအရ ၊မေတို့ဘိုးဘွားပိုင်တဲ့ မြေ၊မေတို့ရဲ့မြေ ၊ မေတို့နိုင်ငံကို မေတို့ အိမ်လို့ စို့ပါစို့။
မေတို့ အိမ်လေးသာယာစပြုလာပြီ ။ အိမ်လေးသာယာဖို့ အိမ်သူအိမ်သား အားလုံးမှာ တာဝန်ရှိပါသည်။ စည်းကမ်းရှိသော အိမ်သူအိမ်သားများအဖြစ် မိမိအိမ်လေး သာယာလှပအောင် စွမ်းဆောင်နိုင်ကြရမည်။ ထိုအိမ်လေးမှ ကောင်းခြင်းဂုဏ်သတင်းသည် သာသာယာယာ အော်နေသည့် ကျီးတစ်ကောင်အလား ဧည့်သည်များကိုဖိတ်ခေါ်နေလေပြီ။
ဧည့်လာလေ လာဘ်ကောင်းလေလို့ အဘိုးအဘွားတွေ ပြောခဲ့ဖူးသော စကားကြောင့် ဧည့်သည်လာတိုင်း ဂုဏ်ယူစွာ ပျော်ရွှင်ခဲ့ရတာကို အမှတ်ရနေမိ၏။ ခုချိန်ထိလည်း ထိုနည်းလည်းကောင်းပါပဲ။
သာယာသည့် အိမ်လေးထဲသို့ ဧည်သည်များ ရောက်ရှိလာအောင် မေတို့အိမ်သူအိမ်သားအားလုံး စည်းကမ်းရှိရှိ လှလှပပ နေထိုင်သွားရင် နာမည်ဂုဏ်သတင်းကျော်ကြားသည့် ရွှေကျီးလဲ သာပေတော့မည်။
မူရင်းကဗျာရှင်၏ အတွေးသည် ထိုသို့ ဖြစ်ခြင်မှ ဖြစ်နိုင်ပေမည်။ မေကသာ ထိုသို့ အတွေးပေါက်၍ ထိုသို့ ဖွင့်ဆိုခဲ့ပါသည်။ အမှားများရှိခဲ့လျှင် မေ၏ အမှားသာဖြစ်သည်။ မေကတော့ ထိုကဗျာလေးကို ကလေးဘဝကထက် ယခုလက်ရှိအချိန်တွင် ပို၍ နှစ်သက်မြတ်နိုးနေခဲ့ပြန်သည်။ မေ့ရင်ထဲမှာ စွဲပြီးရင်း စွဲနေမည့် ကဗျာတစ်ပုဒ်ဖြစ်ခဲ့ရလေပြီ။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်