(၁)
ရှေ့ မှာ ထိုင်နေတဲ့  ဒေါ်ကြည် ကို ကြည့်ကာ မိခက် သက်ပြင်းချလိုက်ပါတယ်။
" မိခက် ရယ်--ညည်းဟာလေ နာမည်အတိုင်း ငါ့ ကို အခက်တွေ့ အောင်အမြဲလုပ်တယ်"
အမေပြောနေကျ စကားလေး ကို နားအာရုံထဲ ကြားယောင်နေရင်း ခုတော့ မိခက်လည်း
အခက်တွေ့ နေပါပြီအမေရယ်လို့  အမေ့ကို တမ်းတမိတယ်။
ဒီမနက် အမေ ဆုံးတာတစ်လပြည့် ဆွမ်းသွတ် လုပ်ပါ တယ်။
ညနေစောင်းရှင်းလင်းပြီးတာနဲ့ဒေါ်ကြည်က မိခက်ကို သူတောပြန်နေတော့မယ့်  အကြောင်းပြောပါတော့တယ်။
“ဒေါ်ကြီးလည်း ပြောရတာ အားတော့နာပါတယ်မိခက်ရယ်၊ မမ ခင် မဆုံးခင်ကတည်းက ပြန်ဖို့  လုပ်ခဲ့ပေမယ့် 
မမခင် က အတင်းတားနေတာနဲ့ သူ့ ကိုသနားလို့ မပြန်ဖြစ်ခဲ့တာပါ”
သြော်---ဒေါ်ကြည်က ဒီအိမ် မှာ နေတာ အ မေ့ သံယောဇဉ် နဲ့ ကိုး လေ--
ခု အမေ မရှိတော့  သွားတော့မယ်ပေါ့ ။
မိခက် ကို တစ်ယောက်တည်း ထားသွားလည်း ရတယ် ထင်နေတာကိုး။
ဟုတ်လည်းဟုတ်တာပဲ၊ မိခက် ကလည်း အမေ ရှိစဉ်ကတည်းက ဒီအိမ်မှာ ကိုယ့် သဘောနဲ့ 
အရာရာ ကို ဆုံးဖြတ် လုပ်ကိုင်ပြီး အိမ်ထောင်ဦးစီး နေရာ ယူထားခဲ့တာ။
ဒေါ်ကြည်ဆိုတာလည်း အမေကသာ ခင်ခင်မင်မင်နဲ့ တိုင်ပင်ဖော်လို စကားတ တွတ်တွတ်ပြောနေပေမယ့် 
မိခက်က သိပ်အရေးလုပ်စကားမပြောဘဲ
ခပ်တန်းတန်းနေခဲ့တာပါ။ဒေါ်ကြည်နဲ့  မိခက် ရဲ့ ဆက်ဆံရေးက သူစိမ်းဆန်ပါတယ်။
ဒါပေမယ့်  ခု ဒေါ်ကြည် က ထွက်သွားမယ်ဆိုတော့ လည်း ၀မ်းနည်းအားငယ်တာလိုလို၊
အထီးကျန်သွားသလိုလို နဲ့ ရင်ထဲမှာ တမျိုးကြီး ဖြစ်နေပါတယ်။
အမေ့ ကို အမြဲပြောနေကျ မိခက်ရဲ့ လက်သုံးစကားဖြစ်တဲ့ --
ဥပေက္ခာ ပြုလိုက်မယ် --ဆိုတဲ့ စကားလေးနဲ့  တောင် ဖြေလို့မရဘူး။
ဒေါ်ကြည် က သူ့ သမီး အပြင်ထွက်ဈေးရောင်းမှာမို့  သူ့ ကိုအိမ်စောင့်ရင်း ကလေးထိန်းခိုင်းမလို့တဲ့ လေ-
ဒ်ါကြည်မပြန်ရင် သူ့သမီးလည်းအရမ်းကသီလင်တ ဖြစ်မှာတဲ့ --
ဒီလိုပြောလာတော့လည်း မိခက် မှာ တားရခက်နေပါပြီ။
ဒေါ်ကြည် မရှိတော့ရင် ဒီတိုက်ခန်းမှာ မိခက်တစ်ယောက်တည်း ကျန်ခဲ့တော့မယ်။
အကိုရင်း ညီမရင်းတွေ သက်ရှိထင်ရှားရှိပါရက်နဲ့ ခု မိခက် က အထီးကျန်တကိုယ်တည်း ဖြစ်နေတာ
အမေ မြင်ရင် မသနားဘဲ ဆူပူအပြစ်တင်မှာပါ။
