“တောက်...ခွေးကောင်”
“ဟဲ့...ချစ်သဲ ဘာတွေဒေါပွနေတာလဲ”
“ဟိုအကောင်...ငအောင်လေ”
“ဘာဖြစ်လို့လဲ”
“ဒီမှာကြည့်...”
ချစ်သဲနှင်းက မော်နီတာကို လက်ညှိုးနှင့် ထိုးပြသည်။ သဇင်ဦးက မော်နီတာကို လှမ်းကြည့်လိုက် သည့်အခါ...
“ချစ်သဲ...
ကိုယ်တကယ်ချစ်တာပါ။ ကိုလေ ချစ်သဲကို နေ့စဉ်နဲ့အမျှ တွေ့မြင်နေရတော့ သိပ်ကို ချစ်မိပါတယ်။ ဘ၀လက်တွဲဖော် အဖြစ်ရွေးချယ်ခွင့်ပေးပါနော်...
ကိုယ် ၀မ်းသာပါရစေချစ်သဲရယ်...
အောင်သက်”
ချစ်သဲနှင်း၏ mail ထဲသို့ အောင်သက်ပို့ထားသော စာဖြစ်သည်။ ချစ်သဲနှင်း နှင့် အောင်သက်က ဓာတ်ပုံဆိုင်တစ်ဆိုင်တွင် အတူတကွ အလုပ်လုပ်ကြသည့်သူများဖြစ်သည်။ တစ်ယောက်နှင့်တစ် ယောက် နေ့စဉ်မြင်တွေ့နေသူများဖြစ်ကြသည်။ အောင်သက်က ချစ်သဲနှင်းကို စွဲလန်းနေကြောင်း တစ်ဆိုင်လုံးနီးပါး သိကြသည်။
အောင်သက်က ရင်တွင်းက ချစ်ခြင်းကို လမ်းမပေါ်မှာ ရင်မဖွင့်။ ဆိုင်ထဲမှာ ချစ်ရေးမဆို။ အချိန်ရတိုင်း ချစ်သဲနှင်း အလုပ်လုပ်သည်ကို ခိုးပြီးကြည့်သည်။ ပြုံးပြသည်။ ချစ်သဲနှင်းအတွက် မကြာခဏ လက်ဆောင်လေးများ ပေးတတ်သည်။ အောင်သက်က ချစ်သဲနှင်းကို ပေးဖြစ်သည်က နိုင်းနိုင်းစနေ ရေးသည့် စာအုပ်ကလေးများဖြစ်သည်။ စာဖတ်ဝါသနာပါသည့် ချစ်သဲနှင်းက အောင်သက်ပေးသည့် စာအုပ်များကို အမြတ်တနိုးလက်ခံခဲ့သော်လည်း အောင်သက်၏ ချစ်ခြင်းကို သိသော်လည်း မသိဟန် ဆောင်နေသည်။
“ဒီမယ်...ချစ်သဲ”
“ဘာလဲ”
“ငါနော်...မိန်းမချင်း သိတယ်နော်...နင်သူ့ကို ချစ်ရဲ့သားနဲ့ ဟန်ဆောင်နေတယ်”
“တော်တော့ဟာ...မပြောနဲ့...အလုပ်စတော့မယ်”
“အေးပါ...ဘယ်တော့ မုန့်စားရမလဲ...၊ အဲ...ဟိုကောင်လာပြီ”
ဆိုင်ထဲကို အောင်သက် ၀င်လာသဖြင့် ချစ်သဲနှင်းက အသာစောင်းငဲ့ကြည့်ပြီး အလုပ်လုပ်ချင်ယောင် ဆောင်နေလိုက်သည်။ တကယ်တော့ အောင်သက်ကို ငြင်းပယ်ရန်မရှိသော်လည်း ဘ၀တူချင်းမို့ မချစ်ဝံ့ဝံ့၊ ချစ်ဝံ့ဝံ့ဖြစ်နေသည်သာ။
အောင်သက်က ချစ်သဲနှင်းကို လှမ်းကြည့်သည်။ သူပို့ထားသည့် စာကို အခုအချိန်လောက်ဆို ဖတ်ပြီးလောက်ပြီဟု ထင်မိသည်။ အောင်သက်က ခါတိုင်းဆို အလုပ်သို့ စောစောရောက်နေကျ ဖြစ်သော်လည်း ချစ်သဲနှင်းကို စာပို့ထားသည့်အတွက် မျက်နှာပူပြီး လက်ဖက်ရည်ဆိုင် ၀င်၍ အချိန် ဖြုန်းနေခြင်းဖြစ်သည်။
