မြို့ကလေးဟာ မြစ်တစ်ခုစီးဆင်းသလို အကွေ့အကောက်များစွာနဲ့ အနိမ့်အမြင့်မညီတဲ့ လမ်းများစွာကို ပိုင်ဆိုင်တယ်။ စွယ်တော်၊ စိန်ပန်း၊ နောက် အမျိုးအမည်မသိတဲ့ပန်းမျိုးစုံဟာ လမ်းဘေးတစ်လျှောက် ပေါက်နေလေရဲ့။ တစ်ကုန်းတက်တစ်ကုန်းဆင်းနဲ့ ကိုယ့်ဘဝကိုယ် ပုံဖေါ်ထားတဲ့ မြို့လေးဟာ သမိုင်းအမွေအနှစ်တွေကို တနင့်တပိုးနဲ့ မြန်မြတ်နိုးနိုးထမ်းပိုးထားပြန်တယ်။ ကျောက်စာရုံတော်ကြီးက ပိဋကတ်ကျောက်စာ အမျိုးမျိုးနဲ့ အမွေအနှစ်တွေဟာလည်း လာလည်မဲ့ ခရီးသည်ကို မျှော်ရင်း ကျွန်တော့်မြို့ကလေးဟာ လှပမှုတို့ပြည့်နေတဲ့ မြို့လို့ ကြေငြာနေပြန်တယ်။ နှစ်တိုင်းကျင်းပတဲ့ အဲ့ဒီကျောက်စာရုံဘုရားပွဲမှာ လူငယ်တွေ နည်းနေပြီ။ စနေနံဘုရားရဲ့ ထင်ရှားကျော်ကြားမှုတွေ၊ ရွှေမြင်မိဘုရားရဲ့ တန်ခိုးကြီးကျော်ကြားမှုတွေဟာ မြို့လေးထဲမှာပဲ ပိတ်မိနေခဲ့တယ်။ မြို့ကလေးဟာ ဧရာဝတီမြစ်ရေကိုကြည့်ရင်း ရေစီးနဲ့အတူ သူ့ရဲ့ လှပမှုတွေ၊ ခမ်းနားထည်ဝါမှုတွေကို စီးဆင်းသွားစေချင်တဲ့အထိတောင်ဖြစ်နေပြီ။ သမိုင်းအမွေအနှစ်ဆိုတာ ထိန်းသိမ်းတဲ့သူရှိမှ ရေရှည်ထိန်းသိမ်းထားနိုင်မှာမလား။ ခုတော့ ထိန်းသိမ်းသူကင်းနေတဲ့ သမိုင်းဝင်အမွေအနှစ်တွေဟာ တတိတိနဲ့ ယိုယွင်းပျက်စီးစ ပြုလာပြီ။
တစ်ချိန်တုန်းက တစ်နိုင်ငံလုံးမှာ မီးလင်းခဲ့တဲ့ ဒုတိယမြောက်မြို့ တဲ့။ ရိုးလ်ကုန်တိုက်ကြီးတွေ ဖွင့်ခဲ့ဖူးတဲ့ မြို့တဲ့။ သူ့ရင်သွေးတွေဟာ သူ့နှလုံးသွေးတွေနဲ့ တစ်ချိန်က ခမ်းနားထည်ဝါဖူးခဲ့သတဲ့။ ငွေရေးကြေးရေးဆိုတာ ကိယ့်ခြံဝန်းထဲက ကို ခပ်ယူလို့ရတယ် ဆိုတဲ့စကားနဲ့ သူတို့ကြွားဝါဖူးကြတယ်။ မြို့လေးဟာ အတိတ်ကိုငေးငေးရီရီကြည့်ရင်း လက်၇ှိ သူ့ရင်သွေးတွေရဲ့ ပုံရိပ်ကိုကြည့်ဖို့ရာ ကြောက်ရွံ့နေတယ်။ မြို့လေးရဲ့ ရင်သွေးငယ်တွေဟာ ဇာတိသွေး၊ ဇာတိမာန်ကို အစဉ်အလာရ ဆက်ခံပြီး ထက်သန်လာတာကလွဲလို့ တိုးတက်မှုမရှိခဲ့ကြဘူး။