အမေ ရေ--
ပြောစကားနားမထောင်ဘဲ အမေ့ ကို စိတ်ဆင်းရဲ အောင်လုပ်ခဲ့မိတဲ့  မိခက် ဖြစ်နေတာကို
လာကြည့်လှည့်ပါဦးအမေ ရယ်--
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၂ )
မိခက် မှတ်မိသလောက် ငယ်စဉ်ဘ၀ကတည်းက အဖေဆိုတာ မိခက်ရှေ့ မှာ ပေါ်လိုက်ပျောက်လိုက်နဲ့ ပါ။
အမေပြောတာကတော့  အဖေ က မိခက်တို့  မုန့်တွေအများကြီး စားရဖို့ ၊ အင်္ကျီလှလှ လေးတွေ ၀တ်ရဖို့ 
အမြဲ ခရီးသွားနေတာတဲ့ ။
အမေကသာပြောတာ ၊ အဖေ ကပြန်လာရင်လည်း မိခက်တို့ ကို ကြင်ကြင်နာနာ သိပ်မရှိသလိုပါပဲ။
သူများတွေ အဖေနဲ့ အမေနဲ့  မိသားစု စုံစုံလင်လင် ဘုရားသွားကြ ၊ လျှောက်လည်ကြ တဲ့ မြင်ကွင်းကို
မြင်ရရင် မိခက် စိတ်မကောင်းလို့ ကြိတ်ငိုရပါတယ်။
ကလေးဘ၀ကတည်းကမိခက်တို့ ကို ဂရုမစိုက်တဲ့  အဖေ့ ကိုလည်း မကျေနပ်ပါဘူး။
တခါတလေ အဖေ ခဏလေးလာပြီး ပြန်သွာတဲ့အခါ အမေ ငိုနေတတ်တာတွေ့ ရတော့ 
အဖေ ဟာ အမေ့ ကို သိပ်ရက်စက်တာပဲ လို့ တွေး မိတယ်။
စာတော်တဲ့ မိခက်က နှစ်စဉ် ကျောင်းမှာ ဆုပေးပွဲလုပ်တိုင်း ဆုသွားယူရရင် အဖေ မပါဘဲ အမေ နဲ့ 
့နှစ်ယောက်တည်း သွားရတာ ကို စိတ်ထဲ နာကျည်းမိတယ်။
“အမေရယ် ၊ အဖေ က လွန်လွန်းပါတယ်။ မိခက် ဆုယူတဲ့နေ့ လေးတောင် ပြန်မလာနိုင်ဘူးလား”
မိခက် က ဒီလို ပြောလိုက်ရင် အမေ့  မျက်နှာဟာ ညို့ မှိုင်းသွားပါတယ်။
အကို ဖြစ်တဲ့  ကိုဆက် ကတော့  ယောင်္ကျားလေးမို့  အဖေ ပြန်လာလာ၊ မလာလာ သိပ်ဂရုမစိုက်သလို
အပေါင်းအသင်း မက်တဲ့  ညီမလေး မိသက် ကလည်း သူ့ ဘာသာ သူငယ် ချင်းတွေ နဲ့  ဆော့ကစားရရင်
ထမင်းမေ့  ၊ ဟင်းမေ့ ပါ။
မိခက်ကသာ အမေ့ ကို အိမ်အလုပ်တွေ ကူလုပ်ရင်း အမေ့ မျက်နှာကို အကဲခပ်ရင်း အဖေ့ အကြောင်း ကို စဉ်းစားမိနေတတ်ပါတယ်။
ဒီလိုနဲ့ အလယ်တန်း လောက်ရောက်တော့  အဖေ့ မှာ ချစ်ခင်စရာ မိသားစု ဆိုတာ မိခက်တို့ ချည်းပဲ
မဟုတ်ဘူးဆိုတာ ရိပ်မိလာပြီး ဒီလိုဘ၀မျိုး
နဲ့ ရှင်သန်နေရတဲ့  အမေ့ ကိုလည်း သနားစိတ်နဲ့အတူ မိခက် ကြီးလာရင် အမေ့ ကို လုပ်ကျွေးရင်း
စိတ်ချမ်းသာအောင် ထားမယ်လို့  ဆုံးဖြတ်ချက် ချ လိုက်ပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၃ )
