အလုပ်တွေ မအားလပ်လို့မြို့တော်ထဲက သူငယ်ချင်း တွေ နဲ့ စာချစ်သူ မိတ်ဆွေ များနဲ့ အဆက်သွယ် ပြတ်နေခဲ့ရပါတယ်။ခု တစ်ခါတော့ ကျနော့် ကတိအတိုင်း (ညမွှေးပန်းရနံ့ရလေတိုင်း(ဆန်းကြယ်ပရလောက) ကိုယ်တွေ့ဖြစ်ရပ်မှန်) ဇာတ်လမ်းလေးကို ရေးဖွဲ့တင်ပြ လိုက်ရပါတယ်။ ပုဏ္ဏာဘကွန်း
.........................................................................................................................................................
ပူအိုက်လှတဲ့ နွေရာသီရဲ့ ညနေပိုင်းလေးမှာတော့ ပုဏ္ဏားတို့ ဘော်ဒါတစ်ဖွဲ့ ရွာနောက် ဘက်က စိန်သီး အရက်ဆိုင်မှာ ရေချိန်ကိုက်နေလေသည်။ စကားတွေကလည်း မူးကြောင် ရူးကြောင်နိုင်လှစွာ တစ်ယောက်တစ်ပေါက်နှင့် ဆူညံနေပေတော့၏။မနက်ဖန် ဆယ်တန်းအောင်စာရင်းထွက် မှာမို့ အကြို ဂုဏ်ပြုပွဲ လုပ်ပြီး အောင်ပွဲ ခံတာလေ....။သောက်လိုက်စားလိုက်နဲ့ ကောင်းနေလိုက်ကြတာ အချိန်ကုန်မှန်းပင်မသိလိုက်။စိန်သီး ကဆိုင်ပိတ်တော့မယ် ဆိုမှ အချိန်ကို ကြည့်လိုက်တော့ ၉း၀၀ နာရီ ထိုးနေမှန်း သိလိုက်လို့ လက်ကျန်မြန်မြန် ရှင်းပြီး လူခွဲလိုက်ကြသည်။ဟိုကောင်တွေကတော့ သူတို့ အိမ်သူတို့ပြန်ပေါ့။ကျနော်ကတော့ ကိုအေးမောင်တို့ ဗွီဒီယို ရုံဘက်သို့  သိုင်းကွက်နင်းပြီး ထွက်လာခဲ့သည်။ဟုတ်တယ်လေ ဒီအချိန်ဆို ဗွီဒီယို ပြီးလို့ လူတွေပြန်ကြပြီ ။ထိုအထဲမှာ ကျနော့ ချစ်သူ မိသွယ် လည်းပါတယ်လေ။သူလည်း ကျနော့လိုပဲ ဆယ်တန်းဖြေထားတယ်။နက်ဖန် အောင်စာရင်း သွားကြည့်ရင် အတူတူ စက်ဘီးနဲ့ သွားမယ်....... သူစက်ဘီး ညကတည်းက လာယူထားဆိုလို့လေ......။သိပ်သောက်မလာနဲ့တဲ့။ကျနော်ကလည်း သူ့စကားသိပ်နားထောင်တယ်...ခု လမ်းတောင် မနည်းမှန်မှန်လျှောက်နေရတယ်။ကျုပ်ချစ်သူက တောသူဆိုပေမယ့် မြို့သူတွေထက်တောင်ချော..တယ်ဗျ။ဝတ်တတ်စားတတ်တယ်။ရွာမှာဆိုသူကကွမ်းတောင်ကိုင်ပဲ။ရွာ ကွမ်းတောင်ကိုင်ကို ချစ်သူအဖြစ်ရထားတာ။ရွာထဲမှာ သူ့ကိုလိုက်ပိုးနေတဲ့ ကောင်တွေကြားထဲကမှ ကျုပ်ကို သူကရွေးချယ်ခဲ့တာ။ကျုပ်က ရုပ်မဖြောင့်ဘူးဗျ။သာမန်ကာရှန်ကာပါပဲ။ဆင်းရဲချက်ကတော့ ပြောမနေနဲ့တော့ ။ဒါပေမယ့် ကျုပ်က ဘယ်ကောင်မလေးကိုမှ မကြောင်ဘူး။ချစ်သူအပေါ်မှာလည်း လက်မထက်ရသေးသရွေ့ ဘယ်တော့ မှ မလွန်ကြူးအောင်ထိန်းခဲ့တယ်။ခုချိန်ထိ ချစ်သူ ပါးပြင်လေးကို မနမ်း ဖူးဘူး ...