ရေနံချောင်း ဆိုတဲ့ ဟော့ဒီမြို့လေးမှာ သမိုင်းဝင် စာတင်တဲ့ ဖြစ်ရပ်များစွာရှိခဲ့တယ်။ ရဲရင့်ခြင်းဖခင်ကို တိုင်တည်ရင်းပဲ မြို့ကလေးဟာ အသက်ဆက်နေခဲ့ရတယ်။ ငါ့ရင်ခွင်ထဲက လူငယ်တွေ ဘယ်တော့များမှ နိုးထလာပါ့မလဲ ဆိုတဲ့အတွေးတွေနဲ့ပဲ အသက်ငင်နေခဲ့ရတယ်။
ရဲရင့်ခြင်းဖခင်ဟာ ဟောဒီမြို့လေးမှာ ဆန္ဒပြင်းပြစွာနဲ့ပဲ ပညာနို့ရည် သောက်စို့ဖို့ ကြိုးစားခဲ့သလို အောင်မြင်ခဲ့တယ်။ ရဲရင့်ခြင်းဖခင်ရဲ့ တွဲဘက်သခင်ဖိုးလကြီးလည်း ဒီမြို့ကလေးမှာ ပညာနို့ရည် သောက်စို့ဖူးပြန်တယ်။ အရှင်ဆန္ဒာဓိကလိုမျိုး သူရဲကောင်း အခေါ်မခံချင်ကြတဲ့ တရားဓမ္မမှာမွေ့လျော်တဲ့ သူရဲကောင်းများစွာလည်း ပေါ်ထွန်းဖူးတယ်။ စာပေ၊ တေးဂီတ၊ ပန်းချီ စတဲ့အနုပညာရှင်များစွာလည်း နာမည်နောက်မှာ ရေနံချောင်း ဆိုတဲ့စကားလုံးလေးကို မြတ်မြတ်နိုးနိုးယူသုံးထားကြရင်း ကျွန်တော်တို့တော့ ဒီလိုဒီနယ်မှာ အောင်မြင်နေပါပြီ မွေးမိခင်လို့ ရေရွတ်နေကြလေရဲ့။ မြို့ကလေးဟာ အဲ့ဒီအသံလေးတွေကြားတိုင်း ကြည်နူးမှုနဲ့ ပီတိပြုံးလေးပြုံးဖြစ်တယ်။
ဟော့ဒီမြို့လေးဟာ ရဲရင့်ခြင်းဖခင်ရဲ့ ကျေးဇူးကြောင့် ဒီနေ့ထိ အမျက်တော်ရှခံထိရတယ်။ ဒါ့ကြောင့် တိုးတက်ခြင်းတို့ ဆုတ်ယုတ်ရာ ဌာနေဖြစ်နေပြီ။ အားမတန် မာန်လျှော့လို့ အိပ်မက်တွေအတွက် ဟောဒီမြို့လေးကို အသည်းနာနာနဲ့ စွန့်ခွါခဲ့ရသူတွေ ဒုနဲ့ဒေး။ ရင်ထဲမှာကိုယ်စီ ပြင်းပြတဲ့ ဆုံးဖြတ်ချက်တွေနဲ့။ တစ်နေ့တော့ ပြန်လာခဲ့ပါ့မယ် ဆိုတဲ့ ဆုံးဖြတ်ချက်တွေကို မြင်ရတိုင်း မြို့ကလေးဟာ နာဖျားမှုတွေ တိုးတိုးလာခဲ့တယ်။ ငါ့ရင်ခွင်ထဲက ရင်သွေးငယ်တွေ ဆုံးရှုံးရတော့မှာလား ဆိုတဲ့အတွေးနဲ့။
