ကျောင်းစာတွေနဲ့ မအားလို့ ဆိုပြီး အကြောင်းပြပြီးတော့ ရွှေမြို့တော်ထဲကို မရောက်တာတောင် တော်တော် ကြာနေပြီ ...။ အခုတော့ ကျွန်တော့် ရဲ့ မွေးရပ်မြေလေးကို လွမ်းလို့ ပြန်လာပြီဗျာ ...။ မွေးရပ်မြေလို့ ပြောတာက မြန်မာ Social Site တွေကို စရင်းနှီးပြီး ပို့စ်တွေ စရေး စတင်ဖြစ်ခဲ့တာ ဒီ ရွှေမြို့တော်ထဲက အစပြုခဲ့လို့ပါ ...။ နောက်ပိုင်းတော့ ဒီဘက်ကို မရောက်ဖြစ်တာ တော်တော့်ကို ကြာသွားပြီ ...။ ကောင်းသီဟကျော် ကို မှတ်မိတဲ့ သူ ရှိမှ ရှိပါဦးမလား မသိတော့ဘူး ...။ သိတဲ့ သူ မရှိတော့ရင်လည်း လူသစ်အနေနဲ့ ပြန်စရမယ် ထင်ပ ...။ ထားလိုက်တော့ ... အခုတော့ ရွှေမြို့တော် အဖွဲ့သားတွေကို ကျွန်တော် မောင်ကောင်း ပြန်ရောက်ပြီ ဆိုတဲ့ အကြောင်းကို ဒီပို့စ်လေးနဲ့ အသိပေးချင်လို့ ....။
* * *
မနေ့ညက စာအုပ်တစ်အုပ် ဖတ်ဖြစ်တယ် …။ ဆရာတက်တိုးရဲ့ စာအုပ် … ကမ္ဘာကျော်ဝတ္ထုတိုများနှင့် တက်တိုးဆိုတဲ့ စာအုပ် ..။ စာအုပ်ဖတ်ရင်း တစ်ဝက်လောက်ပြီးတော့ သူငယ်ချင်းဆီကို ဖုန်းဆက်တယ် …
(သူငယ်ချင်းတော့ မဟုတ်ဘူးပေါဗျာ သူငယ်ချင်းပေါ့ … အဲ့လောက်ဆို ပေါက်တော့ …)
ဘာလုပ်နေလဲ မေးကြည့်တော့ စာအုပ်ဖတ်နေတာတဲ့ …။ ဘာစာအုပ်လဲ ဆိုတော့ ဂျူး ရဲ့ နိုဝင်ဘာမိုး တဲ့
(ဘာတွေ ဆက်ပြောကြလဲ … လာမမေးနဲ့ သတ်ရင်သတ်ပစ်လိုက် မပြောဘူး … ဟီးးးးးးးးး )
ဖုန်းပြောပြီးသွားတော့ စာအုပ်နှစ်အုပ်နဲ့ ပတ်သတ်တဲ့ အတွေးဝင်လာတယ် …။ ကျွန်တော်ဖတ်နေတာက ကမ္ဘာကျော်ဝတ္ထုတို တွေကို ဆရာ့အမြင်နဲ့သုံးသပ်တင်ပြထားတာ …. ဂျူးရဲ့ စာအုပ်ကတော့ သီချင်းကောင်းကောင်း တွေအကြောင်း …။
အဲ့ဒီမှာ ကျွန်တော် လည်း သူတို့လို တစ်ခုခုကို သုံးသပ်တင်ပြချင်လာလို့ … ဘာအကြောင်း ဆွေးနွေးရင် ကောင်းမလဲ လို့ စဉ်းစားလိုက်တော့ … ကျွန်တော် ကြိုက်တဲ့ ရုပ်ရှင် ဇာတ်လမ်းလေးတွေကို သတိရမိတယ် …။
