တောစောင့်နတ်များ
ရှေးသရောအခါက တောအုပ်တစ်အုပ်အတွင်းတွင် တောစောင့်နတ်နှစ်ပါးသည် မိမိတို့တောအုပ်ကို စောင့်ရှောက်လျှက် နေထိုင်ခဲ့ကြလေသည်။ အဆိုပါ တောအုပ်တွင် အလွန်ရဲရင့်သော ခြင်္သေ့နှင့် ကျားတို့သည် လည်း နေထိုင်ကြလေသည်။ တောအုပ်သည် မြေသြဇာကောင်းခြင်း၊ ရပ်ရွာများနှင့် မနီးမဝေးတွင်ရှိခြင်း သစ်များ၊ ထင်းများပေါခြင်း စသောအကြောင်းများကြောင့် အနီးဝန်းကျင်ရွာများမှလည်း သူ့ထက်ငါ လယ် ယာမြေများ ဖော်ထုတ်လုပ်ကိုင်ချင်နေကြသော မြေလွတ်မြေရိုင်းတစ်ခုလည်း ဖြစ်နေခဲ့သည်။ သို့သော် ခြင်္သေ့ နှင့် ကျားတို့ရှိနေခြင်းကြောင့် အနီးနားဝန်းကျင်ရှိ ရွာများမှ လူသားတို့သည် အဆိုပါ တောအုပ်သို့ ၀င်ချင်တိုင်း ၀င်၊ ထွက်ချင်တိုင်းထွက် မပြုလုပ်ရဲကြချေ။
ခြင်္သေ့နှင့် ကျားတို့သည် အသားစိမ်းများကိုသာ စားကြသည်။ ထို့ကြောင့် တောအုပ်တစ်ခုလုံး အသား စိမ်းအနံ့များ၊ အပုပ်နံ့များဖြင့် ညစ်ပတ်နံ့စော်နေလေသည်။ ထိုကဲ့သို့ ညစ်ပတ်နေခြင်းကို တောစောင့်နတ်တစ် ပါးက လုံးဝမနှစ်သက်ပေ။ ခြင်္သေ့နှင့် ကျားတို့သည် တောအုပ်ကိုညစ်ပတ်အောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ် ဆောင်နေသည်ဟု ယူဆနေသည်။ ထို့ကြောင့် အဆိုပါ တောစောင့်နတ်သည် သည်းမခံနိုင်တော့ပေ။ ခြင်္သေ့နှင့် ကျားတို့ကို ခြောက်လှန့်ပြီး တောအုပ်အတွင်းမှ မောင်းထုတ်ပစ်ဖို့ မိတ်ဆွေတောစောင့်နတ်ကို တိုင်ပင်လေ သည်။ မိတ်ဆွေတောစောင့်နတ်က “အပြန်အလှန် အကျိုးကျေးဇူးတရားအကြောင်း” ကို ရှင်းပြပြီး နှစ်သိမ့်ပေး လေသည်။ သို့သော် တောစောင့်နတ်သည် ကျယ်ကျယ်ပြန့်ပြန့် နားမလည်နိုင်ပေ။
မကြာမီရက်များအတွင်း အဆိုပါတောစောင့်နတ်သည် မိတ်ဆွေတောစောင့်နတ်ကို အသိမပေးဘဲ ကြောက်မက်ဖွယ်အသွင်သဏ္ဌာန်နှင့် ထိတ်လန့်ခြောက်ခြားဖွယ်အသံများပေးပြီး ခြင်္သေ့နှင့် ကျားတို့ကို တော အုပ်အတွင်းမှ မောင်းထုတ်လိုက်လေသည်။ ခြင်္သေ့နှင့် ကျားတို့လည်း အခြားတောအုပ်တစ်ခုအတွင်းသို့ ပြောင်း ရွှေ့သွားကြလေသည်။ အခြေအနေကို အကဲခတ်နေသော ရွာသားများသည် ကျားနှင့် ခြင်္သေ့တို့ တောပြောင်း သွားကြောင်း ရိပ်မိသွားကြလေသည်။ သူတို့သည် ပိုမိုသေချာချင်သောကြောင့် သတ္တိရှိသော မုဆိုးတစ်ဖွဲ့ကို တောအုပ်အတွင်းသို့ စေလွှတ်ပြီး စုံစမ်းခိုင်းကြလေသည်။ မုဆိုးအဖွဲပြန်လာသောအခါ ရွာသားများသည် သံသယမရှိ ရှင်းလင်းစွာသိလိုက်ကြသည်။ သူတို့ဘာဆက်လုပ်ရမလဲဆိုတာကိုလည်း ဆုံးဖြတ်ပြီးသား ဖြစ် ကြလေသည်။
အကွက်ကောင်း၊ နေရာကောင်းရရှိရေးအတွက် သူ့ထက်ငါ အပြိုင်ယာခုတ်သံများဖြင့် တောအုပ် တစ်ခုလုံး ဆူညံပွက်နေလေသည်။ တောစောင့်နတ်များသည် အခြေအနေမှန်ကို ရိပ်စားမိလေသည်။ ထို့ကြောင့် ခြင်္သေ့နှင့် ကျားတို့ကို အခုချက်ချင်းပြန်လာဖို့ သွားရောက်တောင်းပန်ခိုင်းလေသည်။ ခြင်္သေ့နှင့် ကျားတို့သည် တောစောင့်နတ်၏တောင်းပန်ကမ်းလှမ်းမှုကို ယဉ်ကျေးစွာပင် ငြင်းပယ်လိုက်ကြသည်။ မကြာမီ ရက်များ အတွင်းမှာပင် တောအုပ်တစ်ခုလုံး မီးအတိုက်ခံရပြီး လယ်ယာများအဖြစ်သို့ ရုတ်ချည်းပြောင်းလဲသွားလေ တော့သည်။
ဥဒဟို ၀င်ထွက်သွားလာနေသော လူစိမ်းများကိုကြည့်ရင်း တောစောင့်နတ်သည် “လက်ရှိအပြောင်းလဲ၏အကျိုးရလာဒ်သည် ဘယ်လိုဆက်ဖြစ်လာမည်နည်း” ဟူသော မေးခွန်း၏အဖြေသည် မည်သို့ရှိမည်နည်း ဟုလည်း သူ့ကိုသူ ပြန်မေးနေမိသည်။