အသက်ခုနှစ်နှစ်နဲ့ ပဲကောက်ခဲ့ရသူလေးတွေ၊ အသက်ဆယ့်သုံးနှစ်နဲ့ မြင်းလှည်းမောင်းကြသူလေးတွေ၊ ကွမ်းရောင်းကြသူလေးတွေ၊ နောက် ပလက်စတစ်ကောက်တဲ့ ကလေးတွေ ရှိတယ်။ ရေထမ်းရောင်းတဲ့ ကလေးတွေလည်း ရှိကြတယ်။ ကလေးသူငယ်ဥပဒေဆိုတာ စာအုပ်ထဲမှာ။ ဘယ်သူလာပြီး စားဝတ်နေရေးကို ဖြည့်ဆည်းပေးမှာလဲ။ စာသင်ကျောင်းကို ငေးကြည့်ရင်း နွားကျောင်းနေတဲ့ကလေးတွေရှိတယ်။ တချို့ကျောင်းသားလေးတွေဟာ ကျောင်းတက်တာတောင် အဖြူ၊ အစိမ်း မဝတ်ကြရှာဘူး။ တချို့ ကျောင်းသားလေးတွေရဲ့ ကျောင်းစိမ်းလေးတွေကို ငေးမောကြည့်ရင်း ကိုယ့်ဝတ်စုံက ဖါရာထေးရာဗလပွကို အပျော်နဲ့ တွေးတတ်သူလေးတွေ။ ဗလာစာအုပ်ထက် အလယ်စာရွက် တစ်ရွက်ခြင်းစီဖြုတ်ပြီး စာရေးကြရသူလေးတွေ။ ဒါက တစ်ချိန်မှာ အင်အားဖြစ်လာနိုင်တဲ့ မြို့ကလေးရဲ့ ရင်သွေးငယ်လေးတွေ။
မြို့လေးဟာ သူ့ရင်သွေးတွေအတွက် ပင်ပန်းတကြီးနဲ့ နှလုံးအိမ်ကို အဖေါက်ခံရင်း နှလုံးသွေးတွေထုတ်ပေးခဲ့ဖူးတယ်။ ခုထိလည်း ဆက်လက်ထုတ်ပေးနေဆဲ။ ဒါပေမယ့်လည်း မြို့လေးရဲ့ရင်သွေးတွေအတွက် မဟုတ်တော့ဘူး။ စီမံကိန်းဆိုတာရဲ့ နွားတစ်ကောင် အဖြစ်ရောက်ရရှာပြီ။ ရင်သွေးအတွက်မဟုတ်ပါပဲ ကိုယ့်နှလုံးသွေးကို ထုတ်ပေးရတာကို့ သူတော်တော်ငြိုငြင်နေမိပြီ။
ဟော့ဒီမြို့လေးထဲကို စီမံကိန်းတွေကိုယ်စီနဲ့ ဖြူဖြူတွေ မည်းမည်းတွေ လှိမ့်ဝင်လာခဲ့ကြတယ်။ မြို့သူမြို့သားတွေအတွက် အဆိပ်ခတ်တဲ့ တိုးတက်ခြင်းတွေ သယ်ဆောင်လာကြတယ်။ မြို့ရဲ့ သမီးပျိုတွေအတွက် မက်လောက်စရာ သရုပ်ပျက်မှုတွေကို ညစဉ်ပါတီဖွင့်ကြတယ်။ မြို့ရဲ့ လူငယ်တွေအတွက် လုပ်အားနဲ့မထိုက်တန်တဲ့ လစာနဲ့ အလုပ်တစ်ပုံတစ်ပင်ရှိတယ်။ လစာဟာ လုပ်အားနဲ့ မထိုက်တန်မှန်းသိရက်နဲ့ ခေါင်းငုံ့ငြိမ့်ခံသူတွေ ဒုနဲ့ဒေး။ မြို့လေးရဲ့ နှလုံးသွေး အမည်းရောင်တွေကိုကြည့်ရင်း ဒို့နိုင်ငံအတွက် ကျန်ပါ့မလားတွေးသူတွေ ဒုနဲ့ဒေး။ မင်းသားခေါင်းဆောင်းထားတဲ့ ဖြူဖြူမည်းမည်းတွေအတွက် အသက်ပေးရင်း တာဝန်ထမ်းဆောင်နေသူတဲ့ ခေတ်သစ်လက်ပါးစေတွေ ရှိတယ်။ မြို့လေးရဲ့ နေရာတော်တော်များများဟာ ဖြူဖြူမည်းမည်းတွေငှားထားတဲ့ နေရာချည်းပဲ။ နယ်ဝေးက စက်မှုကျောင်းသားလေးတွေအတွက်တောင် ငှားစရာနေရာမရှိ ဆိုတဲ့အသိက မြို့လေးကို ရင်နာစေတယ်။ ကိုယ့်လူမျိုးအတွက်နေရာမရှိဘူး ဆိုတဲ့အသိနဲ့…လေ။
ဟော့ဒီမြို့လေးထဲမှာ အိမ်တစ်လုံးပိုင်ဖို့ကြိုးစားရင်း အသက်မဲ့သွားသူတွေရှိတယ်။ အိမ်ပိုင်ကနေ အိမ်မဲ့ဖြစ်သွားသူတွေရှိတယ်။ မြို့သူမြို့သားတွေ ချစ်တဲ့ စမ်းချောင်းလေးရှိတယ်။ တောအထပ်ထပ် တောင်အသွယ်သွယ်ကို ကျော်ပြီးမှ ရောက်တဲ့စမ်းချောင်းလေး။ ခုတော့ အဲ့ဒီစမ်းချောင်းလေးကို ဖြူဖြူမည်းမည်းတွေကသာ အကျွမ်းတဝင်ဖြစ်နေတယ်။ ဘာဆိုဘာမှ ထုတ်ဖေါ် မပြောကြပေမယ့် မြို့သူမြို့သားတွေရဲ့ မျက်နှာညိုနေပြီ။ ဟော့ဒီမြို့လေးက အိုဟောင်းမှုမြန်လွန်းတယ်။ သစ်လွင်တာဆိုလို့ ဖြူဖြူမည်းမည်းတွေသာ ရှိတော့တယ်။ ခြေနဲ့ ညွှန်ပြပြီး ခိုင်းတတ်တဲ့အကျင့်ကို မြို့လူငယ်လေးတွေမကြိုက်ကြဘူး။ ဒါပေမယ့်လည်း မာန်လျှော့ခဲ့ကြရှာတယ်။ မြို့လေးဟာ သူ့ရင်သွေးတွေကို ကြိုးကြိုးစားစားနဲ့ နိုးထနေစေ့ချင်တယ်။ ဒါပေမယ့်လည်း ဖြစ်လာသလိုနေရမှာပေါ့ ဆိုတဲ့အတွေးတွေနဲ့ သူ့ရင်သွေးတွေဟာ အိပ်ငိုက်တုန်း။
ဟော့ဒီမြို့လေးထဲမှာ တိုးတက်ခြင်းထက် ရေကြည်ရာမြက်နုရာသာ ရှာဖွေချင်တဲ့ လူငယ်တွေရှိတယ်။ မြို့လေးရဲ့ သမီးပျိုတွေဟာ လူမြိုမှလူမျိုးပျောက်မယ် ဆိုတဲ့စာကို ဖတ်တတ်ဖို့အတွက် စာမသင်ခဲ့ရရှာဘူး။ တချို့သမီးပျိုတွေဟာ လှော်ရင်းကျိုးတဲ့ တက်အတွက် ခြေနဲ့ လှော်ဖို့ထက် ကမ်းတဲ့လှော်တက်ကို မြတ်နိုးတတ်လာကြပြီ။ တချို့ သမီးပျိုတွေကတော့ ခြေနဲ့ လှော်ဖို့ကြိုးစားပေမယ့် ပန်းတိုင်မရောက်ခင် အတွန်းတိုက်ခံရသတဲ့။ အမျိုးစောင့်တရားဟာ ပျက်သထက်ပျက်လာပြီလား အတွေးနဲ့ မြို့ကလေး ငိုကြွေးရပြန်ပါတယ်။ အမျိုးစောင့်တရားဟာ မိန်းကလေးမှာတင်သာမက ယောင်္ကျားလေးတွေမှာပါ ရှိရတယ် ဆိုတဲ့ အသိကို မြို့လေးရဲ့ ရင်သွေးတွေ မေ့နေကြလေရဲ့။
ဟော့ဒီမြို့လေးအတွက် တိုးတက်ခြင်းတွေ သယ်ဆောင်ဖို့ဟာ မြို့လူငယ်တွေရဲ့ သမိုင်းပေးတာဝန်ဖြစ်ကြောင်း မြို့လေးက ပြောပြချင်နေတယ်။ မာန်လျှော့ပါ။ တိုးတက်မှုမလျှော့နဲ့ ဆိုတဲ့စကားကို ပြောပြချင်နေတယ်။ အမျိုးကို မနှစ်မိပါစေနဲ့ ဆိုတဲ့စကားကို မြို့ကလေး ခဏခဏရေရွတ်နေမိတယ်။ ဒါပေမယ့်လည်း ဒန့်ကျွဲပင် ပုခတ်ဆင်နေတဲ့ လူငယ်တွေကြား သူ့စကားဟာ အရာမရောက်ခဲ့။ တချို့ မိန်းမငယ်တွေဆို ဖြူဖြူမည်းမည်းတွေရဲ့ သီးသန့်ဆိုလားပဲ။ မြို့ ကလေးက တိတ်တိတ်ဆိတ်ဆိတ်ငိုသွားတယ်။ သူ့စိတ်က မကျေနပ်ပေမယ့်လည်း သူ့တစ်ကိုယ်လုံးနီးပါးဟာ ဖြူဖြူမည်းမည်းတွေရဲ့ နေရာဖြစ်ခြဲ့ပီ။ ဒါပေမယ့်လည်း မျှော်လင့်ချက်ကရှင်သန်ဆဲ။ တစ်ချိန်မှာ လူငယ်တွေ နိုးထလာပါလိမ့်မယ်.. ဆိုတဲ့ မျှော်လင့်ချက်နဲ့။
ခြေမချတာ ကြာပြီဖြစ်တဲ့ မြို့လေးရဲ့ အဝေးရောက်ရင်သွေးငယ်တချို့ ပြန်လာကြတယ်။ သူတို့ရဲ့ အောင်မြင်မှုအသီးသီးကို မြို့လေးရဲ့ နေရာအနှံ့အပြားမှာ ကြွေးကြော်ကြတယ်။ မြို့လေးရဲ့ ခမ်းနားထည်ဝါဖူးတဲ့ အခင်းအကျင်းတွေကို ရေရွတ်ရင်း လွမ်းပြကြတယ်။ မြို့လေး ကျေနပ်နေမိရဲ့။ သူတို့ဟာ မြို့လေးအတွက်၊ မြို့လေးရဲ့ရင်သွေးတွေအတွက် တစ်ခုခုတော့ ကူညီနိုင်တော့မယ် ဆိုတဲ့အတွေးနဲ့လေ။
မြို့ကလေး ထပ်ငိုရပြန်ပြီ။ အလည် ဆိုတဲ့စကားကို ထပ်ခါထပ်ခါ ပြောနေတဲ့ ရင်သွေးလေးတွေကိုကြည့်ရင်း မြို့လေးထပ်ငိုရပြန်ပါပြီ။ ရင်သွေးငယ်တွေဟာ ကိုယ့်မွေးရပ်မြေအတွက် တိုးတက်အောင် ကြိုးစားသင့်တယ် မဟုတ်ဖူးလား။ ရဲရင့်ခြင်းဖခင်ရဲ့ အတွေးအခေါ်ကို မီတဲ့ ရင်သွေးငယ် တစ်ယောက်တစ်လေတောင် မထွန်းကားခဲ့ဘူး။
ရေမကြည်တဲ့နေရာအတွက် မြက်နုရှိမှာမဟုတ်ဘူးဆိုတဲ့အတွေးနဲ့ သူတို့ပြန်သွားကြတဲ့နေ့က မြို့ကလေး သေဆုံးသွားခဲ့တယ်။
……………….