ထိုကဲ့သို့ အောင်သက်က ချစ်သဲနှင်း၏ ချစ်ခြင်းမေတ္တာကို အကြိမ်ကြိမ်အလီလီတောင်းခံသော်လည်း ထူးခြားမလာပါ။ အောင်သက်ရင်ထဲမှာ ချစ်သဲနှင်းကို တိုး၍တိုး၍ချစ်လာသလို ပိုမိုခိုင်မြဲလာပါသည်။ ချစ်သဲနှင်းက အောင်သက်အပေါ် တိမ်းချင်ယိမ်းချင်သော်လည်း မချစ်ဝံ့ဝံ့၊ ချစ်ဝံ့ဝံ့ဖြစ်နေသည်။
တစ်နေ့တွင် အောင်သက်က ဓာတ်ပုံများကို Paper Cutter ဖြင့် ပိုင်းဖြတ်နေသည့်အချိန်တွင် ချစ်သဲနှင်းက သဇင်ဦးကို စရင်းနောက်ရင်း တွန်းလိုက်ရာ...
“အား...”
အောင်သက်၏ အော်သံက ကျယ်လောင်စွာထွက်ပေါ်လာသည်။ အောင်သက်က ဘယ်လက်ကို ဆုပ်ကိုင်ရင်း ညီးညူနေသည်။
“ကိုအောင်...ဘာဖြစ်သွားသေးလဲ”
ချစ်သဲနှင်းက ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ ပြာယာခတ်သွားသည်။ အောင်သက်၏ ဘယ်လက်ကို ကမန်းကတန်း ဆွဲယူပြီးကြည့်လိုက်သည်။ အောင်သက်လက်ညှိုးကို Paper Cutter ညှပ်မိပြီး သွေးထွက်သွားခြင်းဖြစ်သည်။
ချစ်သဲနှင်းက သူ့လက်ကိုင်အိတ်ကို ဖွင့်ပြီး ပန်းနုရောင်လက်ကိုင်ပုဝါလေးကို ယူလာပြီး အောင်သက် လက်ညှိုးကို စည်းပေးရန်ပြင်လိုက်သည်။
“ရပါတယ်...ချစ်သဲရယ်၊ လက်ကိုင်ပုဝါသွေးစွန်းသွားပါမယ်”
“ကိုအောင်ကလည်း သွေးထွက်လွန်သွားမယ်လေ”
“အံမယ်လေး အဖြစ်သည်းနေလိုက်ကြတာ...Paper Cutter ညှပ်မိရုံနဲ့ မသေနိုင်ပါဘူး”
သဇင်ဦးက ကလိလိုက်သဖြင့် ချစ်သဲနှင်းက မျက်စောင်းထိုးပြီး လှမ်းကြည့်လိုက်သည်။ အောက်သက် ရင်ထဲမှာတော့ လက်က အနာထက် ရင်ထဲက ကြည်နူးမှုက ပိုနေပေသည်။
“ကိုအောင်...တောင်းပန်ပါတယ်နော်...”
“မတော်တဆဖြစ်တာပဲ ချစ်သဲရယ်...တောင်းပန်စရာမလိုပါဘူး”
“ကိုအောင်...ဓာတ်ပုံတွေကို ချစ်သဲ ဆက်လုပ်လိုက်မယ်နော်”
ချစ်သဲနှင်းက ဖြတ်ရန်ရှိသည့် ဓာတ်ပုံများကို ဖြတ်ပေးသည်။ အောင်သက်က ချစ်သဲနှင်းကို လှမ်းကြည့် လိုက်သည့် အချိန်တွင်တော့ ချစ်သဲနှင်းက အောင်သက်ကို ချစ်ရည်လဲ့သော မျက်လုံးဖြင့် ပြုံး၍ ပြန်ကြည့်လိုက်လေသတည်း။
ကိုယ်စိတ်နှစ်လုံး ရွှင်ပြုံးနိုင်ပါစေ...
ကျော်သိုက်
(၈-၁၂-၂၀၁၂)ညနေ ၆ နာရီ ၄၅ မိနစ်