သူများတွေတော့ မသိဘူး ကျွန်တော်ကတော့ ရုပ်ရှင် ကားတွေကို တော်တော် ကြိုက်တယ်ဗျ …။ သီချင်းနားထောင်ရတာထက်ကို ပိုကြိုက်တယ် …။ အားပြီ ဆိုတာနဲ့ ဘာကားကြည့်ရင်ကောင်းမလဲလို့ အမြဲတမ်းရှာနေတာ …။ ဟဲဟဲ … ကိုယ်က မြန်မာဆိုပေမယ့် မြန်မာကားတော့ ကြည့်တာနည်းတယ် …။ မြန်မာကားကြည့်မယ့်အစား မြန်မာလိုဝတ္ထုတွေပဲ ဖတ်တယ်…။ (အဲ့ဒါက ပိုပီပြင်သလိုပဲ …) အခုနောက်ပိုင်းတော့ မြန်မာဇာတ်လမ်းတွေလည်း အဆင့်မြှင့်တင်ရေးတွေ လုပ်နေတယ်ပြောတယ် …။ အားမှ ကြည့်ပါဦးမယ် …။ ပြီးတော့ ကိုရီးယား ဇာတ်လမ်းတွဲတွေလည်း မကြည့်ဘူး …။ အတွဲများတယ် .. အချိန် အရမ်းပေးရတယ် …။ အဲ့ဒါတွေကြောင့် … ဒါပေမယ့် ကိုရီးယားဗီဒီယိုဇာတ်လမ်း လေးတွေတော့ ကြည့်တယ်…။ ဇာတ်လမ်းကျောရိုးလေးတွေ လှလို့ …။ ပြီးတော့ တင်ဆက်ပုံ Idea တွေကလည်း တော်တော်လန်းတယ် …။
ရုပ်ရှင်ကြည့်တာ ဖျော်ဖြေရေးတော့ ဖျော်ဖြေရေးပေါ့ဗျာ ဒါပေမယ့် ဇာတ်လမ်းရဲ့ အဓိက ပေးချင်တဲ့ Message က ဘာလဲ ဆိုတာကို သိအောင်ကြည့်ပါတယ် …။ ဒီအတိုင်း ဖျော်ဖြေရေးသက်သက်ပဲ ကြည့်မယ်ဆိုရင်တော့ ရုပ်ရှင်တစ်ကားကြာချိန် အချိန် ၂နာရီလောက်က နှမြောဖို့တော့ နည်းနည်းကောင်းတယ်ဗျ …။ အဲ့ဒါကြောင့် ရုပ်ရှင် ကြည့်ရင် တစ်ခုခု တော့ ကျန်အောင် အမြဲကြည့်တယ် …။ ပညာ တစ်ခုခု ပေါ့ဗျာ …။ တကယ်တော့ ဇာတ်လမ်းတိုင်းကတော့ ပညာ တစ်ခုခု အသိတစ်ခုခု ပါတတ်တာပါပဲ … ကိုယ်ရအောင် ရှာယူဖို့ပဲ လိုတာ …။ ရုပ်ရှင်ကြည့်တာကလည်း စာဖတ်သလိုပါပဲ …။ ဦးနှောဏ်က မျက်လုံးထဲမြင်နေရတဲ့ လှုပ်ရှားမှုတွေနဲ့ အတူ အမြဲတမ်းအလုပ်လုပ်နေရတာ …။ တချို့ ဇာတ်လမ်းတွေဆို မြင့်လွန်းတယ် …။ သူတို့ ဘာကို အဓိက ပေးချင်တယ်ဆိုတာ သိရခက်တယ် …။
(ဥပမာ Watch Men လိုဇာတ်ကားမျိုးပေါ့ဗျာ…)
ဟဲ ဟဲ … တကယ်ပြောချင်တာကို မရောက်တော့ဘူး …။ ကျွန်တော် အကြိုက်ဆုံးဇာတ်လမ်းလေးတွေကို မိတ်ဆက်ပေးမလို့ …။ အခု ပြောပြမယ့် ဇာတ်လမ်းလေးတွေက ကျွန်တော် ခဏခဏ ကြည့်ဖြစ်နေတဲ့ ဇာတ်လမ်းလေးတွေ …။ အဲ့ဒီဇာတ်လမ်းလေးတွေရဲ့ အဓိက ရည်ရွယ်ချက်က ဘယ်လို … ဆိုတာတွေကို ကျွန်တော်မြင်သလောက် တင်ပြပေးသွားပါ့မယ် ….။ ပုံမှန် မြင်နေကျ မဟုတ်တဲ့ ရှူ့ထောင့် တစ်မျိုးကနေ တင်ပြချင်လို့ပါ ….။
အခုပထမဆုံး အနေနဲ့
SAW
ဒီဇာတ်လမ်းလေးကို ကြည့်ဖူးကြရဲ့လား…။ ကြည့်ဖူးမှာပါ …။ နာမည်ကြီးဇာတ်လမ်းပဲ ..။ အခု လောလောဆယ် နံပါတ် ၇ အထိ ထုတ်လုပ်ရိုက်ကူးပြီးသွားပြီ …။ နောက်ထပ် တွေလည်း လာဦးမှာပါ …။ ဒီဇာတ်လမ်းလေး မှာ အဓိက အနေနဲ့ ကတော့ ...