မိခက် ရှစ်တန်းနှစ် မှာ အဖေနဲ့ အမေ အကြီးအကျယ် ရန်ဖြစ်ကြပါတယ်။
“ကျမ ကို ဂရုမစိုက်ရင်တောင် ရှင် ကလေးတွေ မျက်နှာကိုတော့ ကြည့်သင့်တယ်”
“မင်းတို့ ကို ငါ ငွေအလုံအလောက်ပေးနေတာပဲမှတ်လား ခင်ခင် ”
“အော်--ရှင်က အချိန်တန် ပိုက်ဆံပေးလိုက်ရင် ရှင့် တာဝန်ကျေပြီထင်နေတာပေါ့ လေ
ကလေးတွေ အရွယ်မရောက်သေးခင် အဖေဆိုတာ ခေါ်စရာမရှိမှာစိုးလို့  ရှင့် ကို သည်းခံနေတာကို
အကောင်းထင်မနေပါနဲ့ ၊ ရှင့် လုပ်ရပ်တွေကို ပြင်လိုက်ပါ”
“အောင်မာ--မင်းကများရာရာစစ၊ မပြင်တော့ ဘာလုပ်ချင်လဲ၊ ကွာမလို့လား ၊
မင်း ငါ့ ကိုကွာလိုက်ပြီးရင် လာလုပ်စားမလဲ”
“ ရှင့် ပိုက်ဆံ စားပြီး စိတ်ဆင်းရဲနေရတဲ့ ဘ၀ ထက်စာရင် ကျမ လုပ်အားနဲ့  ရုန်းကန်ရှာဖွေပြီး
သားနဲ့ သမီးတွေကို ရှာကျွေးမယ် ”
အမေ ပြောတာတွေကြားလိုက်ရတဲ့ မိခက် ကတော့  အမေ့ စကားကိုထောက်ခံမိပါတယ်။
နောက်ဆုံးတော့  တကယ်ပဲ အဖေ နဲ့ အမေ တရားဝင် ကွာရှင်းလိုက်ကြပါတယ်။
အဖေက မိခက်တို့ နေတဲ့ နှစ်ထပ်အိမ်ကြီးနဲ့  ကားတစ်စီး အမေ့ အတွက် ထားခဲ့ပြီး အပြီးအပိုင် ကျောခိုင်းသွားပါတယ်။
အဖေ ထွက်သွားတော့  ကိုဆက် က ယောင်္ကျားတန်မဲ့ မျက်ရည်ကျ သလို မိသက်ကလည်း ရှိက်ကြီးတငင် ငိုပါတယ်။
မိခက် ကတော့  ကျောခိုင်း ထွက်ခွာသွားတဲ့ အဖေ့ ကျောပြင်ကို နာကြည်းစွာ ကြည့်ရင်း
မိခက်ဘ၀မှာ အဖေ ဆိုတာ မလိုအပ်တော့လို့ မေ့ ပစ်ဖို့  ဆုံးဖြတ်လိုက်ပါတယ်။
မိခက်ရဲ့ နုနယ်တဲ့ နှလုံးအိမ်မှာ ဥပေက္ခာ ဆူးလေးတချောင်း စ ပြီးဆူးသွားပါပြီ။
အမေ့ အတွက် အကောင်းဆုံး ဖြစ်ဖို့  ဘာလုပ်ပေးရမလဲပဲမိခက် စဉ်းစားပါတော့တယ်။
ညဘက် အမေ့ ကို မိခက်စိတ်ကူးလေးပြောပြမိပါတယ်။
“ခုဆို အမေ က သမီးတို့ မောင်နှမ တွေ အတွက် ပိုက်ဆံရှာရတော့မယ်နော်”
“ဟုတ်တယ်မိခက်၊ သမီးတို့ ကို မျက်နှာမငယ်ရအောင်အမေ ကြိုးစားရှာရမယ်”
“အမေ ၊ မိခက်စဉ်းစားထားတာရှိတယ်၊သိလား”
“ပြောပါဦးသမီးရဲ့ ၊ညည်းက ဘာတွေစဉ်းစားထားတာလဲ”
“အော်-- ခု သမီးတို့ အိမ်လေးက လူစည်တဲ့ နေရာလေးဆိုတော့ ကုန်ခြောက်ဆိုင်လေး
