`` ဒါဆို မင်းက မပြောဖြစ်ခဲ့ဘူးပေါ့..... ဟုတ်လား´´
`` ဟုတ်တယ် ဆရာ.. ပြောပြလိုက်ရင်သူလန့်သွားမှာ စိုးတာရယ်... အကုန်လျှောက်ပြောလိုက်မှာ စိုးတာရယ်
ဒါကြောင့် မပြောဖြစ်လိုက်ဘူး.....´´
`` မပြောတာ ကောင်းတယ်....ဒါ အတွင်းလူပဲ... အိမ်ထဲဝင်ထွက်တာ (၁၀)ယောက် မကျော်လောက်ဘူး....´´
`` ဟုတ်တယ်ဆရာ... ကျွန်တော်ထင်တာက blue tooth နဲ့ လွှင့်တဲ့ အသံကို လက်ခံမယ် ပေ(၁၀၀)အတွင်း
လေ...။ အဲဒီကနေတဆင့် blue tooth နဲ့ပဲ ထပ်လွှင့်မယ်...။ နောက်ထပ် ပေ(၁၀၀)အတွင်းကိုပေါ့...။ အဲဒီကနေမှ ကွန်ပြူတာက
လက်ခံပြီး ပို့ချင်တဲ့ဆီကို Auto Send လုပ်ထားတဲ့ သဘောပဲ.... ၊ ဒါကြောင့် ကျွန်တော် ပေ(၂၀၀)အတွင်းမှာသတိထားစောင့်
ကြည့်ချင်လို့ ဒီအတိုင်းလေးစက္ကူနဲ့ ပြန်ပိတ်ထားခဲ့တာ၊ လုပ်ထားတဲ့သူက အတိအကျကို ပြန်စစ်မှာပဲလေ..၊ဒါနဲ့ ကျွန်တော်တစ်ခု
စဉ်းစားမိတယ်ဆရာ...´´
`` အေး ပြောလေကွာ...´´
`` သူတို့ လုပ်ထားတဲ့ပုံစံ ကြည့်ရတာ မင်းသမီးကိုသတ်ချင်တာမဟုတ်လောက်ဘူး။ မင်းသမီးရဲ့ စကားတွေ
သိချင်နေတာလို့ ထင်တယ်....။ တခြားအကြောင်းအရာ ဘာရှိသေးလဲဆရာ.... ကျွန်တော် သိသင့်တယ်ထင်ရင် ပြောပြပါဦး....´´
`` တခြား အကြောင်းကတော့ နိုင်ငံရေးကိစ္စတွေပဲရှိနိုင်မယ်...။ ငါသေသေချာချာ မသိသေးဘူးကွ၊ မနက်ဖြန်
NSA ( National Security Agency ) ညွှန်မှူးနဲ့သွားတွေ့ရင် သူပြောတာနားထောင်ပြီးမေးခဲ့မယ်။ မင်းလည်း ရသလောက်တော့
စုထား သူနဲ့ ဆိုင်ဆိုင်မဆိုင်ဆိုင် နောက်ကွယ်မှာကြီးမားတဲ့ လှုပ်ရှားမှုတွေ ရှိလာနိုင်တယ်..။ ဒါနဲ့ ဟေးရောင်တစ်ခုပြောရဦးမယ်။
မင်းသမီးကအမေရိကန်စစ်စစ်မဟုတ်ဘူးပြောတယ်နော် ရသလောက်စုံစမ်းထားဦး၊သူ့အဖိုးက ကိုလံဘီယာလို့ပြောသံကြားတယ်´´
`` ဟုတ်ကဲ့ဆရာ... မှတ်ထားပါ့မယ်....။ နောက်တစ်ခုကလေ ကျွန်တော် မင်းသမီးရဲ့ အခန်းထဲမှာရော ဖုန်း
တွေရော စစ်ဆေးကြည့်ချင်တယ်.....´´
`` ဖုန်းကိုတော့ ခြေရာခံခိုင်းလို့ရတယ်၊ တခြား ဆားကစ်လဲ ထည့်လို့မရအောင်လုပ်ထားပြီးပြီ...။ အဓိကက
အခန်းနဲ့ ကားပဲ.... လူတွေကိုတော့ ရသလောက် ငါစောင့်ကြည့် ခိုင်းထားတယ်... သူ့အနားမှာ မင်းသံသယ၀င်တဲ့လူ မရှိဘူးလား´´
`` လောလောဆယ်တော့ စဉ်းစားလို့ မရသေးဘူး ဆရာ.. ဖြစ်နိုင်ရင်လဲ မစ္စတာ စမစ်နဲ့ ခြံစောင့် ဒင်နီပါလာ