Tobin Bell
Shawnee Smith
Cary Elwes
စတဲ့ မင်းသားမင်းသမီးတွေ ပါဝင်ထားကြပါတယ် … (တခြား အများကြီး ပါသေးတယ်... ပုံတွေ ရှာဖို့ အချိန် မရတော့လို့ )
ဇာတ်လမ်းလေးရဲ့ ပုံစံကို သိကြရဲ့လား …။ အသက် ၁၈ နှစ်အောက်တွေ မကြည့်ရလို့ ကန့်သတ်ထားတဲ့ ဇာတ်လမ်းတွေပါ …။ ဘာလို့လည်း ဆိုတော့ ဇာတ်လမ်းထဲမှာ သွေးသံ ရဲရဲ တွေပါတယ် လေ..။
(ကျွန်တော်ကတော့ ၆ တန်းလောက်ကတည်းက ကြည့်တာပဲ ဟိ … )
ပြီးတော့ နှလုံးအားနည်းတဲ့သူတွေလည်း မကြည့်သင့်ဘူးတဲ့ ..။ ဇာတ်လမ်းက သာမန်ကြည့်ရင်တော့ လူသတ်သမား…. Psyco Killer ဇာတ်လမ်း လို့ ထင်ဖွယ်ရာရှိပါတယ် …။ ဒါပေမယ့် ဇာတ်လမ်းမှာ လူသတ်သမား မပါပါဘူး …။ ဘယ်သူ က ဘယ်သူ့ကိုမှ မသတ်ပါဘူး …။ လောကကြီးရဲ့ အမှန်တရားတစ်ခုကို လက်တွေ့နားလည်အောင် ကိုယ်ခန္ဓာနဲ့ရင်းပြီးတော့ သင်ကြားပေးခြင်းပါ …..။ ရှုပ်သွားပြီလား …။ ကျွန်တော် ပြောတာတွေ မဟုတ်ဘူးလို့ ထင်နေပြီမို့လား ..။ အင်းလေ … ရေလည်အောင်ရှင်းပြရမှာပေါ့ …။
အရင်ဆုံး ဇာတ်လမ်းလေးရဲ့ နာမည်ကို အဓိပ္ပာယ်ဖွင့်ကြည့်ရအောင် …။ Saw ဆိုတာ ဘာအဓိပ္ပာယ်လဲ …။ See ရဲ့ Past tense Verb မြင်ခဲ့သည်ပေါ့နော် …။ ဇာတ်လမ်းပုံစံ အရတော့ မြင်ခဲ့သည် ဆိုတဲ့ အဓိပ္ပာယ် တော့ မဖြစ်နိုင်ဘူး …။ ဇာတ်လမ်းလေးရဲ့ အပိုင်း (၁) ပေါ့နော် …. အဲ့ဒီမှာ သံဖြတ်လွှ လေးနှစ်ချောင်းက တော်တော် အရေးပါတဲ့ နေရာက ပါလာတော့ … သြော် … ဇာတ်လမ်း နာမည် Saw ဆိုတာ လွှကို ဆိုလိုတာထင်တယ်လို့ အတွေးဖြစ်ပြန်တယ် …။ ဒါပေမယ့် ဇာတ်လမ်းကို ကြည့်လေလေ အဲ့ဒီ အတွေးမှားတယ် ဆိုတာ မြင်လာလေလေပဲ …။ နောက် နောက် အပိုင်း တွေက လွှ တွေမှ မပါတော့ဘဲ ..။ လွန်ခဲ့တဲ့ နှစ်လ လောက်တုံးကတော့ နောက်ထပ် အတွေး ဖြစ်မိပြန်တယ် …။ သေဆုံးသွားတဲ့ လူတွေ ဆီမှာ Jigsaw ကွက်ပုံစံလေး လုပ်ထားခဲ့တယ်လေ …။ ပြီးတော့ ရဲဖက်က လူတွေက အမည်မသိတဲ့ လူသတ်သမားကို Jigsaw Killer လို့ နာမည်ဝှက်သုံးကြလေတော့ … Saw ဆိုတာ Jigsaw ကွက် ကိုဆိုလိုတာလားပေါ့ …။ အဲ့ဒါလည်း မဟုတ်သေးပြန်ပါဘူး …။
တကယ်တော့ Saw ဆိုတဲ့ စကားလုံးလေးမှာ အဓိပ္ပာယ် သုံးမျိုး ရှိတယ်ဗျ ..။ ပထမက မြင်ခဲ့သည်ပေါ့နော် …။ ဒုတိယ က လွှ …။ အဲ တတိယ …။ တတိယ အဓိပ္ပာယ်ကိုတော့ သိတဲ့သူ နည်းမယ်ထင်တယ်ဗျ ..။ Saw ရဲ့ တတိယ အဓိပ္ပာယ်က …
_a condensed but memorable saying embodying some important fact of experience that is taken as true by many people_
ခြုံငုံပြီး ဆီလျော်အောင် ဘာသာပြန်ရရင် ……
လူအများက မှန်ကန်တယ် လို့ လက်ခံယုံကြည်ထားတဲ့ မှတ်မိလွယ်တဲ့ အတိုချုံ့ဆိုရိုး စကား
ပေါ့နော် ….. အဲ့လို ဘာသာပြန်ကြည့်လို့ရပါတယ် …။
တကယ်တော့ Saw ဇာတ်လမ်းတွေက တတိယ အဓိပ္ပာယ်ကို ယူပြီးတော့ နာမည် ပေးထားတာပါ …။
လူတွေက ဘာကို မှန်တယ်ထင်ပြီး လက်ခံထားကြတာလဲ ….. ?