ဖွင့် ရင်ကောင်းမလားလို့ ၊ အမေ လည်း အိုးမကွာ အိမ်မကွာ ဈေးထိုင်ရောင်းလို့ရတာပေါ့ 
မိခက်တို့ လည်း ကျောင်းအားရက် ကူမယ်လေ”
" ငါ့ သမီးလေးက တွေးတတ်လိုက်တာ၊ အမေ အားရှိသွားပြီ။
သားကြီးကတော့ ဒီနှစ် ဆယ်တန်းဆိုတော့  စာကျက်ပါစေကွယ်"
“ဟုတ်ကဲ့ ၊ ကိုဆက် စာကျက် ရင် သမီးပဲကူလုပ်ပါ့မယ်”
“လိမ္မာလိုက်တဲ့  ငါ့ သမီးလေး၊ ဒါပေမယ့်  ခုခေတ် ကုန်ခြောက်ဆိုင် တစ်ဆိုင်ရဲ့ 
အရင်းအနှီးကသေးတာမဟုတ်ဘူး၊
အမေ စုထားတာလေးက အဲဒီလောက်မရှိသေးဘူးသမီးရဲ့ ”
“သြော်--အမေ ရယ် ၊မိခက်က အားလုံး စီစဉ်ကြည့်ပြီးသားပါ။ ကား ကိုရောင်းလိုက်ပေါ”့
“အင်း--ဟုတ်တော့ဟုတ်သား ပဲ ၊ ကဲ ငါ့ သမီးလေးအားကိုးနဲ့  အမေ ကြိုးစားမယ် မိခက်ရေ”
မိခက် လက်ကို ဆုပ်ကိုင်ထားတဲ့  အမေ့ လက်ကို တင်းတင်းပြန်ဆုပ်ကိုင်ရင်းမိခက်ရင်ထဲမှာ
အားမာန်တွေ ၀င်ရောက်လာပါတော့တယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၄ )
စွန့် စားပြီး ဖွင့် လိုက်တဲ့ အမေ့ ကုန်စုံဆိုင်လေး ဟာ တကယ်ပဲ ရောင်းကောင်းလာပါတယ်။
ဒီလို ရောင်းကောင်းလာလေလေ မိခက် က ပင်ပန်းလာလေလေပါပဲ။
ကိုဆက် က စာတော်သလောက် နဲနဲကြီးကျယ်တယ်။ ဒီလို ဈေးရောင်းတဲ့ အလုပ်မျိုးကို သူမလုပ်ချင်ဘဲ
အင်ဂျင်နီယာကြီးဖြစ်ချင်တာပါ။
ဆယ်တန်းအောင်တော့ လည်း အမှတ်ကောင်းလို့ သူတက်ချင်တဲ့  ကျောင်းတော်ကြီးမှာ တက်ခွင့် ရပါတယ်။
အမေ ကလည်း တက္ကသိုလ်ကျောင်းသား သူ့ သားကြီးကို ဘာမှ မခိုင်းရက်တော့ အမေ ပင်ပန်းမှာစိုးတဲ့ 
မိခက်ပဲလုပ်ရပါတယ်။
ဆိုင်အလုပ်တွေ ပိနေပြီး စာမှန်မှန်မကြည့်နိုင်တော့လို့  မိခက် လည်း စာမေးပွဲတိုင်းကို အောင်ရုံလောက်
အဆင့် ပဲ ဖြစ်သွားလို့  ဆရာမတွေ သူငယ်ချင်းတွေက ပြောကြပေမယ့် မိခက် ကတော့ 
ဆိုင်ထဲမှာပဲ စိတ်ကိုနှစ်ထားလိုက်ပါပြီ။
ဆယ်တန်းကို ရိုးရိုးပဲအောင်တော့လည်း ၀မ်းနည်းမနေဘဲ အလွယ်ဆုံးမေဂျာတခု ယူပြီး အဝေးသင်တက္ကသိုလ်
တက်လိုက်တာပါပဲ။
ငယ်ငယ်က စိတ်ကူးယဉ်ခဲ့ဖူးတဲ့ တက္ကသိုလ်ကျောင်းသူ ဘ၀အရသာလေး မခံစားရတော့ပေမယ့်  မိခက် ဖြေပါတယ်။
အမေ မပင်ပန်းအောင် ၊အဖေ မရှိပေမယ့်  အားမငယ်ရအောင် မိခက် ကြိုးစားရမယ်။
