ကိန္နရီ ကိန္နရာ ဆိုတာ
သူဇာနတ်အတူ
လူကိုယ်လူလက်
လူမျက်ခွက်သည်
လူငှက်မြိုင်နန်းသူတည်း ။
မန်လည်ဆရာတော်ဘုရားကြီး
စန္ဒ ကိန္နရီ ရတု၊ ပိုဒ်ရေ ( ၆ )
ကိန္နရီ ကိန္နရာ ဆိုတာကို လူတိုင်းလိုလို အနည်းနဲ့ အများ သိကြပါတယ်။ တကယ်တမ်း ဂဃနဏ သူတို့  အကြောင်းကိုသိသူကတော့ နည်းပါးကြမှာဧကန်ပါ။
ကိန္နရီ ကိန္နရာ ဆိုတဲ့ အမည်တွေဟာ ပါဠိ(မဂဓ) ဘာသာစကားဖြစ်ပါတယ်။ ပါဠိ လိုဆိုရင်တော့
ကိံ = အဘယ်နည်း
နရာ = လူလော၊ နတ်လော
လူလားနတ်လား ယုံမှားလောက်ဖွယ်ရာ လူတို့ ၏ အသွင်ကို ဆောင်လျှက်ရှိသူ လို့ ပဲ ဆီလျော်အောင် ပြောရမှာပါ။ ကိန္နရီ က အမ ဖြစ်ပြီး ကိန္နရာက တော့ အထီးဖြစ်ပါတယ်။
ကိန္နရီ ကိန္နရာ တို့ ရဲ့ ပုံသဏ္ဍာန် ကို အနီးစပ်ဆုံး ပြောရရင်တော့ 
၁။ ငှက်ကိုယ် လူခေါင်း
၂။ လူကိုယ် မြင်းခေါင်း
၃။ မြင်းကိုယ် လူခေါင်း
ဆိုပြီး အကြမ်းဖျင်း သုံးမျိုး ခွဲခြားထားပါတယ်။ လူလိုလို၊ နတ်လိုလို၊ တိရစ္ဆာန်လိုလို နဲ့  သတ္တဝါ အထူးအဆန်း တစ်မျိုး ဟု ဆိုနိုင်ပါတယ်။
ငါးရာ့ ငါးဆယ်ဇာတ်၊ အသီတိနိပါတ် မဟာကုဏာလဇာတ်တော် မှာ ကိန္နရီ ကိန္နရာ အမျိုးအစား အတော်များများ ဖေါ်ပြထားပါတယ်၊ ထင်ရှားတဲ့  အမျိုး အစား တို့ ကို ဖေါ်ပြရမယ်ဆိုရင်
၁။ ဒေဝ ကိန္နရာ
စတုမဟာရာဇ် နတ်မျိုး၌ ပါဝင်သည်
၂။ စန္ဒ ကိန္နရာ
စန္ဒတောင်၌ နေသည်
၃။ ဒုမ ကိန္နရာ
သစ်ပင်များ၌နေ၍အသီးအပွင့်များကိုစားသည်
၎။ ဒဏ္ဍမာဏဝိကာ ကိန္နရာ
လက်နက်စွဲကိုင်တတ်ပြီး လူ၏မျက်နှာနှင့်တူသည်
၅။ ကောန္တိသကုဏ ကိန္နရာ
ကရဝိက်၊ ကြိုးကြာ တို့ ကဲ့ သို့  အသံသာယာစွာ တွန်ကျူးတတ်သည်
၆။ ကဏ္ဏပါဝုရဏ ကိန္နရာ
နားရွက်တစ်ဖက်ခင်း၍ တစ်ဖက်ကိုခြုံကာ နေနိုင်လောက်အောင် နားရွက်ကြီးသည်
၇။ အဿမုခိ ကိန္နရာ
မြင်းမျက်နှာ ပုံသဏ္ဍာန်ရှိသည်
၈။ နာရီပုပ္ဖ ကိန္နရာ
တို့ ပဲဖြစ်ပါတယ်။