ဇာတ်လမ်း ရဲ့ အဓိက အနှစ်သာရ က “အတ္တာဟိ အတ္တနောနထော” လို့ ပြောရင်ကို ရပါတယ် …။ မိမိ သည်သာလျှင် မိမိ ရဲ့ ကယ်တင်ရှင်ဖြစ်တယ် …။ ဘယ်သူ့ကိုမှ အားကိုးလို့ မရ …။ ဘယ်သူ့ကိုမှ မျှော်မှန်း ပြီး အကူအညီ တောင်းလို့ မရ …။ အဲ့ဒီ အဓိပ္ပာယ်ကို ပေါ်လွင် အောင် တင်ဆက်ထားတာပါ …။ အဓိဇာတ်ကောင် John Kramer ရဲ့ ပြောစကား တွေကို သေချာ နားထောင်ကြည့်ပါ …။ တကယ်မှန်ပါတယ် …။ လူတွေဟာ ကိုယ့်ဘာသာကိုယ်ပဲ ကယ်တင်နိုင်တယ် …။ ကိုယ့်ဘာသာကိုယ် ကယ်တင်ဖို့ အခွင့်အလန်းတွေ ရှိတယ် …။ ဒါပေမယ့် ပေးဆပ်ရမယ့် မဖြစ်စလောက်လေး တွေ အတွက် ကယ်တင်ဖို့ တွံ့ဆုတ်နေ့ကြတယ် …။ ဘ၀ကြီးကို အနစ်မွန်းခံကြတယ် ..။ ပြီးတော့ တခြား သူ တစ်ယောက်ယောက် က လာပြီး အကူအညီတွေ ပေးဖို့ကိုပဲ မျှော်လင့်တက်ကြတယ် …။ အဲ့ဒါတွေက မဖြစ်သင့်တာတွေပဲ ..။ မဖြစ်သင့်ဘူးဆိုပေမယ့်လည်း အနည်းနဲ့ အများတော့ လူသားတိုင်းရဲ့ အသိစိတ်မှာ ကိန်းဝပ်နေတာပါပဲ …။ တချို့ကတော့မှားမှန်းသိရက်နဲ့ အဲ့လို ပဲ ကျင့်သုံးနေမိကြတယ် ..။ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ မကြိုးစားကြဘူး …။ ဇာတ်လမ်း ရဲ့ သဘောတရားက ကျွန်တော်တို့ ဗုဒ္ဓဘာသာရဲ့ တရားတော်တွေနဲ့ ကိုက်ညီပါတယ် …။ အဲ ဇာတ်လမ်းပုံစံကတော့ အနိဌာရုံ ဖြစ်နေလေတော့ ကောင်းတော့ မကောင်းဘူးပေါ့နော် …။
ကဲ ဇာတ်လမ်းပုံစံလေးကို အကြမ်းဖျင်း ပြောကြည့်ရအောင် …။
John Kramer ဆိုတာက Engineer တစ်ယောက်ပါ …။ တကယ်တော်တဲ ပါရမီရှင် အင်ဂျင်နီယာတစ်ယောက် …။ ဒါပေမယ့် သူက ကင်ဆာရောဂါ ဝေဒနာသည် …။ Brain Cancer ပါ ..။ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ကယ်တင်နိုင်မယ် ဆိုတာကို သက်သေပြဖို့ အတွက် John က လူ တွေကို ဖမ်းပြီး သူကိုယ်ပိုင်တည်ဆောက်ထားတဲ့ Tools တွေနဲ့တပ်ဆင်ထားပြီး သူ့တို့ကိုယ်သူတို့ ကယ်တင်ဖို့ ကြိုးစားခိုင်းတာပါ …။ ဘာလို့ အဲ့ဒီလို လုပ်ဖြစ်သွားတာလဲ ဆိုတော့ သူ့ဇနီးသည် Jill Tuck ကြောင့်ပါ …။ ဒေါက်တာပါ … မူးယစ်ဆေးစွဲနေတဲ့ သူတွေကို ကူညီပေးတဲ့ သူပေါ့ …။ ဆေးစွဲတဲ့သူတစ်ယောက်ကြောင့် Jill ရဲ့ ကိုယ်ဝန် ပျက်ကျသွားပြီးတဲ့နောက်တော့ လူဆိုတာ ကိုယ့်ဘာသာကိုပဲ ကယ်တင်နိုင်မယ် … ဘယ်လို အခြေအနေရောက်ရောက် ..