အတန်းကြီးလာတော့  ကိုဆက် ကျောင်းစရိတ်က ပိုပိုကုန်လာပါတယ်။
ဒီကြားထဲ အလှမက်တဲ့ အပျိုပေါက်လေးမိသက် အတွက် အ၀တ်အစားဖိုး ၊ အလှပြင်ပစ္စည်းဖိုးတွေကလည်း
ကုန်တာပါပဲ။ဒါပေမယ့် မိခက် အမြဲ ကြည်ဖြူခဲ့ပါတယ်။
ငယ်ငယ်လေးကတည်းက ဖခင်မေတ္တာမရတဲ့ ညီမလေးကို မိခက် သိပ်သနားပါတယ်။
အမက အလိုလိုက် မှန်းသိတော့ မိသက်ကလည်း ဆိုးချင်ပါတယ်။
စာလည်းကောင်းကောင်းမလုပ်ချင်လို့  ပြောနေရတယ်။
ခုတလော မိသက် အလှတွေ အရမ်းပြင်လာလို့  အမေ့ ကို ပြောပြပေမယ့်  အမေက သူ့သမီးကို
ကလေးလေးလို့ ထင်ပြီး သိပ်ဂရုမစိုက်ပါဘူး။
မိခက် မှာသာ မိသက် ကျူရှင်က ပြန်ရောက်ချိန် မရောက်ရင် မျှော်ရတာအမောပါပဲ။
ကိုဆက်ကတော့ သူ့ ကျောင်းစာကလွဲရင် အိမ်အကြောင်းဘာမှ မစဉ်းစားပေးသလို ဘာမှလည်းကူမလုပ်ပါဘူး။
ကြာတော့ နေနိုင်လွန်းတဲ့ ကိုဆက် ကို မိခက် စိတ်နာချင်သလိုလို ဖြစ်လာပါတယ်။
ကိုဆက်ဟာ အကြီးဆုံးဖြစ်ပြီး သိပ်တကိုယ်ကောင်းဆန်၊ အတ္တကြီးတာပဲ။
ဒါပေမယ့်  ဘာမှမလုပ်ပေးသေးတဲ့ သားကိုချစ်လွန်း၊ အားကိုးချင်လွန်းတဲ့  အမေ့ ကြောင့် 
အကိုကြီးကို မကျေနပ်သမျှ မြိုသိပ် သည်းခံရင်း အလုပ်ကိုပဲ ကြိုးစားလုပ်နေလိုက်ပါတယ်။
အမေ နဲ့  မိခက် တက်ညီလက်ညီ ကြိုးစားမှုကြောင့် တဖြည်းဖြည်းနဲ့ မိခက်တို့ စီးပွားတက်လာပြီး
ကုန်စုံဆိုင်လေးကနေစတိုးဆိုင် အကြီးကြီး ထိ ဖြစ်လာပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၅ )
စီးပွားရေး အဆင်ပြေလာပြီး ပျော်ရွှင် ရတော့မယ့် အချိန်မှာမှ မိသက် က ထဖောက်ပါတယ်။
ဆယ်တန်းကျူရှင် တက်ရင်း သူ့ ရည်းစားကောင်လေးနဲ့  လိုက်သွားတာ အိမ်ပြန်မလာတော့ပါဘူး။
အဲဒီတော့မှ အမေ့ မှာ မျက်ကလဲဆန်ပြာ ဖြစ်ပါတော့တယ်။
တပတ်လောက်နေမှ မိသက်ကို ကောင်လေးမိဘတွေက လာပြန်အပ်ပါတယ်။
သူ့ ကောင်လေးမိဘတွေက ကုန်သည်တွေမို့  ပိုက်ဆံရှိပေမယ့်  ကောင်လေးက
စာလည်းကောင်းကောင်းမကြိုးစားဘဲ မိသက်လိုပဲ ဆယ်တန်းကို ၂နှစ်ကျထားတဲ့ သူပါ။
ဒီလိုကောင်လေးကိုမှ ကိုယ့်အိမ်ထောင်ဦးစီး အဖြစ်ရွေးရတဲ့ မိသက်ကို ဂရုဏာဒေါသော နဲ့ 
မိခက် က ဆူတော့ တခွန်းမခံ ကက်ကက်လန်အောင်ပြန်ရန်တွေ့ ပါတော့တယ်။