နှစ်ယောက်ကိုတော့ စဉ်းစားတဲ့အထဲ ထည့်ထားတယ်။ ဒေါ်လီကတော့ သူ့အစ်မ ၀မ်းကွဲပဲလေ သံသယ ဖြစ်စရာတော့မရှိလောက်
ပါဘူး.... ဟုတ်တယ် မဟုတ်လား..´´
`` အေးအေး ကောင်းပြီကွာ....။ ဒီ ညစာ ငါရှင်းထားတယ်...။ မင်းပြန်ချင် ပြန်တော့လေ အလှပဂေးလေးရဲ့
လုံခြုံရေးကိစ္စ စဉ်းစားရဦးမယ် မဟုတ်လား..... ဟားဟားဟား......´´
`` အာ ..... ဆရာကတော့ လုပ်ပီ...´´ ပြောရင်း၊ ရယ်ရင်း ထထွက်လာခဲ့တယ်....။ ဆရာသမားကတော့
သူ့စကားသူ သဘောကျရင်း တဟားဟားရယ်ရင်းကျန်ရစ်ခဲ့တယ်။ အပြန်လမ်းတလျှောက်လုံး နီယွန်မီးတန်းကြီးတွေ တရိပ်ရိပ်နဲ့
ကျန်ရစ်နေခဲ့တယ်..။ ဇာတ်လမ်းကတော့ အရှုပ်ထုပ်ပဲ.....။ ဒါကို ဘာကြောင့်များ စိတ်ဝင်တစား ရှိနေမိတာလဲလို့ စဉ်းစားလို့မရ
ခဲ့ဘူး...။ အဆုံးသတ်ကိုတော့ လှအောင် ဖန်တီးထားမှ ဖြစ်တော့မယ်...။
မနက်မိုးလင်းတော့... ထုံးစံအတိုင်း လေ့ကျင့်ခန်းလုပ်.. ရေချိုး၊ အာရုဏ်ဆွမ်းကပ်၊ မနက်စာစားပြီးတော့
walther P-99 သေနတ်တစ်လက်ကို ချိုင်းကြားထဲ ထည့်လွယ်လာခဲ့တယ်...။ ပစ်ဖို့ခတ်ဖို့ထက် အရေးအကြောင်း အတွက်တော့
အမြဲတမ်းဆောင်ထားမှ ရတော့မယ်လေ...။ ဘာမှန်းမသိတဲ့ မာယာတောနက်ထဲကို ၀င်မှန်းမသိ ၀င်နေခဲ့မိပြီပဲ....။
အိမ်ရောက်တော့ အီတာက သွားစရာတစ်ခုရှိတယ်တဲ့...၊ အလုပ်မရှိရင် အတူတူလိုက်ခဲ့ပေးဖို့ ပြောတယ်။
အီတာနဲ့ ဒေါ်လီက ကား အနောက်ခန်းမှာ ထိုင်...။ ကျွန်တော်က ဒရိုင်ဘာလေးရဲ့ ဘေးမှာ ၀င်ထိုင်လိုက်တယ်။ ကားမှန်တွေက
အော်ရီဂျင်နယ်မှန်တွေပဲ...။ ကျည်ကာမှန်တွေနဲ့ လဲထည့်ရင်ကောင်းမယ်လို့ တွေးမိတယ်......။
မင်းသမီးနေတာက မစ္စစ္စပီပြည်နယ်ရဲ့ပင်လယ်ကွေ့ Gulfport ဆိပ်ကမ်းနားမှာ အခုသွားမှာက လူစီယားနား
ပြည်နယ်ရဲ့ Lake Pontcharain ရေကန်ကြီးနားကိုတဲ့.... MTV ရိုက်ရမယ်လို့ပြောတယ်၊ ကလေးများရံပုံငွေ စီးရီးမှာသီချင်းတစ်ပုဒ်
ဆိုပေးထားတယ်ပြောတယ်...။ ရိုက်ကူးရေး အဖွဲ့တွေကတော့ ကြိုရောက်နှင့်ပြီ....။ သူ့ရဲ့ သက်တော်စောင့် နှစ်ယောက်ကိုတော့
ရိုက်ကွင်းထဲကို ကြိုလွှတ်ထားတယ်တဲ့..။ ဂျူတီမ၀င်သေးတဲ့ကျွန်တော့်ကို မင်းသမီး ကြိုပြီးအပိုင်တွက်ထားတာကို မအံ့သြမိပါဘူး
ကျွန်တော်ကိုယ်တိုင်လည်း မင်းသမီးနဲ့ ပါတ်သက်တဲ့ ကိစ္စတွေကို မျက်ချေ ပြတ်လို့ မရတော့ဘူးလေ.. ။ သီးသန့် တာဝန်မခံရသေး
