အောင်သူဝင်းသည် ချစ်ဇနီးခင်သက်ဝေ၏ အထင်အမြင်လွဲမှားမှုကြောင့် ရုံးတက်ရသည်မှာ စိတ်လက် မကြည်မသာဖြစ်နေသည်။ ခင်သက်ဝေကလည်း အောင်သူဝင်း၏ Laptop မှ Wallpaper ကြောင့် စိတ် ထဲအခဲမကြေဖြစ်နေပြီး အောင်သူဝင်းကို ထမင်းပင်ထုပ်မပေးချေ။
အောင်သူဝင်းက Laptop ထဲတွင် ၀န်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များ ပါသဖြင့် မရမက အတင်းတောင်းလာသောကြောင့်သာ ခင်သက်ဝေက မပေးချင်ပေးချင်ဖြင့် ပေးလိုက်ခြင်းဖြစ်သည်။ ထိုသို့ပေးလိုက်ရာတွင်လည်း Wallpaper ပုံကို သူ့ဓာတ်ပုံကို ပြောင်းထားလိုက်သည်။ Wallpaper ပုံကို ပြောင်းလို့ မရအောင် လုပ်ပေးလိုက်သည်။
ခင်သက်ဝေက အောင်သူဝင်းအပေါ် အချစ်ကြီးပြီး သ၀န်တိုနေခြင်းကြောင့်သာ ဤကဲ့သို့ ပြဿနာ ပေါ်နေခြင်းဖြစ်သည်။ အောင်သူဝင်းကတော့ ဖြေရှင်းခွင့် မရသောကြောင့် ဒေါပွကာ ချောနှမခင်သက်ဝေ အနားကပ်ခွင့်မရ ဖြစ်နေသည့်ကို ကြိတ်မနိုင်ခဲမရဖြစ်နေသည်။
ရုံးရောက်တော့ အခြေအနေအရပ်ရပ်ကို စနည်းနာကြည့်လိုက်တော့ အောင်သူဝင်း၏ လက်စွဲတပည့် ကျော်လက်ချက်မှန်း သိသွားသည်။ အောင်သူဝင်းက ထိုအကြောင်းကို ခင်သက်ဝေထံသို့ ဖြစ်ကြောင်း ကုန်စင် တယ်လီဖုန်းဖြင့် ထုချေရှင်းလင်းသည်။
“ကိုအောင်သူဝင်း”
“ဝေ”
“ဒီကိစ္စက ရှင်တို့ ဆရာတပည့်နှစ်ယောက်တစ်ကြိတ်တည်း တစ်ဥာဏ်တည်းပဲ...ဘာမှ ဖြေရှင်းချက် မပေးနဲ့...ဝေ...အရမ်းစိတ်တိုနေတာနော်”
ပြောပြောဆိုဆိုနှင့် ခင်သက်ဝေက တယ်လီဖုန်းချသွားသည်။ အောင်သူဝင်းက ဖုန်းကို ခဏခဏ ပြန်ခေါ်သောအခါ ခင်သက်ဝေက Power ကို ပိတ်သွားသည်ဖြင့် “ဟူး”ကနဲ သက်ပြင်းချကာ လက်မှိုင်ချလိုက်ရလေသည်။
အောင်သူဝင်းက နာရီကို တစ်ချက်ကြည့်လိုက်ပြီး တပည့်ကျော်ကို ခေါ်ကာ အပြင်ထမင်းဆိုင်တွင် နေ့လယ်စာစားရန် ထွက်သွားလေသည်။
♥♥♥♥♥♥♥
ခင်သက်ဝေက ကုမ္ပဏီမှ မိမိတိုက်ခန်းသို့ ပြန်လာခဲ့သည်။ တိုက်ခန်းပေါ်တက်မည့် လှေခါးနားအရောက်တွင် လူတစ်ယောက်က သူ့နောက်မှ ကပ်ပြီးလိုက်လာသည်ကို သတိထားမိ လိုက်သည်။ အခန်းတံခါးဝသို့ ရောက်သောအခါတွင် မောင်လေးတို့လင်မယား အပြင်သွားနေသဖြင့် သော့ခတ်ထားသည်ကို တွေ့ရသည်။ အိတ်ထဲမှ သော့ကို ထုတ်ပြီးဖွင့်ရန်ပြင်လိုက်စဉ်-