“မခက် နော် ၊ မိသက် လူ ကို ဘာမှပြောစရာမလိုဘူး၊ သူက အခြေအနေ မဲ့ နေတာလည်းမဟုတ်ဘူး၊
မိသက်တို့ ကို သူ့ မိဘတွေကကောင်းကောင်းမွန်မွန် မင်္ဂလာဆောင်ပေးပြီး ခေါ်ထားမှာတဲ့ ”
“မိသက်ရယ်၊ သူ့ မိဘရှိတာ သူရှိတာမှ မဟုတ်တာ ၊နောက်ပြီး သူ့ အမ ၃ ယောက်လည်းရှိသေးတယ်ဆို။
ဘယ်လိုစဉ်းစားပြီး ဒီလောက်လွယ်ရတာလဲဟယ်။
နင့် အသက် ခုမှ ၁၈ နှစ်ကျော်ရုံပဲရှိသေးတယ်နော်မိသက်”
“အို --တော်ပြီ ၊ ဘာမှလာမပြောနဲ့တော့ ၊မိသက် ဘ၀ မိသက်ရွေးချယ်မှုပဲ
မခက် ဘာမှ ၀င်ပြောနေစရာ မလိုပါဘူး။
ဘာလဲမခက် က မိသက် ကောင်းစားမှာ မနာလိုလို့ လား”
“ဘာာ၊ မိသက် နင် ဘယ်လိုပြောလိုက်တာလဲ ”
မိသက် စကားကြောင့်  စိတ်ထဲထောင်းခနဲ ဒေါသဖြစ်သွားပြီး ရင်ထဲမှာဆို့ နင့် သွားကာ
လူက ယိုင်ကျမလို ဖြစ်သွားပါသည်။
မိခက် သိပ်ချစ်ရတဲ့ ညီမလေး ရဲ့ နှုတ်က ထွက် တဲ့ စကားတဲ့လား-
သူ ကောင်းစားမှာ မိခက် က မနာလို ဖြစ်ရ ဦးမတဲ့ ။ကောင်းကြသေးရဲ့ လား-
“ဟဲ့ ၊ မိသက် ညည်းရိုင်းလှချည်လား ၊ ညည်းကို လုပ်ကျွေးနေတဲ့  ကိုယ့်အမကို ဒီလိုပဲပြောရသလားဟဲ့  ”
ပြောပြောဆိုဆို မိသက်ကို ရိုက်ဖို့ လက်ရွယ်နေတဲ့  အမေ့ ကို မိခက် တားလိုက်ပါတယ်။
“နေပစေ ၊ မရိုက်ပါနဲ့တော့ အမေ ၊ သူ့ သဘောထားကို သမီး နားလည်သွားပြီ”
မိခက် အေးစက်မာကျောစွာနဲ့  မိသက်ကို ကြည့်ကာ --
“ဒီမှာ မိသက် ၊ နင် က လူဖြစ်မယ် မကြံသေးဘူး နင့် ကို အရိပ်တကြည့်ကြည့်  နဲ့ စောင့်ရှောက်လာတဲ့ 
ငါ့ စေတနာ ကိုစော်ကားလိုက်တာပေါ့ လေ၊ ဟုတ်လား
ရတယ် မိသက်၊ နင့် ကို ငါ ဘာမှမပြောဘဲ ဥပေက္ခာ ပြုလိုက်ပြီ
နင် မှတ်ထားလိုက်တော့ ၊ နင်နဲ့ ငါ ဟာ ဒီနေ့ ကစပြီး ဘာမှမဆိုင်တော့ဘူးလို့  ”
“အို -သမီးရယ် ကိုယ့်ညီမလေးကို ဘယ်လိုပြောလိုက်တာလဲ”
“မခက် ၊ ဒီလိုတော့ မပြောပါနဲ့ ၊ မိသက်မှားသွားပါတယ်၊နော်--မခက်နော်”
အမေ နဲ့ မိသက် က၀ိုင်းပြောပေမယ့်  မရတော့ပါဘူး၊
အမေ က ငိုကြီးချက်မနဲ့ ခေါ်ပေမယ့် မိသက် မင်္ဂလာဆောင် ကိုလည်း မသွားတော့ပါဘူး။
မိသက်တို့ လင်မယား လာတောင်းပန်ပြီး ကန်တော့တာလည်း အတွေ့ မခံတော့ပါဘူး။
မိခက် မှာ ညီမ ဆိုတာ မရှိတော့ပါဘူး။
