တရားမစောင့်သူ သုံးဦး
အေးချမ်းသော ဘုရင့်ဥယျာဉ်အတွင်းရှိ အရိပ်ကောင်းသော သရက်ပင်တစ်ပင်အောက်တွင် ဆရာနှင့် တပည့်တို့သည် စာသင်နေကြသည်။ တစ်ဦးက ခုံအမြင့်ပေါ်မှနေ၍ တစ်ဦးက မြေပြင်ပေါ်ကဖြစ်သည်။ ရုတ်တရက်ကြည့်လျှင် ခုံမြင့်ပေါ်မှလူသည် ဆရာဖြစ်၍ မြေပြင်ပေါ်မှထိုင်နေသူသည် တပည့်ဖြစ်သည်ဟု ထင်ရ သည်။ အမှန်မှာ အမြင့်ပေါ်မှ လူသည် တပည့်ဖြစ်သူ ဘုရင်ဖြစ်၍ အနိမ့်မှလူသည် ဆရာဖြစ်သူ အတိုင်ပင်ခံ ပညာရှိ အမတ်ကြီးဖြစ်သည်။ သူတို့၏ စာသင်ခန်းဖွဲ့စည်းပုံမှာ လွဲမှားနေသည်။
သရက်ပင်ပေါ်တွင် ညဦးထဲကရောက်နေသော သရက်သီးသူခိုးတစ်ဦးလည်း ရှိလေသည်။ သူသည် မိန်းမ၏တိုက်တွန်းစေခိုင်းချက်အရ ရောက်ရှိနေခြင်းဖြစ်သည်။ သူ၏မိန်းမသည် ဘုရင့်ဥယျာဉ်တွင်းမှ သရက် သီးမစားရလျှင် အခုချက်ချင်းကိုယ့်ကိုယ်ကိုသတ်သေမည်ဟု ဆန္ဒပြခဲ့လေသည်။ သူသည် မိန်းမ၏စကားကို လွန်ဆန်နိုင်သူ မဟုတ်ရကား ညအချိန်တွင် ဘုရင့်ဥယျာဉ်တွင်းသို့ တိတ်တဆိတ်ဝင်ရောက်ပြီး ခိုးယူလေတော့ သည်။ မိုးမလင်းခင် ဥယျာဉ်အပြင်သို့ မထွက်နိုင်ရကား သရက်ပင်ပေါ်တွင်ပင် ပုန်းအောင်းနေရလေသည်။ သူ သည် သရက်ပင်အောက်မှ အဖြစ်အပျက်အားလုံးကို တွေ့မြင်နေရသည်။
ရှင်ဘုရင်ကြီးမှ ဗေဒင်ပညာနှင့်ပတ်သက်၍ သင်ခန်းစာအချို့ကို သင်ယူနေခြင်းဖြစ်သည်။ ဘုရင်ကြီး ပုံမှန်အားဖြင့် အသိဉာဏ်ပညာနှင့် ပြည့်စုံသူသာဖြစ်သည်။ သို့သော် အခုလက်ရှိသင်ယူနေသော သင်ခန်းစာကို ဆရာဖြစ်သူက သင်ပေး၍မရနိုင်အောင်ပင် ဖြစ်နေ၍ ရှေးဆက်မတိုးနိုင်ပဲ ဖြစ်နေသည်။ ဆရာဖြစ်သူ အမတ်ကြီး လည်း စိတ်ညစ်နေလေသည်။ သင်ခန်းစာကို နည်းမျိုးစုံဖြင့် ချဉ်းကပ်ပြီးသင်ပြ၊ ဥပမာ၊ သာဓကများဖြင့် မည်သို့ ပင် နှိုင်းယှဉ်ပြီး သင်ကြားပေးစေကာမူ တပည့်ကား သေသေချာချာနားလည်သည့်ပုံ မပေါ်သေးပေ။ အမှန်အား ဖြင့် ဆရာနှင့် တပည့်တို့သည် တစ်ဦးကို တစ်ဦးလေးစားမှုနှင့် ရိုးသားမှုမရှိခြင်းတို့ကြောင့် ဖြစ်သည်။
ထိုအချိန်တွင် ရုတ်တရက် လူတစ်ယောက်သည် သရက်ကိုင်းကိုလွှဲပြီး သရက်ပင်ပေါ်မှ ဆင်းလာလေ သည်။ ဘုရင်ကြီးသည် သူ့ကို လုပ်ကြံမည့်သူဟုထင်ပြီး အလွန်ထိတ်လန့်သွားသည်။ သက်တော်စောင့်များမှာ လည်း လှုပ်လှုပ်ရှားရှားဖြစ်ကုန်ပြီး သူ့ကို ဖမ်းဆီးလိုက်ကြသည်။ သူခိုးအားစစ်မေးရာ သူ၏အစီအစဉ်ကို အမှန် အတိုင်း ပြန်ပြောပြလိုက်သည်။ သူခိုးမှာ အပြစ်ရှိသွားပြီဖြစ်သည်။ သူခိုးက ဆက်ပြောသည်မှာ “ကျွန်ုပ်သာ မဟုတ်၊ အရှင်မင်းကြီးတို့ ဆရာတပည့်နှစ်ယောက်လည်း အပြစ်ရှိကြောင်း၊ အရှင်မင်းကြီးသည် တပည့်တစ် ယောက်လိုက်နာရမည့် ရိုကျိုးမှုမရှိကြောင်း၊ ပညာရှိအမတ်ကြီးလည်း ပညာရှင်တစ်ယောက်၏ရိုးသားမှု ပျောက် ဆုံးနေကြောင်း” လျှောက်တင်လိုက်လေသည်။
ဘုရင်ကြီးသည် သူခိုး၏ရိုးသားဖြောင့်မတ်မှုကို သဘောကျသွားသည်။ ထို့ကြောင့် သူ့အား မြို့ဝန်ရာ ထူးခန့်အပ်လိုက်လေသည်။ ဘုရင်ကြီးလည်း မကြာမီရက်များအတွင်း ဗေဒင်ပညာများကို တတ်မြောက်သွား လေတော့သတည်။
ပညာရှိအမတ်ကြီးသည် “ တိုင်းပြည်တွင်းမှာ ရိုးသားမှုပျောက်ဆုံးနေသော
ပညာရှင်များ မည်မျှရှိနေသလဲ” ဟု တွေးနေမိသည်။