“ခင်...ကိုကို ဖွင့်ပေးမယ်”
“ရှင်...ဘာပြောတယ်”
ခင်သက်ဝေ၏ရင်ထဲ ဒိန်းကနဲဖြစ်သွားသည်။ ထိုသူကို အလန့်တကြားကြည့်လိုက်သည်။ တစ်ခါမှ မြင်တွေ့ဖူးခြင်းမရှိသည့် လူစိမ်းတစ်ယောက်ဖြစ်နေသည်။ မိမိကို အန္တရာယ်ပေးမည့်သူ တစ်ယောက်မှန်း ရိပ်စားမိလိုက်သည်။
“ခင်...ကိုကို့ကို မမှတ်မိတော့ဘူးလား”
“ရှင့်ကို ကျွန်မ...မသိဘူး၊ ခဏနေ ကျွန်မယောက်ျား ပြန်လာတော့မှာနော်၊ ရှင်...အခုထွက်သွားပါ”
ခင်သက်ဝေက ပတ်ဝန်းကျင်မှ အကူအညီရလိုရငြားလှမ်းကြည့်လိုက်သည်။ ရန်ကုန်မြို့၏ ထုံးစံအတိုင်း တခြားအခန်းတွေက အတွင်းမှ ဂလန့်ချထား၍ အပြင်တွင် ဘာဖြစ်နေသည်ကို တော်တန်ရုံ မသိကြ ချေ။
“ခင်ရယ်...အခုတော့ ကိုကို့ကို စိမ်းရက်နိုင်ပြီပေါ့နော်”
“ကျွန်မ...အော်လိုက်မယ်နော်၊ ရှင်...အခု ထွက်သွားပါ”
ထိုစဉ် အောက်ထပ်မှ လူတက်လာသည့်အသံကို ကြားလိုက်ရသဖြင့် ခင်သက်ဝေ အားတက်သွား သည်။ လူစိမ်းမှာ အနားမှ ထွက်မသွားသည့်အပြင်-
“ခင်...ကိုကို့ကို မေ့နိုင်ပေမယ့်...ခင်နဲ့ကိုတို့ရဲ့ သမီးလေးကိုတော့ မစိမ်းကားပါနဲ့ကွာ”
လူစိမ်းက ပြောလေသည်။
“ကျွန်မနဲ့ရှင်နဲ့ ဘာမှ မပတ်သက်ဘူး၊ ကျွန်မမှာ သမီးလည်းမရှိဘူး၊ သွား...အခုထွက်သွား”
ခင်သက်ဝေ ဒေါသပေါက်ကွဲပြီး အောက်ဟစ်လေသည်။
“ဝေ...ဘာဖြစ်နေကြတာလဲ”
လှေကားမှ တက်လာသူမှာ ရုံးမှ ပြန်လာသော အောင်သူဝင်းဖြစ်နေသည်။ အခြေအနေကို မြင်တွေ့စသွားပြီး ခင်သက်ဝေကို လှမ်းမေးလိုက်သည်။
“မောင်...”
ခင်သက်ဝေက အားကိုးတကြီးနှင့် အောင်သူဝင်းကို လှမ်းခေါ်လိုက်သည်။ အောင်သူဝင်းက ကယ်တင်ရှင် သူရဲကောင်းကြီးပမာ မျက်နှာခက်ထန်စွာဖြင့် သူစိမ်းကို ကြည့်လိုက်သည်။
“ဝေ...သူကဘယ်သူလဲ”
“ကျွန်တော်က ဒီက ခင်...အဲ...မခင်သက်ဝေရဲ့ ခင်ပွန်းဟောင်းပါခင်ဗျာ”
“ဗျာ”
“ရှင်”
အောင်သူဝင်း ရော ခင်သက်ဝေပါ အံ့သြသွားလေသည်။
“ဟာဗျာ...ဝေက ကျွန်တော့ မိန်းမပါ...”
“တကယ်ပြောတာပါဗျာ...ဒီမှာ ကြည့်ပါဗျာ...သူနဲ့ကျွန်တော့်ရတဲက သမီးလေးဓာတ်ပုံပါ”
လူစိမ်းက အိတ်ထဲက ငါးနှစ်အရွယ် ကလေးငယ်၏ ဓာတ်ပုံကို ထုတ်ပြသည်။ အောက်သူဝင်းက ခင်သက်ဝေကို အကြည့်တစ်မျိုးဖြင့်လှမ်းကြည့်လိုက်ပြီးနောက်-
“ဘယ်လိုလဲဝေ”
“ဝေ...စိတ်ညစ်လာပြီ...ရှင်...ကျွန်မတို့လင်မယားကြား ဘာလာရှုပ်တာလဲ”
“ကဲပါ...အခန်းဖွင့်...အထဲမှာ ဒီကိစ္စကို ရှင်းကြမယ်”
အောင်သူဝင်းက မျက်နှာကြီးနီရဲလျက် ခင်သက်ဝေကို လှမ်းပြောလိုက်သဖြင့် ခင်သက်ဝေက ကတုန်ကယင်ဖြင့် အခန်းသော့ကို အမြန်ဖွင့်လိုက်သည်။ သုံးယောက်သား အခန်းထဲသို့ရောက်သည့် အခါတွင် အောင်သူဝင်းက တံခါးကို အတွင်းမှ ပြန်ပိတ်လိုက်ပြီးနောက် ဂျက်ချလိုက်လေသည်။
“ကဲဗျာ...ဝေလဲ ထိုင်...ဟိုလူလဲထိုင်”
အောင်သူဝင်းက ဧည့်ခန်းက ဆက်တီပေါ်တွင် ထိုင်ခိုင်းလိုက်သည်။ ခင်သက်ဝေမျက်နှာမှာ ဇီးရွက်လောက်ငယ်နေပြီး အောင်သူဝင်းမျက်နှာကို မကြည့်ဝံ့ဖြစ်နေသည်။ လူစိမ်းက သူ့အင်္ကျီအိတ် ထဲမှ ဓာတ်ပုံ ၃-၄ ပုံကို ထုတ်လိုက်သည်။
“အဲဒါက ဘာတွေလဲဗျ”
အောင်သူဝင်းက လူစိမ်းကိုလှမ်းမေးလိုက်သည်။
“ခင်နဲ့ ကျွန်တော် ရည်းစားဘ၀တုန်းက တွဲရိုက်ထားတဲ့ပုံတွေပါ။ ဒီပုံကတော့ ခင်နဲ့ ကျွန်တော့် သမီးလေးပုံပါ”
“ရှင်...ဘာတွေ မဟုတ်တာလုပ်မလို့လဲ”
ခင်သက်ဝေက အော်ပြောလိုက်သည်။ အောင်သူဝင်းက လူစိမ်း၏လက်ထဲမှ ဓာတ်ပုံများကို ယူကြည့် သည်။ ထို့နောက် အောင်သူဝင်းက ခေါင်းကို တစ်ချက်ညိတ်လိုက်ပြီးနောက်-
“ခင်...ဒီဓာတ်ပုံတွေအရဆိုရင် ခင်နဲ့ဒီလူ တော်တော်ရင်းရင်းနှီးနှီး ရှိခဲ့တာပဲ”
“မောင်...သူလာပြီး...မောင်နဲ့ဝေတို့ကြားမှာ ပြဿနာရှာနေတာကို မောင်မယုံပါနဲ့နော်”
ခင်သက်ဝေက ငိုသံပါကြီးနှင့်ပြောသည်။
“ခင်ရယ်...ကိုကို့နောက် ပြန်မလိုက်ချင်နေပါနော်၊ သမီးလေးကို ခွဲသွားရက်တာကြောင့် ကိုကိုလာခဲ့ တာပါ”
လူစိမ်းက ၀င်ပြောသည်။
“ဘာ...သမီးလဲ...ရှင့်ကို ကျွန်မ အခုမှ မြင်ဖူးတာ...ရှင်...နော်...ဘယ်လို အကြံနဲ့ ကျွန်မတို့ဆီ ရောက်လာတာလဲ”
“ကျွန်တော်လဲ သိပ်မရှင်းဘူး...ဟေ့လူ...ခင်ဗျားနဲ့ဝေနဲ့ ဘယ်တုန်းက ဘာတွေဖြစ်ခဲ့တာလဲ၊ ဒီဓာတ်ပုံထဲက အတိုင်းဆိုရင်တော့ ခင်ဗျားတို့...ကျွန်တော် ဆက်မပြောချင်တော့ဘူးဗျာ”
အောင်သူဝင်းက စိတ်ရှုပ်စွာဖြင့် ခေါင်းကုတ်နေသလို ခင်သက်ဝေက မျက်ရည်တွေ စီးကျလာသည်။
“ဒီလိုပါဗျာ...တိုတိုပြောရရင်...ဒီက ခင်နဲ့ကျွန်တော်က ငယ်ရည်းစားတွေပါ။ ခင်...လွန်ခဲ့တဲ့ ၇ နှစ် လောက်မှာ သူနဲ့ကျွန်တော်လက်ထပ်ပြီး သမီးလေးမွေးပြီးချိန်မှာတော့ ကျွန်တော်တို့မြို့ကနေ LCCI သင်တန်းတက်မယ်ဆိုပြီး အစဖျောက်သွားတာပါ။ သမီးလေးကို ပစ်ထားရက်တယ်ဗျာ”
“ဝေ...သူပြောတာတွေ အမှန်ပဲလား”
“မောင်...လုံးဝ မဟုတ်ဘူးနော်၊ ဝေ့ကို ယုံပါနော်...”
ခင်သက်ဝေက အောင်သူဝင်းလက်ကို ဆွဲပြီး အားကိုးတကြီးဖြင့်ပြောနေသည်။ အောင်သူဝင်းက ခင်သက်ဝေ လက်ကို ဆွဲဖယ်လိုက်သည်။
“ဒီမယ်...ဝေ...သူက ဓာတ်ပုံတွေနဲ့လာပြီး...ဝေ...ဟာ သူ့မိန်းမလို့ပြောနေတာနော်...မောင်...ဘာကို ယုံရမှာလဲ”
“ဒီမယ် အစ်ကို...”
လူစိမ်းက အောင်သူဝင်းကို ပြောသည်။
“ခင်ဗျား...ဘာပြောချင်လို့လဲ”
“ခင့်ကို ကျွန်တော် ပြန်မခေါ်သွားပါဘူး၊ သမီးလေးကိုသာ သူ့မိခင်ဆီ မှာ ထားခဲ့ချင်တာပါ။ ကျွန်တော်က နိုင်ငံခြားမှာ သွားပြီး အလုပ်လုပ်တော့မယ်။ သမီးလေးကိုတော့ အဝေးကပဲ ထောက်ပံ့ပေးပါမယ်ဗျာ။ အစ်ကို့အနေနဲ့ သမီးလေးကို ဖခင်အရင်းလို ထိန်းသိမ်းစောင့်ရှောက်ပေးပါ နော်”
“မဟုတ်ဘူး...မဟုတ်ဘူး...မောင်ရယ်...ဝေ့ကို အထင်မလွဲလိုက်ပါနဲ့...”
ခင်သက်ဝေ မျက်ရည်ဖြိုင်ဖြိုင်ကျလေပြီ။ အောင်သူဝင်းက ဆုံးဖြတ်ရခက်နေပေပြီ။
ထိုစဉ် အပြင်မှ တံခါးခေါက်သံ ကြားလိုက်ရသည်။
“မင်း...မောင်လေးတို့ လင်မယား ပြန်လာပြီထင်တယ်”
အောင်သူဝင်းက ပြောပြောဆိုဆိုနှင့် တံခါးသွားဖွင့်ပေးလိုက်သည်။ ခင်သက်ဝေ၏မောင်လေး လင်မယားက စားစရာများ ကိုင်ဆောင်ပြီး အခန်းထဲကို ၀င်လာကြသည်။
“အစ်မ...ဘာလို့ငိုနေတာလဲ”
ခင်သက်ဝေ ငိုနေသည်ကို မြင်လိုက်ရသဖြင့် လှမ်းမေးလိုက်သည်။
“မမ...ဘာဖြစ်လို့လဲ...ဟင်” ခယ်မဖြစ်သူကလည်း တယုတယလာမေးသည်။
“မောင်လေး...မမကို ကယ်ပါဦးနော်”
“ဟာ...ယောက်ဖ”
လူစိမ်းက လှမ်းပြောလိုက်သဖြင့် အောင်သူဝင်းက ပါးစပ်အဟောင်းသားဖြစ်သွားသည်။
“ဘာဗျ...ခင်ဗျား...ဘယ်သူလဲ”
“ယောက်ဖကလည်းကွာ...မင်းအစ်မ အရင်ယောက်ျားလေ”
“ဘာပြောတယ်ဗျ”
ခင်သက်ဝေ၏မောင်က ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။
“မင်းအစ်မရဲ့ အရင်ယောက်ျားလေ...မမှတ်မိတော့ဘူးလား...ယောက်ဖ”
“ဟာဗျာ...ခင်ဗျားကို ကျွန်တော် မြင်တောင်မမြင်ဘူးဖူး”
“ဒီမယ်ကွာ မင်းရဲ့တူမလေးပုံ...မင်းအစ်မနဲ့ ငါနဲ့ရထားတဲ့ သမီးလေးလေ”
လူစိမ်းက ကလေးပုံကို ပြလိုက်သည်။
“ခင်ဗျား...အရမ်းလွန်လာပြီဗျာ...”
“ခွပ်”
ခင်သက်ဝေ၏မောင်က ဒေါသတကြီးဖြင့် စိတ်ကို မထိန်းနိုင်ဘဲ လူစိမ်း၏ မျက်နှာကို လက်သီးနှင့် ထိုးချ လိုက်သည်။ ရုတ်တရက်မို့ ရှောင်ချိန်မရလိုက်ဘဲ လူစိမ်းမှာ အီစလံဝေသွားလေသည်။
“မလုပ်ပါနဲ့...မောင်လေးရယ်”
“ခင်ဗျား...ဒီကပြန်သွားပါတော့ဗျာ...ကျွန်တော်တို့လင်မယား အထင်မြင်မှားပြီး အဆင်မပြေဖြစ်နေတဲ့ အချိန်မှာ လက်လွန်ခြေလွန်ဖြစ်ကုန်မယ်၊ နောက်မှ အေးအေးဆေးဆေး ရှင်းကြရအောင်နော်”
အောင်သူဝင်းက လူစိမ်းကို ဆွဲထူလိုက်ပြီး အခန်းထဲက ထွက်သွားရန် ပြောသည်။
“ခင်...ကိုကို ပြန်လာခဲ့မယ်နော်...ဒီမှာ ကိုတို့တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ သမီးလေး ဓာတ်ပုံကို ထားခဲ့မယ်”
လူစိမ်းက ဓာတ်ပုံများကို စားပွဲပေါ်လှမ်းတင်လိုက်ပြီး တံခါးမှ အပြင်သို့ထွက်ခွါသွားလေသည်။ အောင်သူဝင်းက တံခါးကို ဂျက်ပြန်ချပြီးနောက် စားပွဲပေါ်မှ ကလေးပုံကို ယူကြည့်လိုက်သည်။
“ဝေနဲ့ တော်တော်တူတယ်နော်”
“မောင်”
“ဘာလဲ...ဝေ...သမီးလေးကို ခေါ်ထားချင်လို့လား”
“မောင်...ဝေ့ကို မနှိက်ပါနဲ့နော်...ဒီကလေးက ဝေ့ကလေး...လုံးဝမဟုတ်ဘူး”
“ဟုတ်တယ်အစ်ကို...အစ်မက ဘယ်ယောက်နဲ့မှ လက်ထပ်ခဲ့တာ မဟုတ်ဘူး”
“မင်းက...မင်း...အစ်မ ဖက်က ကာကွယ်ပေးနေတာလား”
“မဟုတ်ပါဘူး အစ်ကိုရာ...တကယ်ပြောတာပါ”
“ဟုတ်ပါတယ်...မောင်ရယ်...ဝေ...ကျိန်ဆို ကျိန်ပြပါမယ်နော်”
အခုအချိန်တွင် ခင်သက်ဝေ၏ မျက်နှာမှာ မျက်ရည်စများ စိုရွှဲနေပြီး အောင်သူဝင်းကို မည်ကဲ့သို့ ဖြေရှင်းရမည်မသိဖြစ်နေသည်။
“ဒါဆို...သူပြတဲ့ ဓာတ်ပုံတွေက ဝေနဲ့သူနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေပဲ”
“မောင်ရယ်...ဝေပြောပြမယ်...သေသေချာချာနားထောင်နော်”
“ပြောလေ...”
“အခုလို ကွန်ပျူတာနဲ့ ဓာတ်ပုံတွေကို လိုသလို ပြုပြင်လို့ ရတဲ့အချိန်မှာ ဒီဓာတ်ပုံတွေဟာ အစစ်အမှန် လို့ မောင်ယုံသလား”
“ဟုတ်တယ်အစ်ကို...အစ်မပြောတာ လက်ခံရမယ်”
ထိုစဉ် ခင်သက်ဝေ၏ ခယ်မက ဓာတ်ပုံများကို စူးစူးစိုက်စိုက်ကြည့်လိုက်ပြီးနောက်-
“အစ်ကို...ဓာတ်ပုံတွေက အတုတွေ” ဟု ၀င်ပြောလေသည်။
အောင်သူဝင်းက ဓာတ်ပုံတစ်ပုံကို ယူကြည့်လိုက်သည်။ အောင်သူဝင်း၏ မျက်လုံးကြီး ပြူးကျယ် သွားလေသည်။ ခင်သက်ဝေ၏ ပခုံးပေါ်မှ န၀ရတ်လက်စွပ်ကြီးမှာ ထင်ထင်ရှားရှားဖြစ်နေခြင်း ကြောင့် ပင်။
“ဒီမယ်လေ...အစ်ကို့လက်နဲ့ မမ ပခုံးကို ဖက်ထားတာ...အခု အစ်ကို ၀တ်ထားတဲ့ န၀ရတ်လက်စွပ် ကြီးကို ပြူးနေတာပဲ”
“ဟုတ်တယ်နော်...ဒါဆို အစ်ကို့ နေရာမှာ ကွန်ပျူတာပညာနဲ့ သူ့ပုံကို အစားထိုးပြီး မောင်တို့ကို လာပြီး ဒုက္ခပေးသွားတာပေါ့နော်”
“အင်းပေါ့...မောင်ရဲ့...”
အခုမှ ခင်သက်ဝေမှာ ပြုံးနိုင်တော့သည်။ အောင်သူဝင်းကလည်း ခင်သက်ဝေအပေါ် နားလည်ပြီး ဘ၀င်ကျသွားလေသည်။
“ဒါဆို...ဝေ...”
“ပြောလေ...မောင်”
“မောင့် ကွန်ပျူတာက Wallpaper က ပုံကြောင့် မောင့်အပေါ်အထင်မြင်မှားနေတာကို အခုဖြစ်တာ နဲ့ ယှဉ်ပြီး နားလည်ခွင့်လွှတ်နိုင်လား”
“အင်း...အဲဒါကတော့...”
“အဲဒါက...ဘာဖြစ်လဲ...ဝေရဲ့”
“ဝေပြောမယ်နော်...Wallpaper ဆိုတာ တစ်ယောက်ယောက်က မောင်မရှိတဲ့အချိန် လာပြောင်းထားတာ ဖြစ်နိုင်တာပဲ...၊ ဝေ သဘောပေါက်ပါပြီ”
“ဒါဆို...မောင့်လို့ ယောင်လို့တောင် မခေါ်တော့ဘူးဆိုတာ ပယ်ဖျက်လိုက်ပြီပေါ့”
“ဒါပေါ့...မောင်ရဲ့”
“အစ်မ...”
“ပြောလေ...မောင်လေး”
“ကျွန်တော်တို့နှစ်ယောက် ည ရထားနဲ့ ပြန်တော့မယ်၊ ချစ်လေးတို့ အိမ်က သဘောတူပါတယ်၊ ချက်ချင်းပြန်လာပါတဲ့”
“ဟုတ်တယ်မမ...ညီမတို့လင်မယား...အဲလေ...နှစ်ယောက်...”
“ညီမလေးကလည်း အခုမှ ရှက်မနေစမ်းပါနဲ့ လင်မယားဟာ လင်မယားပဲပေါ့”
“အင်းပါ...မမရဲ့မောင်ကို ချစ်လွန်းလို့ ခိုးရာလိုက်လာတာ...အင်တာနက်ဆိုင်က ညီမ မရှိရင် မဖြစ်ဘူး၊ ညီမတို့ မင်္ဂလာဆောင်ကို လာဖြစ်အောင်လာခဲ့နော်”
“စိတ်ချပါ...ညီမလေးရယ်...မမမှာ ပြေးကြည့်ရင် ဒီမောင်နှမ နှစ်ယောက်ရှိတာ...မေမေနဲ့ဆို သုံးယောက်ပေါ့၊ လာဖြစ်အောင်လာခဲ့မယ်”
“ဒါဆို...ကျွန်တော်တို့ဝယ်လာတဲ့ ခေါက်ဆွဲကြော်နဲ့ ကြာဇံကြော် အတူတူစားကြရအောင်နော် အစ်ကို နဲ့အစ်မ”
“အဲဒါ အကောင်းဆုံး အစီအစဉ်ပဲဟေ့”
ချစ်စကြင်စ လင်မယားနှစ်ယောက်နှင့် အဆင်ပြေစလင်မယားနှစ်ယောက်တို့သည် ခေါက်ဆွဲကြော် နှင့် ကြာဇံကြော်ကို အားရပါးရ ရယ်ရယ်မောမော ပျော်ပျော်ပါးပါးစားကြလေသည်။ ည ရထားကို အောင်သူဝင်းနှင့် ခင်သက်ဝေတို့က လိုက်ပို့ရင်း ယောက္ခမကြီးအတွက် J-Donut ၊ တရားခွေများကို လက်ဆောင်ထည့်ပေးလိုက်လေသည်။
ရထားကြီး ဘူတာမှ ထွက်ခွါသွားသည်နှင့် အောင်သူဝင်းနှင့် ခင်သက်ဝေတို့က လက်ပြနှုတ်ဆက်ပြီး နောက် တစ်ယောက်လက်ကို တစ်ယောက်ဆွဲကာ အိမ်ကို ပြန်လည်ထွက်ခွါခဲ့ကြလေသည်။
♥♥♥♥♥♥♥
ပန်းဆိုးတမ်းလမ်းရှိ J-Donut ဆိုင်ထဲတွင် ဖြစ်သည်။
“ဟေ့ကောင်...အောင်သူဝင်း”
ပါးတစ်ခြမ်းရောင်နေသောသူက အောင်သူဝင်းကို ခေါ်လိုက်သည်။
“ဘာလဲကွ...မင်း ပါးတစ်ခြမ်းရောင်တာ...ငါ့ယောက်ဖ ဒီဇာတ်လမ်းထဲမှာ ပါလာမယ် မထင်လို့ ဖြစ်တာပဲ”
“အေးပါကွာ...ငါက မင်းအကူအညီတောင်းလို့သာ ကူညီပေးရတာ...မင်းမိန်းမက ဘယ်အချိန်များ ပါးချလိုက်မလဲလို့ တွေးပူနေတာ...မင်းမိန်းမက ထူပူပြီး ငိုနေလို့ မပြီးတော့ မင်းယောက်ဖက တကယ် တွယ်လိုက်တာ အခုအထိ နာတုန်းပဲ”
“အေးပါ...ငါ...ဒီအတွက် တောင်းပန်ပါတယ်”
“ကျေနပ်ပါတယ်...ငါနဲ့ မင်းနဲ့ သူငယ်ချင်းဆိုတာ မင်းမိန်းမ မသိလို့ တော်သေးတာပေါ့”
“ငါတို့ ဓာတ်ပုံပြင်တာ ဟောဒီငါ့လက်က န၀ရတ်လက်စွပ်ကို မဖျက်မိတော့ ဓာတ်ပုံက အတုမှန်း သိသွားကြပြီ”
“အစကတည်းက အတုပဲကွာ...ငါက မင်းကို အရမ်းအားနာတာ...”
“ငါက...ဝေ့ကို အရမ်းချစ်တာကွ...ဘယ်လိုနည်းနဲ့ ပြန်ပြီးအဆင်ပြေအောင်လုပ်ရမလဲဆိုတာ အိပ်ရင်း စဉ်းစားတယ်၊ ရုံးရောက်တော့လည်း စဉ်းစားတယ်၊ နောက်မှ အကြံရပြီး မင်းကို မရမက အကူအညီ တောင်းရတာပေါ့”
“မင်းတို့လင်မယားကတော့ အဆင်ပြေသွားပြီး ငါ့မှာတော့ ပါးတစ်ခြမ်း ယောင်သွားတာ အဖတ်တင် တယ်”
“အေးပါ သူငယ်ချင်းရာ...မင်းလည်း မိန်းမရလို့ နောင်အခုလို လင်မယားချင်း အဆင်မပြေရင် ငါက တစ်လှည့် ပြန်ပြီး ကူညီမှာပေါ့ကွာ”
“တော်ပါတော့ အောင်သူဝင်းရာ...မိန်းမတွေကို ကြောက်လွန်းလို့ပါ”
“ကြောက်မနေနဲ့...ကြောက်စရာ မဟုတ်ဘူး...ချစ်စရာကွ...ချစ်စရာကြီး”
♥♥♥♥♥♥♥
“ကိုအောင်သူဝင်း”
“ချလွမ်း”
ပထမ အသံမှာ အောင်သူဝင်း၏ ချစ်လှစွာသောဇနီး ခင်သက်ဝေက အိမ်ထဲကို ၀င်လာစဉ် ခေါ်လိုက် သည့်အသံဖြစ်ပြီး ဒုတိယအသံမှာ အောင်သူဝင်းအခန်းထဲအရောက်တွင် ခင်သက်ဝေက လက်မှ ကိုင်ထားသော လင်ပန်းဖြင့် အောင်သူဝင်း၏ခေါင်းကို ရိုက်ရန်ရွယ်ထားပြီးမှ မရိုက်ရက်သဖြင့် အောက်ကို လွှတ်ချလိုက်သည့်အသံဖြစ်သည်။
“အား”
တတိယအော်သံမှာ လင်ပန်းမှာ အောင်သူဝင်း၏ ခြေဖမိုးပေါ်သို့ ကျသွားသဖြင့် နာနာကျင်ကျင် အော်လိုက်သည့် အသံဖြစ်လေသည်။
“မောင်...နာသွားလား”
ခင်သက်ဝေက အောင်သူဝင်းခြေထောက်ကို ပွတ်ပေးပြီးနောက် ပရုပ်ဆီဗူးသွားယူကာ လိမ်းပေးလိုက် သည်။
“ဝေ...ဘာဖြစ်တာလဲ”
“မောင်”
“ဝေ”
“ဝေ့ကို ဓာတ်ပုံတွေပြပြီး လာစွပ်စွဲတဲ့ကိစ္စ မောင့်အကြံဆိုတာ ဝေ့သူငယ်ချင်းတစ်ယောက်က J-Donut ဆိုင်မှာ မောင်တို့ပြောတာကြားတော့ ဝေ့ဆီဖုန်းဆက်လို့ သိပြီးပါပြီ”
“ဟင်”
“မောင်ရယ်”
“ဝေရယ်”
“ဝေ နားလည်ပါပြီနော်... မစူးမစမ်း မဆင်ခြင်ဘဲ မောင့်ကို အထင်လွဲမိတော့ ပြဿနာ အကြီးအကျယ် မတက်ခင်ပြေလည်သွားတဲ့အတွက် မောင်လို့ ယောင်လို့တောင် မခေါ်ဘူးဆိုတာကို ရုပ်သိမ်းပါမယ် နော်”
“၀မ်းသာလိုက်တာ ဝေရယ်”
“ဝေ့အပါးက ခွါမသွားအောင် သမီးလေးရှိရင်ကောင်းမှာနော်”
“ဘာလဲ...ဝေက ဟိုသမီးလေးလား”
“မောင်ကလဲ...အဲဒါက အတုပဲဥစ္စာ...မောင်နဲ့ဝေတို့ရဲ့ ရင်သွေးစစ်စစ် ချစ်သမီးလေးပေါ့ မောင်ရဲ့”
“လုပ်လိုက်လေကြာသလားလို့...အီကြာကွေးနဲ့ နှစ်ပွဲ”
“မောင်နော်...နောက်တောက်တောက်နဲ့....”
အောင်သူဝင်းကို ခင်သက်ဝေ၏ နဖူးလေးကို ကြင်နာယုယစွာ နမ်းလိုက်ချိန်မှာတော့ ကျွန်တော့် ၀တ္ထု ပြီးဆုံးခြင်းသို့ရောက်လေသတည်း။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ...
ကျော်သိုက်
(၁၈-၁၂-၂၀၁၂)နံနက်(၁)နာရီ