မိခက်ရင်ထဲကို ဒုတိယမ္မိ ဥပေက္ခာဆူး တစ်ချောင်းထပ်ဆူးသွားပါပြီ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၆)
ဒီလိုနဲ့  အကိုကြီးလည်းနောက်ဆုံးနှစ်ကျောင်းသားဖြစ်လာပြီး မကြာခင် အင်ဂျင်နီယာဘွဲ့  ရတော့ပါမယ်။
မိသက်လည်း သားလေးတစ်ယောက်ရနေပါပြီ။
မိခက်ကိုကြောက်လို့  အမေက သူ့ မြေးလေးကို ခိုးခိုးပြီးသွားတွေ့ ပါတယ်။
“အမေနော် ၊ အမေ့ သမီး က သူ့ ဘာသာ ယောက္ခမ အိမ်မှာပျော်နေတာ ၊ သွားမတွေ့ နဲ့ ”
“ဒီလိုလည်းမဟုတ်သေးပါဘူးမိခက်ရယ်၊
မိသက်ကယောင်းမတွေမျက်နှာကြည့်နေရတာပါအေ
အမေ သွားတော့ သူအားရှိတာပေါ့ ၊ သူက ညည်းဆီလာချင်နေတာ၊ ကိုယ့်တူလေးကို
မကြည့်ချင်ဘူးလားမိခက်ရယ် ၊ အိမ်ကိုလာပါစေ”
“မကြည့်ချင်ဘူးအမေ ၊ သူ က မိခက် ညီမ မဟုတ်လို့ သူ့ သားက မိခက်နဲ့ ဘာမှမဆိုင်ဘူး”
“ညည်းကလဲအေ၊ ကိုယ့်ညီမ ပြောတာလေးကို တစ်သက်လုံးနာနေတာလား”
“မိခက် မနာပါဘူးအမေ ၊ ဥပေက္ခာ ပြုလိုက်တာပါ။ မိခက် စိတ်ထဲ ရင်ထဲ အတွေးထဲမှာ နေရာမပေးတော့တာပါ။
အမေ မိခက်ကို ဒီလောက်တော့နားလည်ပေးပါ”
“ညည်းကတော့  ခက်ပါတယ်မိခက်ရယ်”
အမေ က မိခက် ကို ကြည့်ရင်းညည်းတွားလိုက်ပါတယ်။
ဒီလိုနဲ့ မိခက်တို့ စတိုးဆိုင်လေးလည်းရောင်းကောင်းလို့  မိခက် က အမြတ်ငွေတွေ စုပြီး အထည်ဆိုင်လေးပါ
တွဲ ဖွင့်ထားပါတယ်။
ကိုဆက် ဘွဲ့ ယူတဲ့ နေ့ ရောက်လာတော့  အမေ နဲ့ မိခက် အလှဆုံးပြင်ပြီး သွားကြပါတယ်။
ဘွဲ့ ဝတ်စုံနဲ့  ခန့်ညားနေတဲ့ ကိုဆက် ကို ကြည့်ရင်း ပြုံးနေတဲ့  အမေ့ ကို ကြည့်ပြီး မိခက်
ရင်ထဲမှာကြည်နူးလိုက်တာ။
အမေ့ ကို ဒီလို ပျော်နေတာပဲမိခက်မြင်ချင်တာပါ။
ဒါပေမယ့် မိခက်တို့ သားအမိနဲ့ ဓါတ်ပုံတွဲရိုက်နေတဲ့ အကိုကြီးကို အတင်းလက်ဆွဲ ခေါ်သွားတဲ့  မိန်းကလေးတယောက်ကြောင့်  အမေ့  အပြုံးတွေ အရောင်မှိန်သွားပါတယ်။
ကိုဆက် ချစ်သူ က ကိုဆက် ကို သိပ်နိုင်တယ် ဆိုတာ သဘောပေါက်သွားတဲ့ မိခက် ကတော့
အမေ့ ကို နှစ်သိမ့်လိုက်ပါတယ်။
ဘွဲ့ ယူပြီး၃ လအကြာလောက်မှာ ကိုဆက်က လက်ထပ်တော့မယ်ပြောတော့ မိခက်
မတုန်လှုပ်တော့ပါဘူး။သားကို နှမြောတ သ နေတဲ့  အမေ့ ကို နားချရပါတယ်။
