ဒီနေ့ အောက်တိုဘာ (23)
ဘာလိုလိုနဲ့ အချိန်တနှစ်ကုန်ပြီး အသက်တွေလဲ တနှစ်ကြီးသွားခဲ့ပြီ..။
ဝမ်းနည်း ၀မ်းသာမှု့တွေနဲ့ ပုတ်ခတ် ငြိမ်သက်မှု့တွေကြားထဲမှာ
အဆိုးတွေထဲက အကောင်းဆုံးကို ရွေးချယ်နေရတုန်းပဲ
ဘ၀ကတော့ မရေရာသေးပဲ ဟိုမရောက် ဒီမရောက်ရှိနေဆဲပေါ့...
တကယ်တော့ မွေးနေ့ဆိုတာ ကို
သတ်သတ်မှတ်မှတ်နဲ့ ကျယ်ကျယ်ဝန်းဝန်းတခါမှ
မကျင်းပ ခဲ့ဖူးပါဘူး...။
မြတ်ဘုရားမှာ ဆုတောင်းပြီး
အဝေးတနေရာမှ အဖေနဲ့အမေ့ကို ကန်တော့ရင်း အရင်းနှီးဆုံး
သူငယ်ချင်းတွေရဲ့ Happy birthday ဆိုတဲ့ စကားတွေနဲ့ ပျော်ရွှင်
ကြည်နူးခဲ့ရတာပေါ့...
အခုဆို...ဘာလိုလိုနဲ့ တနှစ်ကုန်လို့ တကျော့ပြန်လည်ခဲ့ပြီလေ...
ပထမဆုံးအနေနဲ့
ကျနော်ကို လူ့လောကထဲရောက်အောင်
မီးရှူးသန့်စင်ပေးခဲ့တဲ့ အမေ့ကို ကန်တော့ပါ၏...။
နေပူထဲမှာ ချွေးတလုံးလုံးနဲ့ သူ့ဘ၀ကို စတေးခံပြီး
ကျနော်အတွက် ဘွဲ့လက်မှတ်တခု ပိုင်ဆိုင်ခွင့် ပေးခဲ့တဲ့
အဖေ့ကို ကန်တော့ပါ၏...။
ဘ၀သံသရာ အဆက်ဆက်က မိဘဟောင်း ဆရာဟောင်နှင့်
ယခုဘ၀ သင်ဆရာ မြင်ဆရာ ကြားဆရာအားလုံးကိုလဲ
ကျနော် ဒီနေရာကပဲ ကန်တော့ပါ၏...။
ကျနော်ကို ဒီဘ၀ထိရောက်အောင် တွန်းပို့ပေးခဲ့
ကျေးဇူးရှင်အားလုံးနှင့် ရိုသေခံထိုက်သူအားလုံးကိုလဲ
ကန်တော့ပါ၏...။
" ကျွန်ုပ်၏ မွေးနေ့ဆုတောင်း "
လူဆိုတာ တနေ့သေရမှာ
မသေခင်ခဏ ဤဘ၀မှာ
တိုင်းပြည်အကျိုး ပြည်တန်ဖိုးကို
တဖက်တလမ်း တာဝန်ထမ်း၍
ဆထက်ထမ်းပိုး ဂုဏ်ရည်တိုးအောင်
ပေးဆပ်နိုင်ရ ပါလို၏...။
လူဆိုတာ တနေ့သေရမှာ
မသေခင်ခဏ ဤဘ၀မှာ
ဘာသာတန်ဖိုး သာသနာကျိုးကို
တက်အားသရွေ့ ကူညီပေး၍
ဘုန်းတန်ခိုးရောင် ထွန်းလက်လာအောင်
စွမ်းဆောင်နိုင်ရ ပါလို၏...။
လူဆိုတာ တနေ့သေရမှာ
မသေခင်ခဏ ဤဘ၀မှာ
အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ကို
လက်ဆယ်ဖြာခိုး ဦးထိပ်မိုး၍
ယုယကြင်နာ ပြုစုရကာ
ကျေးဇူးဆပ်ခွင့် ရပါလို၏...။
လူဆိုတာ တနေ့သေရမှာ
မသေခင်ခဏ ဤဘ၀မှာ
များလူသတ္တ၀ါ လူ့ပြည်ရွာ၌
အများအကျိုး သယ်ကာပိုးပြီး
အမှန်အမှား ခွဲပိုင်းခြားကာ
ရှေ့ဆောင်လမ်းပြခွင့် ရပါလို၏...။
လူဆိုတာ တနေ့သေရမှာ
မသေခင်ခဏ ဤဘ၀မှာ
.................
......................
...............................
ကျွန်ုပ်တောင်းဆုတွေ ပြည့်ရပါလို၏....။
ငဖြိုး (23.October.2012)
PS... Birthday wishes ပို့ပေးကြသော သူငယ်ချင်းများအားလုံးကို
အထူးကျေးဇူးတင်ပါ၏...။
↧
" ကျွန်ုပ်၏ မွေးနေ့ဆုတောင်း "
↧