ရှင်းရှင်းပြောရရင် စည်းစောင့် တာပေါ့လေ...။လက်ကလေးတော့ ကိုင်ပါတယ်....ကျန်တာဘာမှ အရှုပ်ရှင်းမရှိအောင် နှစ်ယောက်လုံး ထိန်း ကြတယ်။အဲဒီ တစ်ချက် ကိုပဲ ချစ်သူက အထင်ကြီးပြီး ချစ်နေတာတဲ့။ဆယ်တန်းတက်တဲ့ တစ်လျှောက်လုံး ကျောင်းစိမ်းဝတ်စုံ တစ်စုံထဲ ရှိခဲ့တာ။မိဘတွေက ပညာရေးကို တိုးတက်စေချင်လို့သာ ခြစ်ခြုပ်ပြီး ကျောင်းထားပေးခဲ့တာ။ဆိုတော့ ......ကျုပ်လိမ္မာမယ် မှတ်လား ဟွန်း....ဆိုးချက်ကတော့ ကမ်းကုန်ပဲ ။အရက်သော်တယ် ၊ဖဲရိုက်တယ်၊ရန်ဖြစ်တာကတော့ ပြောမနေနဲ့တော့။
ဟိုနားရိုက်ပွဲဖြစ် ကျုပ်ပါတယ်၊ဒီနား တီးကုန်ကြပြန်ပြီတဲ့ ကျုပ်ပါတယ်။ရွာချဉ်ဖတ်လေ....ဟဲဟဲ။ကျုပ်က လူတစ်မျိုးဗျ....။ကျုပ်အသားကို ထိချင်ထိ ကျုပ်ချစ်တဲ့ သူငယ်ချင်းတွေ ၊မိဘတွေ၊ညီကိုမောင်နှမတွေ၊ဆွေမျိုးသားချင်းတွေ၊အဲအဲ...နောက်ဆုံးကျုပ်သူသူပါအပါပေါ့လေ...။ထိဖို့ မပြောနဲ့ မျက်စောင်းထိုးတာတောင် မကြိုက်ဘူးဗျ...။နောက်ပြီး....ဘယ်မိန်းကလေးကိုမှလည်း မလိုက်ဘူး။ကိုယ့်ဖာသာ သောက်စားပျော်ပါးနေတဲ့ ကောင်။ရွာချဉ်ဖတ် ဆိုလို့ ကျုပ်ကို လူမုန်းများမယ်တော့ မထင်နဲ့ တစ်ရွာလုံး ကျုပ်စားအိမ်သောက်အိမ်ကြီးပဲ။ကျုပ်အရက်သောက်တာကို့ျုပ်ချစ်သူကလည်း မတားဘူး။တားလို့မှ မရတာ...။ဒါကြောင့် ပြောမနေတော့ဘူး....။သူကျု့ပ်ကို သိပ်ချစ်တာဗျ..။အနွံတာလည်း တော်တော်လေးခံရှာတယ်။ဒါကြောင့်လည်း သိပ်ချစ်ရတာပေါ့။အေး...တစ်ရွာလုံးမှာ ကျုပ်ကို ကြည့်မရတာက သူ့အဖေ ဦးတင်အောင် ။စစ်သားလူထွက် လေ..။
ကျုပ်ကို သူ့သမီးနဲ့ သဘောတူတာ မဟုတ်ဘူးဗျ။စစ်သားလူထွက်ပီပီ ဘယ်သူ့ကိုမှ အကောင်းမမြင်ဘူး။ဟိုလူ့ကို ဘာဖြစ်တယ် ဒီလူ့ကို ဘာဖြစ်တယ်နဲ့ အားကြီး ပစိပစပ်နိုင်တာ။ကျုပ်တို့လို လူငယ်တွေကိုလည်း ဘာမှသုံးစားမရဘူး၊တိုင်းပြည် အတွက်လည်း အကျိုးမရှိ၊အိမ်အတွက်လည်း အကျိုးမရှိတဲ့ လူ့ငနွားတွေတဲ့လေ။ကျုပ်ကိုလည်း သင်္ဘောသားတဲ့။ပျဉ်လုပ်လို့လည်းမရ ၊ထင်းလုပ်လို့လည်းမရတဲ့ သဘောင်္သားတဲ့(သဘောင်္ပင်)ကိုပြောတာ။သူ့သမီးနဲ့ကြိုက်နေတာတောင် သိပ်ကြည်တာမဟုတ်ဘူး။သူ့မိန်းမဒေါ်တင်ရွှေကို မလွန်ဆန်နိုင်လို့သာ လွှတ်ထားတာ။ကျုပ်ကို သားလေး လို့ ခေါ်တိုင်း သူ့မျက်နှာမည်းမှောင်နေတာကလား။အမေတင်က တော့(ဒေါ်တင်ရွှေ) ကတော့ သဘောတူတယ်ဗျ။သူတို့မှာလည်းတစ်ဦးတည်းသော သမီးမို့လို့ အလိုလိုက် ပါတဲ့။ကျုပ်ချစ်သူက နှလုံးရောဂါသည်ဗျ။ခဏ ခဏ အမော ဖေါက်တတ်တယ်။ လမ်းအဝေး နည်းနည်းလျှောက်လိုက်တာနဲ့ အမောဖောက်ပြီ။ဒါကြောင့်လည်း သူအဖေနဲ့ အမေက ပါ အလိုလိုက်ထားတာလေ။