တာကိုပဲ ကျေးဇူးတင်ရမလိုလိုပေါ့.....။
အိမ်ကနေစထွက်ကတည်းက ဒရိုင်ဘာချာတိတ်က တောင်ဘက်ဟိုင်းဝေးလမ်းမကြီးကနေမောင်းလာခဲ့တာ
ဒီလို မနက်ပိုင်းတွေမှာတော့... မြို့တွင်းလမ်းတွေကတော့ ယာဉ်ကြော ပိတ်ဆို့နေလောက်ရောပေါ့။ (၇)မိနစ်လောက် ကားမောင်း
ပြီးတော့ Gulfport Centle Restaurant - 3 ကိုရောက်တယ်။ အားလုံး မနက်စာ စားကြတယ်။ မင်းသမီးကတော့အီလည်လည်
ဖြစ်နေလို့တဲ့ ဆန်းကွစ်ဖျော်ရည်နဲ့ ပေါင်မုန့်တစ်ချပ်ပဲစားလိုက်တယ်။ ကျွန်တော်ကတော့နက်စ်ကော်ဖီပဲပေါ့၊ ကျန်တာလည်းဘာမှ
သိပ်မစားတတ်ဘူးလေ။ သူတို့ စားနေကြတုန်း ကျွန်တော်ကားထဲပြန်ဝင်ပြီးဖုန်းဆက်သလိုလိုလုပ်ရင်းကားထဲမှာရှာဖွေနေမိတယ်
ကားအမိုး၊ မင်းသမီးထိုင်တဲ့နေရာ၊ ကူရှင်၊ စီယာတိုင်၊ ဒက်ရှ်ဘုတ်၊ နေကာ၊ တံခါး... အကုန်လုံး နီးပါး မျက်မြင် ကြည့်မိတယ်...။
မသင်္ကာစရာ ဘာမှမတွေ့ရဘူး....။ အီတာ လမ်းမှာပြောခဲ့တာက ဒရိုင်ဘာကောင်လေးက ဒီကားကြီးကို သူ့ချစ်သူလိုပဲတဲ့ အမြဲ
တသသ လုပ်နေတာတဲ့...။ ဒါဆိုရင်တော့ တော်ယုံလူ ကပ်လို့ မရဘူး ဆိုတဲ့သဘောပါ့... ကောင်လေးဂရုစိုက်ထားမယ်လေ။
သူတို့ကိုစောင့်ရင်း (၁၀)မိနစ်လောက် အချိန်ရတော့ကားကိုမျက်မြင်စစ်ဆေးနိုင်ခဲ့ပေမဲ့ Unseen တွေလည်း
ရှိနေနိုင်သေးတယ်....။ သူတို့ပြန်လာတော့ ကျွန်တော် ဖုန်းဆက်ချင်ယောင် ဆောင်နေလိုက်တယ်...၊ အဲဒီကနေရေကန်ကြီးအထိ
(၂)နာရီလောက်မောင်းရတယ်...။ ဟိုင်းဝေး လမ်းမကြီးတွေမှာ စိတ်ကြိုက်မောင်းနိုင်ပေမဲ့... မြို့တွင်းမှာတော့ သတ်မှတ်မိုင်နှုန်း
ကျော်လို့မရဘူးလေ....။ စက်တွေ CCTV တွေနဲ့ ဖမ်းထားတာ ပြေးလို့ကို မလွတ်ဘူး...။ ကောင်လေးကလည်း ကားမောင်းတာ
တော်တော်ကို ကျွမ်းကျင်ပါတယ် ။ ငြိမ့်ညောင်းတယ်... သေချာတယ်။ ဒါပေမဲ့ လျှပ်တပြက် အရေးပေါ် အတွေ့အကြုံ ရှိမှာတော့
မဟုတ်လောက်ဘူး...။ နောက်မှ တဖြည်းဖြည်းသင်ပေးရဦးမယ်...။ ဌာနမှူးလောက် မမောင်းနိုင်ပေမဲ့ ကျွန်တော်လည်း ကားကို
စက်ဘီးသုံးသလိုတော့... သုံးနိုင်ပါသေးတယ်... အရေးပေါ်အတွက်ပေါ့.....။
Lake Pontcharain ရေကန်ကြီးကို ရောက်တော့ မင်းသမီးအတွက် ရိုက်ကွင်းက အသင့်......။ အဲဒီမှာ
မစ္စတာ စမစ်နဲ့ သက်တော်စောင့်(၂)ယောက်ကိုလည်း အသင့်တွေ့ရတယ်..။ ကျွန်တော်ကတော့ မသိသလိုနေပေမဲ့ ကိုယ်ရံတော်