“အမေ ရယ်၊ သူတို့ ချင်းအဆင်ပြေရင် ပြီးတာပဲမဟုတ်လား”
“မဟုတ်သေးပါဘူးအေ၊ အမေ နဲ့  ညီမ က မိန်းမသားတွေတန်မဲ့ ချွေးဒီးဒီးကျအောင်ရှာထားတာ နဲ့ ကျောင်းတက်ပြီး
ခုမှအလုပ်တောင်မ၀င်ရသေးဘူး၊မိန်းမယူတော့မတဲ့ ၊ငါရင်နာလိုက်တာ ”
အမေ ကသာရင်နာနေပေမယ့်  ကိုဆက်ကတော့ သူ့ ဆန္ဒ ကို ထုတ်ဖော်လာပါတော့တယ်။
“သားမင်္ဂလာဆောင်စရိတ်လိုတယ်အမေ ၊ သားကောင်မလေးအဖေက ဆောက်လုပ်ရေးကန်ထရိုက်တာလေ၊
လက်ထပ်ပြီးရင်သူ့အလုပ်တွေသားကို ပေးမှာတဲ့ ၊
ဒီတော့ သူ့ သမီးကို ဟိုတယ်မှာ ခမ်းခမ်းနားနား မင်္ဂလာဆောင်ပေးမှသဘောတူမယ်တဲ့ ”
“အလိုတော်၊ရာရာစစ မင်းက အလုပ်မရှိကိုင်မရှိဘဲ ဘယ်ပိုက်ဆံနဲ့  ဟိုတယ်ပေါ်တက်ပြီး
ဘယ်လို မင်္ဂလာဆောင်မှာလဲ ”
“အမေ ကလည်း၊ အမေ့ မှာ အိမ်ကြီးရော ဆိုင်ကြီးရောရှိတာပဲ”
“ဘာ--မင်းဘာပြောလိုက်တာလဲ ငဆက် ၊ ဒီဆိုင်ထဲမှာ မင်းလုပ်အားတစက်ပါလား ၊ မင်းမို့ ပြောရက်ပေတယ်”
“ဆိုင်ကတော့ထားပါ၊ ဒီအိမ်ကြီးက ကျွန်တော်တို့အတွက် အဖေ ထားခဲ့တဲ့ အမွေ ပဲမှတ်လားအမေ ။
ကျွန်တော့် ဝေစုခွဲပြီး မင်္ဂလာဆောင်စရိတ်ပေးပါ ”
သွေးအေးအေးနဲ့ အမေ မသေခင် အမွေတောင်းနေတဲ့  အမေ့ ရဲ့ ချစ်လှစွာသော သားကြီးကို
မိခက်ကတော့ အေးစက်စွာပဲကြည့်နေလိုက်ပါတယ်။
ကိုဆက် ဟာ တကိုယ်ကောင်းဆန်ပြီး အတ္တကြီးတတ်တာ၊သူ့ ဖို့ ပဲ သူသိတာ မိခက် က နားလည်ပြီးသားမို့ 
သိပ်မခံစားတော့ပါ။
အမေ့ ကို ဘာလုပ်ရမယ်ဆိုတာ မိခက်ပဲစီမံပေးလိုက်ပါတယ်။
“အမေ့သားက ပြောမရတော့မယ့် အတူတူ ဒီအိမ်ကြီးကိုပေါက်ဈေးနဲ့ ရောင်းပြီးသူ့ ဝေစု ပေးလိုက်ပါအမေ ။
မိခက်နဲ့  အမေ တိုက်ခန်းလေးတခန်း ပြန်ဝယ်ပြီးနေမယ်”
“ဒီဆိုင်ကရော”
“စတိုးဆိုင်ဖြုတ်လိုက်ပြီး ဗိုလ်ချုပ်ဈေးမှာမိခက် အထည်ဆိုင်လေးဖွင့်မယ်။
အစကတည်းကမိခက် အစီအစဉ်လုပ်ထားတာရှိတယ်။အတော်ဘဲ”
ဒီလိုနဲ့  အိမ်ကြီးကိုရောင်းပြီး ကိုဆက် ရဲ့ ဝေစု ပိုက်ဆံတွေကို သူ့ လက်ထဲတည့်ပေးရင်း
မိခက် ရင်ထဲမှာ အကိုဆိုတဲ့ အတ္တသမားတစ်ယောက်ကိုဖယ်ထုတ်လိုက်ပါတယ်
မိသက် အတွက် နှလုံးအိမ်မှာ တတိယမ္မိ ဥပေက္ခာဆူး တစ်ချောင်းထပ်ဆူးရပြန်ပြီပေါ့ ။
( ဇာတ်သိမ်းပိုင်း ဆက်လက် အားပေးဖတ်ရှုကြပါ။)