ဒီလောက်ဆို ကျုပ်တို့ အကြောင်းတီးမိခေါက်မိ လောက်ရောပေါ့။
..................................................................................................................................................
ချစ်သူဆီက စက်ဘီးသွးယူပြီး အိမ်ပြန်လာတော့ လမ်းမှာ ဖိုးခွေးတို့ နဲ့တွေ့တော့တယ်။သူတို့က ကျုပ်ရဲ့ ဘော်ဘော်တွေလေ။ကျော်းမတက်ဘူး။ရွာထဲ က ကျုပ်ရဲ့ သောက်ဖေါ်သောက်ဖက် ဖဲရိုက်ဖေါ်ရိုက်ဖက်တွေပေါ့။
+ ဟ.....ဏားကြီး ဘယ်လဲကွ...ငါမင်းကို လိုက်ရှာနေတာဟ+
သူတို့က ကျုပ်ကို အဖျားဆွတ်ပြီး ဏားကြီးလို့ခေါ်တယ်လေ
+မင်းက ဒီအချိန် ကြီးကျမှ ဘာဖြစ်လို့ လိုက်ရှာနေတာလဲ ဟ...ညည့်နက်နေပြီ..။+
+ဟိုဘက်ရွာ မှာ အသုဘရှိတယ်ကွ ... ဖဲသွားရိုက်မလို့လာခေါ်တာ..+
+ဟာ.......ငါ အိပ်ချင်နေပြီ ကွ နောက်ပြီး မနက် အစောကြီးထပြီး အောင်စာရင်း သွားကြည့်ရအုံးမယ် ကွ...+
+ငါကလည်း .....အခု ပြောတာမဟုတ်ဘူး ... မနက်ဖန် မင်းအောင်စာရင်း ကြည့်ပြီးတာနဲ့ ဟိုကို တန်းသွားမှာ
ခုကတည်းက လာပြီး ကြိုပြောထားတာ...ဟ +
+အေး....ဒါဆိုလည်း သွားကြတာပေါ့...ငါ့မှာ...ပိုက်ဆံတော့ မရှိဘူး နော်...+
+အေးပါကွာ....ငါသိပါတယ် ... မင်းမှာ ဘယ်တုံးက ပိုက်ဆံရှိလို့ လည်း...သောက်ပိုပြော မနေနဲ့ ... မနက်ကျရင်သာ
လိုက်ခဲ့ .... ကဲ ... ငါပြန်တော့မယ်...+
+အေး.....အေး...+
ပြောရအုံးမယ်...ကျုပ်က ဖဲနဲ့ အကျိုးပေးတယ်ထင်တယ်။အထာ လေး လည်းရှိတာပေါ့လေ...ဟဲဟဲ...။ရွာပြင်က ဘိုးဘတူ ပေးထားတဲ့ နည်းလေ...။နောက်ကျရင်ပြောပြမယ်။ကျုပ်ဖဲ ရိုက်လို့ တစ်ခါမှ မရှုံးဖူးဘူးဗျ။ဒါကြောင့် ဒီကောင်တွေ က ကျုပ်ကို မရမက ခေါ်နေတာလေ။ကျုပ်ကလည်း ဖဲနိုင်လို့ ဝေစုခွဲပြီးရင် အမေ့ကို ဈေးဖိုး ပေး ချစ်သူအတွက် မြို့သွားတဲ့ ကားကြုံနဲ့ လက်ဆောင်ဝယ်ပေး ၊ သူငယ်ချင်းတွေနဲ့ သောက်လိုက်စားလိုက် ကုန်တာပါပဲ....။
...........................................................................................................................................................