။ တခြားသူ ဘယ်သူကမှ ကယ်တင် မပေးနိုင်ဘူး …။ ဘေးလူတွေ လုပ်ပေးနိုင်တာက အားပေးဖို့ပဲ …။ အဲ့ဒါကို John က ပြောတော့ သူ့ဇနီး Jill ကလက်မခံလေတော့ … သက်သေပြတဲ့ သဘောနဲ့ လုပ်တာပါ …။
တကယ်တော့ John ဖမ်းတဲ့ လူ တွေ ဆိုတာကလည်း လောကကြီးမှာ အမှားတွေလုပ် အပြစ်တွေ လုပ်ထားပြီး … ကိုယ်လုပ်ထားတဲ့ အပြစ်တွေကိုလည်း သိတယ် .. သိသိကြီးနဲ့ ဆေးကြောရမှာကို ကြောက်နေ…. ခက်နေတဲ့ လူမျိုးတွေပါ …။ အဲ့လို လူမျိုးတွေကို အပြစ်ပေးတဲ့ သဘောပေါ့ …။ တခါတည်း သတ်ပစ်တာတော့ မဟုတ်ပါဘူး …။ သူတို့ကို အခွင့်အရေးပေးထားပါတယ် …။ ကိုယ်တိုင်လွတ်မြောက်နိုင်မယ့် အခွင့်အရေးပေါ့နော် …။ ဒါပေမယ့် လွယ်လွယ်နဲ့တော့ မရဘူးပေါ့ …။ ရင်းနှီးရတာလေးတွေ ရှိပါတယ် …။ အဲ့လိုမှ မလုပ်ဘူးဆိုရင် သေမယ်ပေါ့ …။ John ကတော့ အဲ့ဒါကို Test လို့လည်း ခေါ်ပါတယ် …။ Game လို့လည်း သုံးပါတယ် …။ နောက်ပိုင်း နောက်ပိုင်းတွေကျတော့ ပိုပိုပြီး အဆင့်မြင့်လာပါတယ် …။ Game ပွဲ လို ဖန်တီးပြီးတော့ စမ်းသပ်တာတွေ ဖြစ်လာပါတယ် ..။ ဒါပေမယ့် John က သူတို့ကို သေစေလိုတဲ့ ဆန္ဒမရှိပါဘူး …။ သူတို့ အပြစ်ကို သူတို့ သိပြီးတော့ ထိုက်တန်တဲ့ အပြစ်ကို ခံယူစေချင်ရုံပါ ..။ ဘာလို့ အဲ့လို ပြောရတာလည်း ဆိုတော့ … John က သူ့စမ်းသပ်မှုတွေက လွတ်လာတဲ့ သူတွေကို သူတို့ဘ၀ တဖန်ပြန်လည် ရပ်တည်နိုင်အောင် … အရင်က ဘာတွေ ဖြစ်ခဲ့ဖြစ်ခဲ့ သူတို့ ဘ၀ ပြန်လည်ရှင်သန်လာအောင် အများကြီး အကူအညီပေးလို့ပါပဲ …။ (ဇာတ်လမ်းကို သေချာကြည့်ရင် ဒီအကြောင်းတွေကို မြင်နိုင်ပါတယ် ) Reborn ပေါ့ဗျာ …။ ပြီးတော့ John ဖန်တီးထားတဲ့ Game မှာ လိုက်နာရမယ့် Rules တွေ ရှိတယ် …။ အဲ့ဒါတွေကို လိုက်နာရမယ်ပေါ့ …။
လူ့ဘ၀မှာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနိုင်မှ ကိုယ်လိုချင်တာကို မြန်မြန် ရနိုင်မယ် …
