ဇန်န၀ါရီလ လေးရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ဆိုတာကိုတော့ ကလေးက အစ သိကြပါတယ်။ ကျွန်တော်ကလည်း ဇီဇာကြောင်တယ်ပဲပြောရမလား။ ပေါက်ပေါက်ရှာရှာ တွေးကြည့်မိတယ်။ မြန်မာနိုင်ငံ တကယ်ကောလွတ်လပ်ရဲ့လား။ မြန်မာနိုင်ငံသားတွေ တကယ်ကော လွတ်လပ်ခွင့် ရရဲ့လားလို့ တွေးမိတယ်။ ဒီလိုတွေးလို့ အဆိုးမြင်ဝါဒီ တစ်ယောက်လို့တော့ မထင်လိုက်ပါနဲ့။ ကြည့်လေ။ မြန်မာနိုင်ငံသား အချင်းချင်း ပစ်ခတ် သတ်ဖြတ်မှုတွေ ကြုံခဲ့တယ်။ အဲဒီနေရာတွေမှာ စစ်ပွဲတွေကြောင့် ပြည်သူတွေ ဒုက္ခရောက်ခဲ့ကြတယ်။ ကျီးလန့်အစာစား ဆိုသလို အမြဲတမ်းကြောက်လန့်နေခဲ့ရတယ်။
အဲဒီလိုပဲ ကိုယ့်လူမျိုးမဟုတ်သူတွေက ကိုယ့်တိုင်းရင်းသားတွေကို သတ်ဖြတ် နေရာတွေကို ဖျက်ဆီး လုပ်တာကို ခံနေရတယ်။ လူအင်အားသုံးပြီး လက်နက်ကိုင် အကြမ်းဖက်တာတွေကို ခံနေကြရတယ်။
နောက်ပြီး စီးပွါးရေးလုပ်ငန်းတွေကိုလည်းကြည့်။ တိုင်းတပါးသား လက်ထဲမှာချည်းပဲ။ လုပ်ငန်းတွေကို ကြည့်လိုက်ဦး။ ရွာတွေပြုတ်၊ အိမ်တွေရွှေ့ လယ်တွေသိမ်းတဲ့အထိကို ပေးထားကြရတယ်။ ဒါကို မခံနိုင်လို့ ခေါင်းလေးမော်ကြည့်မိလိုက်ပြန်တော့ အာဏာရှင်တွေက ငွေရှင်တွေ ပိုက်ဆံအိတ်ထဲ ရောက်နေတယ်ထင်တယ်။ ပြည်သူတွေဘက်က ခံဘက်ချည်းဖြစ်နေတယ်။ အချင်းချင်း ပြန်ပြီးအကြမ်းဖက်တာ ခံကြရပြန်တယ်။
ရှိသေးတယ်။ နေရာဒေသတော်တော်များများမှာ ကြည့်ဦး။ မကြူးကျော်ရ၊ မဖြတ်သန်းရ ဆိုတဲ့နေရာတွေက မနည်းပါဘူး။ ကဲ ကျွန်တော်ပြောတာ လွန်သလား။ မြန်မာတွေ တကယ်ပဲ လွတ်လပ်ရေးရပြီလား။ လွတ်လပ်စွာ နေထိုင်ခွင့် ရပြီလား။