+ဟဲ့ ........သား ထ ထ ...........မင်းမလဲ ဇွဲမရှိလိုက်တာ ....ဟိုမှာ မိသွယ်လေး အိမ်ရှေ့ခန်းမှာ ထိုင်စောင့် နေတယ်....
အောင်စာရင်း သွားကြည့် ရမယ်ဆို.....+
အမေ့ လှုပ်ပြီး နှိုးမှ ကျုပ်မထချင်ထချင်နဲ့ ထလိုက်တယ်။ခေါင်းတွေကတော့ ညက အရှိန်နဲ့ ကိုက်နေတယ်။လက်ထဲက နာရီကိုကြည့်လိုက်တော့ ၆း၀၀ နာရီ ကျော်ပြီ...။ချစ်သူလေး ပြောထားတာက ၅း၀၀ နာရီ။ကျုပ် ကမန်းကတမ်း ထပြီး အိမ်ရှေ့ထွက်လာတော့ ချစ်သူလေးက နှုတ်ခမ်းစူပြီး ဒေါသ မျာက်စောင်းလေး တစ်ချက်ပြစ်ပြီး ဆီးကြိုနေလေရဲ့။
+ဘယ်အချိန်ရှိပြီလဲ....စောစော လာခဲ့ပါလို့ သေချာ မှာထားရဲ့သားနဲ့...မိသွယ်သာ လိုက်မလာရင် ဒီနေ့ အောင်စာရင်းသွားကြည့်
ရမှာ မဟုတ်ဘူး....ဟွန်း...+
+ကဲ....ပါ......သွယ်လေးရာ....ခုသွားကြတာပေါ့ ဟုတ်ဘူးလား....ဟီး....+
ဟု မျက်နှာချို သွေးပြ လိုက်ပြီး အိမ်နောက်ဖေးရေ ကပြင်ကို ခပ်သွပ်သွပ်လေး ပြေးထွက်လာခဲ့ပါတယ်။နောက်...ရေမိုးချိုး၊အဝတ်စာလည်းပြီး ပြန်ထွက်လာကာ ချစ်သူကို စက်ဘီးဖြင့်ခေါ်၍ ထွက်လာခဲ့ကြသည်။ ကျောင်းက ကျုပ်တို့ရွာနဲ့ တော်တော် ဝေးသည်။နှစ်နာရီ သာသာ နင်းရမည်။ချစ်သူကတော့ နောက်ကယ်ရီယာ ခုံပေါ်မှာ ထိုင်၍ ကျုပ်ခါးလေးကို ဖက်ထားကာ ပါးစပ်မှ ပွစိပွစိ မမြည်ကာ လိုက်ပါလာခဲ့သည်။သူပြောလည်း ပြောစရာပေးကိုး။ကိုယ့် အမှားနဲ့ ကိုယ်မို့...တိတ်ဆိတ်စွာပဲ စကိဘီးကို နင်းနေရလေသည်။စိတ်ထဲမှာတော့ ပျော်နေမိသည်။ချစ်သူနဲ့ ကိုယ်နဲ့ နှစ်ယောက်ထဲ စက်ဘီးလေးနဲ့ ဆိုတော့ ဆိုင်းထီးစိုင် သီချင်းကို သွားအမှတ်ရရင်း သီချင်းကောက်ဆိုလိုက်သည်။
+ဘီကလေးစီး.....ပြီး...ချစ်ကလေးကို တင်ပြီး..ကိုယ်သွားရတာ အင်မတန်ပျော်...စကြာဝဠာ အဆုံးထိနင်းရမလား....+
+ဘုံးးးးးးးးးးးးးးးးးးးး+
သီချင်းတောင် စဆုံးလိုက်သေး။ချစ်သူက ကျောကုန်းထုပြီး အားပေးလိုက်တာ ကျောကုန်းပါ အောင့်သွားတယ်။ပြီး...သူက
+ကျောင်းကိုပဲ ရောက်အောင် ဖြောင့်ဖြောင့် နင်းပါအုံး.....စကြာဝဠာ လေးဘာလေးနဲ့.....ငမူးးကြီး ကြည့်လို့ကို
မရဘူး....ဟွန်း....+
အလွန်လှ ပတဲ့ နဂါးမျက်စောင်းလေး နဲ့ တွဲပြီး ပြောနေတာကြည့်ပြီး.....ကျုပ်ရင်ထဲမှာ အမျိုး အမည်မသိ တဲ့ ပျော်ရွှင်မှု အအေးဓါတ်ကလေးက ပူလောင်လွန်းလှ သည့် နွေရာသီကို အံတုပြီး ရင်ထဲ တိုးဝှေ့ လာခဲ့ရသည်ကော...။
.........................................................................................................................................................
ကျောင်း...ခြံဝန်းတံခါး ရှေ့ .ရောက်တော့ ၈း၀၀ နာရီ ထိုးပြီ...အောင်စာရင်းလာကြည့် သူတွေ ရှုပ်ရှက်ခက်နေသည်။ငိုပြီး ထွက်လာကြသူတွေရော....ပျော်ပြီးထွက်လာကြသူတွေရော...တွေ့ရသည်။တစ်ချို့ဆို အောင်ပါပေရဲ့ ။သို့ပေမယ့် ....ဂုဏ်ထူးမပါလို့ ဆိုပဲဗျ အော်ကြီးဟစ်ကျယ်ကို ငိုနေတာ။အထူးသဖြင့်...မိန်ကလေးတော်တော်များများလေ။ဂုဏ်ထူး လေးဘာသာ ထွက်ရင်းသားနဲ့ ငိုပြီးထွက်လာတဲ့ ဇီးဖြူ ရွာက အောင်ထွေးကြပြန်တော့ ...မှန်းထားတာ ဘာသာစုံတဲ့...ခု လေးဘာသာပဲ ပါတယ်ဆိုပြီး....ငိုနေလိုက်တာများ..သောက်မြင်ကိုကပ် ရောပဲ....။ကျုပ် ကတော့ မှန်းထားတဲ့ အတိုင်းဖြစ်မယ်ထင်ပါရဲ့...။ကျုပ်မှန်းထားတာလား...အင်း....အောင်စာရင်းထဲမှာ ကျုပ်နာမည် မပါဖို့လေ..။နာရှုပ် သွားလား...ကျုပ်က စာမှ မကျက်တာ စာမေးပွဲခန်းထဲဝင် ပြီး မူးကြောင်ကြောင် နဲ့ အိပ်နေခဲ့တာလေ...။ဒါကြောင့် ပြောတာ။ချစ်သူအတွက် လာကြည့်ပေးတာပါ။အောင်မြင်သူစာရင်းတွေ ကပ်ထားတဲ့ နံရံကပ် ဘောကြီးနားကို ချစ်သူလက်ကလေးဆွဲပြီး လူတွေကြားထဲမှ တိုးဝှေ့ ပြီး ကြည့်လိုက်သည်။ကျုပ်နာမည်က ရှာစရာမလို ချစ်သူနာမည်ကို သာပြူးပြဲ လိုက်ရှာ လိုက်သည်...။ဟော တစ်နေရာရောက်တော့ တွေ့ပါပြီ ချစ်သူရဲ့ နာမည်လေး.....ချစ်သူတော်တော် ပျော်သွားပုံရသည်။လူ ကြားထဲ ပျော်လွန်းလို့ထင်ပါ့ ဝေး ကနဲ့ ထအော်လိုက်သည်။ချစ်သူလက်ကလေးပြန်ဆွဲပြီး လူတွေကြားထဲ ကတိုးဝှေ့ပြီးပြန်ထွက်လိုက်သည် ။လူအုပ်ကြီးအပြင်ရောက်တော့ ချစ်သူလေးက .....
+မောင်....မောင့် နာမည် မရှာတော့ဘူးလား...+
ဟု နားမလည်စွာ မျက်နှာလေးနှင့်မေး လာတော့............
အပိုင်း ၂ ဇာတ်သိမ်းပိုင်း ဆက်လက်အားပေးပါရန်
ပုဏ္ဏား(ဘကွန်း)