ကိန္နရီ ကိန္နရာ တွေ တကယ်ရှိမရှိကို မြန့် မာ့ သမိုင်းမှာ၊ မြန် မာ့ စာပေ အထောက် အထား တွေမှာ ၊ ဘုရားဟောဇာတ်နိပါတ်တွေမှာ ၊ ရှာဖွေတွေ့ ရှိနိုင်ပါတယ်။ လက်လှမ်း မှီသလောက် လိုရင်းတိုရှင်း တင်ပြရရင်တော့
သက္ကရာဇ် ၁၀၁၀ ပြည့်နှစ်မှာ အင်းဝမှာ နန်းတက်တဲ့  ငါးထပ်ကြီးဒါယကာ မင်းတရားကြီး တောင်းပန်သည့်  အတွက် တောင်ဖီလာ ဆရာတော် ရေးသားခဲ့ တဲ့  ရာဇ မဏိ စူဠာ ကျောက်စာမှာ ကိန္နရီ ကိန္နရာ တို့  အကြောင်း ပါရှိကြောင်းကို ဦးချိန် ရဲ့  ဝေါဟာရ လီနတ္ထဒီပနီ၊ စာမျက်နှာ (၂၆၃) မှာ ဖေါ်ပြထားပါတယ်။
ကျောက်စာပါ လိုရင်းအချက်ကို ပြောရရင်တော့
“အသောက မင်းကြီးက ကိန္နရီ ကိန္နရာ တို့  ကခုန်ခြင်း၊ သီဆိုခြင်း တို့ ကို ရှုစားနားဆင်ချင်တဲ့  အတွက် ဟိမဝန္တာ တောကို လက်စွပ်တော် စေလွှတ်ပြီး မင်းအာဏာဖြင့် ခေါ်ယူရှုစားတော်မူခဲ့ ” ကြောင်း ပေါ့ ။
အဲဒိ ငါးထပ်ကြီးဒါယကာ မင်းတရားကြီး လက်ထက်မှာပဲ သလ္လာဝတီ မြစ် အတွင်းမှာ မျောလာလို့  ဆယ်ယူရရှိခဲ့ တဲ့  ကိန္နရာတစ်ကောင်ကို ဆက်ရောက်လာဘူးကြောင်း “ဟံသာဝတီရောက် မင်းတရားစာတမ်း” မှာတွေ့ ရပါတယ်။
ဘေးတော် မင်းတရားကြီးလက်ထက်က မင်းကွန်းနန်းဆောင်မှာ မိုးကောင်းမြို့ ဝန်က ဖန်ဘူးနဲ့ ထည့် ပြီး ဆက်သတဲ့ ကိန္နရာငယ် အသေခြောက်ပုံကို ရှေးဟောင်းစာပေသုတေသီ တစ်ဦး ရှာဖွေစုဆောင်းထားတဲ့ “ရွှေနန်းလက်သုံး ပုံစံများ” စာတွဲအမှတ် ( ၁ ) ပုံအမှတ်စဉ် ( ၂၆၇ )မှာ တွေ့  ရနိုင်ပါတယ်။
ရှေးဟောင်း ယဉ်ကျေးမှု တွေနဲ့ ပါတ်သက်ပြီး “မှတ်စု” ရေးသားမှုမှာ အထူးထင်ရှား ကြော်ကြားခဲ့ တဲ့ မုံရွေးဆရာတော် (ရှင် အာဒိစ္စရံသီ) ရဲ့ မုံရွေး မှတ်စု တွေထဲမှာ ကိန္နရီ ကိန္နရာ တို့ နဲ့  ပါတ်သက်တဲ့  ဇာတ်စု စာရင်း ကို ထုတ်နှုတ်ပြထားတာကို လေ့ လာမယ်ဆိုရင်တော့
၁။ ဘလ္လာတိယ ဇာတ်
၂။ စန္ဒ ကိန္နရီ ဇာတ်
၃။ တက္ကာရိက ဇာတ်
၎။ မဟာကုဏာလ ဇာတ်
၅။ အဋ္ဌသဒ္ဒ ဇာတ်
၆။ ဒေဝီကိုပမာနှိုင်းရာ ကိန္နရာ
၇။ အသိတာဘူကိုပစ်၍လိုက်သောဇာတ်
၈။ မဟာဝင်တွင် ကောဏ္ဍတိဿ အကြောင်း
၉။ အပါဒါန် ကျမ်းမှာ ကျူ ပွင့်လှူသော ကိန္နရာ
၁၀။ ကုဏာလဇာတ်မှာ တရားနာဖို့ လာသည့် ကိန္နရာ
၁၁။ သုဝဏ္ဏသာမ ဇာတ်မှာတော့ လူတွေကို ကြောက်တတ်သော ကိန္နရာ
ဆိုပြီး ကိန္နရီ ကိန္နရာ တို့ အကြောင်းကို မှတ်တမ်း ပြုထားပါတယ်။
သူ့ ခါးတင်နှင့်၊ သူ့ ရင်သူ့ နဖူး
သူ့ ပါးကပြောင်၊ သူ့ မျက်တောင်သည်
ညွှတ်ရောင်ကော့ဖြူးဖြူးနှင့်
မြင်သူမူးမျှ
ကြည်နူးဖွယ့် သူ့ မျက်နှာ
လဆန်းသုံးရက်၊ လရေးစက်သည်
ထွန်းတက်ဆန်းပေါ်လာသို့ 
မူခရာသည်
သူဇာနတ်အတူ၊ လူကိုယ်လူလက်
လူမျက်ခွက်သည်
လူငှက်မြိုင်နန်းသူတည်း ။
မန်လည်ဆရာတော်ဘုရားကြီး
စန္ဒ ကိန္နရီ ရတု၊ ပိုဒ်ရေ ( ၆ )
ကိန္နရီ ကိန္နရာ ဆိုတာဘာလဲ၊ တကယ်ရှိပါ့ မလား၊ ဘယ်လိုပုံသဏ္ဍာန် လဲ ဆိုတာတွေကို အထက်မှာ တင်ပြပြီးဖြစ်တော့ ဆက်လက်ပြီး မြန်မာစာပေတွေထဲမှာ အသုံးပြု ရေးသားလေ့ ရှိတဲ့  သူ တို့ နဲ့ ပါတ်သက်တဲ့  စကားတန်ဆာ တွေကို တင်ပြချင်ပါတယ် ။
အမရာ ကန္နရီ မဒ္ဒီ သမ္ဘူလ တော်လေးဝ
ရွှေကိန္နရီ လှဟန်ချီသို့ 
လူ နှယ်ဆင်းဝါ ကိန္နရာ
ငါးကြန်စုံညီ ကိန္နရီ
ကိန္နရီနှယ် တင့်စံပယ်
ကိန္နရာ မောင်နှံ တောင်ပံယှက်သကဲ့ သို့ 
ရွှေကိန္နရီလား သူဇာလား
နတ်ကိန္နရီ ကွေးကွေးချီလျှက်
အလှသိင်္ဂါ ကိန္နရာ
မယ်ကိန္နရီ ၊ နတ်ပီယိုးဆွယ်၊ လှမျိုးကြွယ်
နောက်ထပ်လည်း ရှိဦးမှာပါ။ ကျွန်တော်တွေးမိသလောက် သိသလောက်ပဲမို့  ဖတ်မိသူတွေ ထပ်ပြီး ဖြည့်စွက် ပေးနိုင်ကြမယ်ဆိုရင် ပိုပြီး ပြည့်စုံသွားမယ်လို့  ထင်ပါတယ်။
ဒါလောက်နဲ့  နားပါရစေ။ နောက်ထပ် အခြေအနေပေးရင် ကိန္နရီ ကိန္နရာတို့ ရဲ့  အလှ အပ နဲ့  ရုပ်ပုံလွှာလေးတွေကို ကဗျာလေးတွေနဲ့  ဖွင့်ဆိုပြထားကြတာကို ဆက်လက်တင်ပြပါ့ မယ်။
ကိုး-
- မြန်မာ့စွယ်စုံကျမ်း
- စိတြ ၊ ကိန္နရာ ကိန္နရီ
- မုံရွေးမှတ်စု
- ဘလ္လာတိယ ပျို့ 
- အခြား
ကညွတ်နွယ်
27102012