ဇာတ်လမ်းထဲက ကျွန်တော် သဘောကျတဲ့ စာသားလေးတစ်ခုပေါ့ …. အပြည့်အ၀ မဟုတ်တောင် ရာခိုင်နှုန်း တော်တော် များများ တော့ ထောက်ခံပါတယ် …
(ဘာလို့ 100% မထောက်ခံတာ လဲဆိုတော့ ကျွန်တော်လည်း လူငယ် တစ်ယောက်မို့ပါ … လူငယ်ဆိုတာ တစ်ခါ တစ်လေ စည်းမျဉ်းစည်းကမ်းတွေကို ဂရုမစိုက်တဲ့ အချိန်တွေလည်း ရှိတယ်လေ )
ဒီဇာတ်လမ်းလေးကို နောက်ထပ်ကြိုက်ရတဲ့ အကြောင်း ကတော့ ဇာတ်လမ်းဖန်တီးပုံပါ …။ လှည့်ကွက်တွေ မြှုပ်ကွက်တွေ ပြီးတော့ Engineer ကောင်းပီသတဲ့ John Kramer ရဲ့ အကွက်စေ့စေ့ စီစဉ်မှုတွေ … ပြီးတော့ ထောင့်ပေါင်းစုံကလှည့်ပတ်စဉ်းစားတက်ပုံတွေ … ။ ပြီးတော့ ရဲဖက်ဆိုင်ရာက စုံထောက် အေးဂျင့်တွေရဲ့ စဉ်းစားပုံ စဉ်းစားနည်းတွေ ..။ အရမ်းမိုက်တယ် …။ ပြီးတော့ ဇာတ်လမ်းထဲမှာ သုံးတဲ့ Tools တွေကလည်း တော်တော် လန်းတယ်ဗျ …။
ဒီဇာတ်လမ်းလေး က ကျွန်တော့်ကို အများကြီး ပညာ ရစေပါတယ် …။ တခြားသူတွေ အတွက်တော့ မသိဘူး ..။ ကျွန်တော် ကတော့ ဒီဇာတ်ကားလေးကို ခဏခဏ ပြန်ကြည့်ဖြစ်တယ် …။ ဇာတ်လမ်းထဲက စကားလုံးတွေကို သဘောကျလွန်းလို့ …။
ဒါပေမယ့် စိတ်မကောင်းတာ က … နောက်ပိုင်းဇာတ်လမ်းတွေ (အဓိက ကတော့ အပိုင်း ၅၊၆၊၇) ပေါ့နော် … ရိုက်တဲ့ ဒါရိုက်တာ ပြောင်းသွားလို့လား မသိဘူး …။ ဇာတ်လမ်းရဲ့ မူလ ပုံစံကနေ နည်းနည်းသွေဖယ် လာသလိုပဲ …။ အတ္တလေးတွေ ပါလာတယ် ..။ ကောင်းတာကတော့ ကောင်းဆဲပါပဲ …။
ကဲ သူငယ်ချင်းတို့ရေ … သူငယ်ချင်းတို့ရော ဇာတ်လမ်းကို ကြည့်ရင်းနဲ့ ဒီလို တွေးဖြစ်လားတော့ မသိဘူး ..။ ကျွန်တော်ကတော့ ဇာတ်လမ်းတစ်ခုကို ကြိုက်မိပြီဆိုရင် အဲ့လိုပဲ ဇစ်ဇစ်မြစ်မြစ် တွေးကြည့်မိတာ အကျင့်ပါနေလို့ …။ ကျွန်တော်ပြောပြတဲ့ အတွေးလေးတွေနဲ့ Saw ဇာတ်လမ်းတွေကို တစ်ခါ ပြန်ကြည့်ကြည့်လိုက်ပါဦး …။ မတူတဲ့ ရသကို ထပ်ခံစားရမှာပါ …။
နောက်ထပ် ဘာဇာတ်လမ်းတွေကို တင်ဆက်ပေးဦးမလဲဆိုတာ စောင့်ပြီး ဖတ်ပေးကြဦးနော် ….
အားလုံး ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ ….