“ ကမ္ဘာတွင် စဉ်းသမိုင်းငယ်နှင့်၊ ရာဇ၀င်စာတင်၍၀ိုင်းလေငဲ့
ဘုရင်တိုင်းရယ်တဲ့ကန်တော့ခံ။
မန်းဌာနမှာလ သီပေါဘုရာ့ရွှေနန်းစံငယ်၊ ရွှေသန်းရံ ကမ္ဗုထီးငယ်နှင့်
သမီးတော် မယ်တော်မြတ်တို့ကို ဘိလပ်ပိုင်ဧကရီက၊
ရေနဒီ ပင်လယ်ကြောကိုလ ၊ သင်းဘောတော်ဆောင်ယူသပြန်တော့၊
ဒေါပုံ ဇောခုန်၍ ကြွရှာလိမ့် ၊ ရာဇနိန် သာကိန္ဒတို့မှာ ဘုရား ရှေးကကံ ကံ ..”
( စုံနံ့သာမြိုင်..ဦးကြော့ )
……………………… ………………… ……………….
၁၈၈၅ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ညနေ..နေ၀င်ရိုးရီ ဆည်းဆာချိန်၊
နေလုံးကြီးက ပင်လယ်ထဲ နစ်မြှပ်စ၊ ပုဇွန်ဆီသွေးရောင်ကဲနေဆဲ..
ပင်လယ်ကြီးရဲ့လှိုင်းကြက်ခွပ်လေးတွေက ရောင်စုံတလက်လက်၊
မြန်မာပြည်ကထွက်ခွာတော်မူခဲ့တာ ဒီနေ့ပါဆိုရင် သုံးရက်ရှိပီ၊
ကန္တီ စစ်သင်္ဘောပေါ်မှာ နန်းကျဘုရင်သီပေါ၊ မိဖုရားခေါင်ကြီး စုဖုရားလတ် နဲ့သမီးတော်နှစ်ပါး၊
မိဖုရားခေါင်ကြီး စုဖုရားလတ်မှာ တတိယသမီးတော် ကိုယ်လေးလက်ဝန်နဲ့၊
အရှင်နှစ်ပါးဟာ..ကိုယ်ရော စိတ်ပါ မသာမယာဖြစ်ရင်း အနောက်ကိုဦးတည်နေဆဲမှာပင်
အရှေ့အရပ်မှာကျန်ခဲ့တဲ့ရတနာပုံ ရွှေမြို့တော်ကိုလွမ်းဆွတ်တသနေမိတယ်။
…………………… ……………………….. ……………………….
မြှော်လင့်ထားပေမဲ့ ဒါလောက်မြန်မြန်ဆန်ဆန်ရောက်လာမယ်မထင်ခဲ့
အဲဒီနေ့က ၁၈၈၅-နိုဝင်ဘာ ၂၈ ရက်၊ ဂေါဝိန်ဆိပ်ကို အင်္ဂလိပ်တပ်တွေ ရောက်လာတော့
နန်းတော်တစ်ခုလုံးကသောင်းကနင်းတွေဖြစ်ကုန်တယ်။
စိတ်ဓါတ်ကြံ့ခိုင်လွန်းတဲ့ စုဖုရားတောင်မူးဝေသွားလုမတတ်၊
ကါနယ်စလေဒင်က အရင်ရွှေနန်းတော်ကိုရောက်လာတယ်၊
သတင်းကြားလို့ဆင်စီးထွက်လာတဲ့ ကင်းဝန်မင်းကြီးနဲ့တွေ့တယ်၊
ကင်းဝန်မင်းက အင်္ဂလိပ်တပ်တွေနန်းတော်ထဲ မ၀င်ပါစေနဲ့လို့မေတ္တာရပ်ခံပီး သီပေါမင်းဆီ
အတူသွားကြတယ်၊
ခံပြင်းစရာ ရင်နာစရာကေါင်းလိုက်တာ၊သီပေါက တိုင်းပြည်နဲ့ သူကိုယ်သူအပ်လိုက်တယ်။
နွေရာသီစံနန်းတော်မှာ အဲဒီည စက်တော်ခေါ်ပေမဲ့ မပျော်နိုင်ခဲ့ပါ။
နောက်နေ့ နိုဝင်ဘာ ၂၉ ရက် နေ့မှာ လက်နက်ချပွဲ အကျဉ်းပဲလုပ်လိုက်ရတယ်၊
နန်းကျပီဆိုတော့ စည်းကမ်းမဲ့တဲ့ပြည်သူတွေ၊ အပျိုတော်တွေကစလို့ နန်းတော်ထဲက
အဖိုးတန်တာတွေရော မတန်တာတွေရော ယူငင်နေလိုက်ကြတာ။
အဲဒီနေ့မှာပဲ..ပတ္တမြား ငမောက်အပါဝင် အဘိုးတန် ကျောက်မြက်တွေကို
ကာနယ်စလေဒင်ကို စာရင်းနဲ့တကွအပ်လိုက်ရပါတယ်။
တစ်ရက်လေး.. ထပ်နေခွင့်တောင်းတာတောင် မရတော့ပဲ ညနေ သုံးနာရီမှာ နန်းက
စွန့်ခွာရတော့တယ်။
ပထမ ဘီရိုလှည်းမှာ..သီပေါမင်း၊ မိဖုရားခေါင်ကြီး နဲ့ ညီမတော် စုဖုရားလေး တို့လိုက်ပါသွားတယ်၊
အရှင်နှစ်ပါးကို ပင်းတယ၀န်ထောက် နဲ့ ၀က်မစွက်ဝန်ထောက်တို့ကထီးဖြူမိုးလိုက်ပါတယ်၊
ဒုတိယလှည်းမှာ မယ်တော် ဆင်ဖြူမရှင်၊သမီးတော် စုဖုရားကြီး၊
မြေးတော်နှစ်ပါးတို့လိုက်ပါကြရတယ်။
လှည်းနှစ်စီးနောက်က အထိမ်းတော်သုံးပါး၊ ဘွဲ့ရအပျိုတော်သုံးပါး၊
ဘွဲ့မရအပျိုတော်ရှစ်ပါးတို့ကအထုပ်ပိုးပိုက်လို့ခြေလျင်လိုက်ပါကြရတယ်။
နန်းတော်ကြီးရဲ့ကျော်မိုးတံခါးကနေ ထွက်တော်မူတာကို ပြည်သူအပေါင်း စိတ်နှလုံးမသာမယာ
ဝမ်းနည်းစွာနဲ့ကန်တော့နုတ်ဆက်နေကြတယ်။
ဂေါဝိန်ဆိပ်ကိုရောက်တော့ သူ၇ိယ သင်္ဘောကြီးကအဆင်သင့်၊
နေတောင်ဝင်စပြုလို့ သင်္ဘောတစ်စီးလုံးမီးတောင်ထွန်းထားပီ၊
ဆိပ်ကမ်းတစ်ခုလုံးကမ်းလုံးညွတ်မျှ၊ ပူဆွေးသောက မျက်ရည်စက်လက်။
သေးငယ်လှတဲ့ကုန်းဘောင်ပေါ်ကိုအရှင်နှစ်ပါး သတိနဲ့တက်တော်မူရတယ်။
နောက်တော့မြစ်လယ်ကိုခုတ်မောင်ပီး အဲဒီည မြစ်လည်မှာပဲ နေကြရတယ်။
နောက်နေ့ နိုဝင်ဘာ ၃၀ ရက်မှာ ရတနာပုံကခွာရတယ်၊ အာလံ (အောင်လံ)ကို ဒီဇင်ဘာ ၂ ရက်၊
ရန်ကုန်ကိုဒီဇင်ဘာ၅ရက်မှာရောက်တော်မူတယ်။
ရန်ကုန်ကမ်းကိုတောင်ခြေချခွင့်မရ (ကလိုက်) ဆိုတဲ့သင်္ဘောပေါ်ပြောင်းလို့နေလိုက်ကြရပါတယ်..
ရန်ကုန်မြစ်ဝမှာ လေးရက်နားနေပီးမှ ကန္တီစစ်သင်္ဘောနဲ့ မဒရပ် ကို
ဒီဇင်ဘာ ၁၀ရက်နေ့မှာ ပင်လယ်ခရီးစတင်ခဲ့ရတယ်။
……………………… …………………… …………………..
အရှင်နှစ်ပါး အရှေ့အရပ် ရတနာပုံရွှေမြို့တော်ကြီးကို လွမ်းဆွတ်တသ နေဆဲမှာပဲ…..
အမှောင်ထုက ပိုနက်ရှိုင်းလာပါတော့တယ်၊
ဒီဇင်ဘာ အအေးဓါတ်က ပိုလို့ပိုလို့ကဲလာတယ်၊
အသက် ၂၇နှစ်သာရှိသေးတဲ့သီပေါမင်းဟာ.. ကိုယ်လေးလက်ဝန်နဲ့ နှမတော် စုဖုရားကို
ဖေးမတွဲခေါ်လို့သင်္ဘော ကုန်းပတ်ကနေ အခန်းတွင်းဝင်ဖို့ အချိန်တန်ကြောင်း ပြောကြားရင်း
အရှင်နှစ်ပါးရဲ့ ပါတော်မူခရီးဟာ တရွေ့ရွေ့ဖြင့် ………….