(၂)ဦးက သိပ်မကြည်လင်သလိုကြည့်နေကြတယ်။ သိပ်တော့ဂရုစိုက်စရာမရှိပါဘူး၊ ဒီကောင်တွေက ကျွန်တော့်အတွက်တော့
အန္တရာယ် ပေးနိုင်တဲ့ အဆင့်မဟုတ်ပါဘူး... ကလေးသာသာပေါ့...။
ဝန်းကျင်နဲ့ ရိုက်ကွင်းကိုသေသေချာချာ တစ်ပတ်ပတ်ကြည့်လိုက်တယ်။ သေချာလောက်တဲ့ ပစ်ကွင်းက
မရှိဘူး....။ နောက်ပြီး ရုပ်ရှင် အဖွဲ့သားတွေလည်း သူ့အလုပ်နဲ့သူ ရှုပ်နေကြတယ်....။ မသင်္ကာစရာ မတွေ့ပါဘူး....။ နောက်ပြီး
မစ္စစ္စပီ ရဲတပ်ဖွဲ့က လူအင်အား (၃၀)လောက်နဲ့ လှည့်ကင်းယာဉ်၊ အရေးပေါ် ရှင်းလင်းရေးယာဉ်နဲ့ လူနာသယ်ယာဉ်တွေလည်း
စီစဉ်ပေးထားတယ်....။ နောက်ပြီး NGO အဖွဲ့တွေလည်း တွေ့ရတယ်...။ သတ်မှတ် ကဒ်တွေကိုလည်း ကိုယ်စီချိတ်ဆွဲထားပြီး..
အဖွဲ့လိုက် တူညီတဲ့အပေါ်ဝတ် အင်္ကျီတွေလည်း ၀တ်ထားကြတယ်...။ စိတ်ချရတဲ့ အနေအထားပါပဲ....။
မင်းသမီးက ကလေးသူငယ် လူကုန်ကူးမှုကို အခြေခံတဲ့ သီချင်းလေးတစ်ပုဒ်ကို ဇာတ်ဝင်ခန်းမှာ ထည့်
သွင်း ရိုက်ကူးနေတယ်...။ မင်းသမီးရဲ့ သရုပ်ဆောင်မှုနဲ့ ကလေးသူငယ်လေးတွေရဲ့ သရုပ်ဆောင်မှု....။ နောက်ပြီး ဒါရိုက်တာရဲ့
ညွှန်ကြားမှုနဲ့ ရုပ်ရှင်အဖွဲ့သားတွေရဲ့ဆောင်ရွက်မှုတွေက ကြည့်လို့ မရိုးနိုင်အောင်ပါပဲ...။ ရိုက်ကွင်းကိုလည်းကြည့်ရင်း...။ သရုပ်
ဆောင်တာလည်း Lake Pontcharainတံတားကြီးကိုလည်း ကြည့်ရင်းနဲ့ မြန်မာပြည်က စစ်ကိုင်းတံတားကြီးနဲ့ စစ်တောင်းတံတား
ကြီးတွေကို သတိရမိသေးတယ်။ တံတားကြီးက ရေကန်ကြီးထဲကို ထိုးဝင်သွားတာ ကမ်းစပ်ကို မမြင်ရဘဲနဲ့ရေထဲမှာတင်ပျောက်
သွားတယ်..။ ဒီလို ခိုင်ခန့် လှပတဲ့တံတားကြီးတွေကို မြန်မာ ပြည်မှာလည်း ရှိစေချင်လိုက်တာ.....။
ကင်မရာအကြီး (၃)လုံး၊ အသေး(၁၀)လုံးလောက်နဲ့ (၄)ကြိမ်လောက်အပြန်ပြန် အလှန်လှန်ရိုက်ပြီးတော့
ရေကန်ကြီးမှာ ရိုက်တဲ့ မင်းသမီးရဲ့ ဇာတ်ဝင်ခန်းက ပြီးသွားပြီ....။ အချိန်က ညနေ(၄)နာရီထိုးတော့မယ်....။ အပြန်(၆)နာရီကျော်
ကျော်လောက်မှ အိမ်ပြန်ရောက်တော့မယ်....။ အိမ်ရောက်ရင် မင်းသမီးက ညစာ အတူစားခိုင်းဦးမှာလား...လို့ မဆီမဆိုင်အတွေး
လှလှလေးတွေးဖြစ်သေးတယ်....။ တာဝန်တွေကြားထဲမှာ ကွဲပြားခြင်းတွေ တစ်ပွေ့တပိုက်နဲ့ မင်းသမီး ၀င်ရောက်လာမှာကို.....
ဘာကြောင့်များ... ကျွန်တော် ကြောက်နေမိပါလိမ့်....။
ကျွန်တော် သက်တော်စောင့်...... (၈)သို့