အခု နောက်ပိုင်းမှာ … လူငယ်တွေကြား … လူကြီးတွေကြားမှာ အရမ်းပြောလာကြတဲ့ စကားလုံးလေး …။ လူငယ်တွေ စိတ်ဝင်စားလာ ကြတဲ့ စကားလုံးလေး …။
မွန်မြတ်တဲ့ စကားလုံး …။ သန့်စင်တဲ့ အသုံးအနုန်း …။
“ပရဟိတ” ဆိုတဲ့ စကားလုံးလေး ….။
“ပရဟိတ” ဆိုတာ ဘာလဲ …. ???
ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ပရဟိတ လုပ်ငန်းတွေ လိုအပ်ပါသလား … ???
ဘယ်အတိုင်းအတာ အထိ လိုအပ်ပါသလဲ … ???
ဟုတ်ပါပြီ …။
ပရဟိတ ဆိုတာကို လူမှု အကျိုးပြုလုပ်ငန်း လို့ အကျဉ်းချုံ့ပြီး အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ် …။ ဒီထက် နည်းနည်းပိုပြီး ထပ်ပြောရရင်တော့ … ကိုယ်ကျိုးအတွက်မဟုတ်ဘဲ … အများအကျိုးအတွက် ကူညီဆောင်ရွက်ပေးတဲ့ အမှုကိစ္စအားလုံးပါ …
နာရေးကူညီမှု လုပ်ငန်းတွေ …။ အခမဲ့ ဆေးပေးခန်းတွေ …။ လိုအပ်နေတဲ့ နေရာတွေကို လှူဒါန်းပေးပို့ ကူညီမှုတွေ …။ ဒုက္ခရောက်နေသူတွေကို စောင့်ရှောက်ဖေးမ မှုတွေ …။
ဒါတွေဟာ ပရဟိတ လုပ်ငန်းတွေပါပဲ …။ နောက်ပြီးတော့ ပရဟိတ အလုပ်တွေရဲ့ အရေးပါပုံ ……
No Man is Island … တဲ့
ဆိုလိုတာက လူရယ်လို့ ဖြစ်လာရင် … တစ်ဦးတစ်ယောက်တည်း သီးသန့် ရပ်တည် ရှင်သန်လို့ မဖြစ်နိုင်ပါဘူး …။ အပြန်အလှန် အမှီသဟဲ ပြုပြီး ရှင်သန်နေထိုင်ကြရပါတယ် …။ တစ်ဦး နဲ့ တစ်ဦး ကင်းကွာပြီး နေထိုင်လို့ မဖြစ်နိုင်တာမို့ပါ …။ အဲ့သည့်တော့ ကျွန်တော့် တို့ ရဲ့ ရှင်သန်မှုဘ၀မှာ ….
မေတ္တာတရား … ကိုယ်ချင်းစာမှု … အခြေခံကျင့်ဝတ္တရား … လူသားချင်းထောက်ထား စာနာမှု … အဆင့်အတန်း လူမျိုးဘာသာ ခွဲခြားချက် မရှိမှု ….
ဒါတွေဟာ အရေးပါတဲ့ အခြေခံလိုအပ်ချက်တွေပါ … ဒါတွေကပဲ ပရဟိတ ရဲ့ အခြေခံ စိတ်ဓာတ်တွေ ဖြစ်ပါတယ် …။
ဆိုရိုးလေး တစ်ခုရှိပါတယ် ….
“ကျွန်တော်တို့ ရှူသွင်းလိုက်တဲ့ဝင်သက်နဲ့ ဘ၀ ကို စံပြု မတိုင်းတာပါဘူး … ကျွန်တော်တို့ရဲ့ ထွက်သက်ကို ဘယ်လို ပြန်ထုတ်သလဲ ဆိုတာနဲ့ပဲ ဘ၀ကို အတိုင်းအတာပြုပါတယ်”
ဟုတ်ပါတယ် … ကျွန်တော်တို့ သေချာ ပြန်စဉ်းစားကြည့်ရင် …
လောကကြီးကနေ ကိုယ်ဘယ်လောက် ပညာတွေ ရခဲ့ပြီလဲ … ကိုယ်ဘယ်လောက် ဥစ္စာတွေ ရခဲ့ပြီလဲ … ကိုယ်ဘယ်လိုမျိုး အတွေ့အကြုံတွေ ခံစားခဲ့ရပြီးပြီလဲဆိုတာ တွေဟာ …. ကိုယ့်ဘ၀ ကို ကိုယ့် အတွက်သီးသန့် ကိုယ်စားပြုနိုင်ပါလိမ့်မယ် …. ဒါပေမယ့် ကိုယ့်အတွက် လုပ်ခဲ့တာတွေ… ကိုယ့်အတွက် ကြိုးစားခဲ့တာတွေ မှန်သမျှ ဟာ ကိုယ်သေသွားတဲ့ အခါ ကိုယ်နဲ့ အတူ ပျောက်ကွယ်ဆိတ်သုဉ်းရပါတယ် …
ကိုယ့်ပညာတွေကို ကိုယ့်အကျိုးအတွက်သာမက တစ်ပါးသူအတွက်ပါ … ဘယ်လိုတွေ အသုံးချခဲ့ပြီးပြီလဲ …
ကိုယ့်ဥစ္စာတွေကို ကိုယ့်ဘ၀ အတွက်သာမက သူတစ်ပါး ဘ၀ အတွက် အထောက်အကူဖြစ်အောင်ပါ ဘယ်လို သုံးစွဲခဲ့ပြီးပြီလဲ …
ကိုယ့်အတွေ့အကြုံ တွေရဲ့ ရလဒ်ကို … ကိုယ်တစ်ယောက်တည်း ခံစားမနေဘဲ တစ်ပါးသူတွေပါ သိရှိနိုင်အောင် ဘယ်လို မျှဝေခဲ့ပြီးပြီလဲ …
ကိုယ်တစ်ယောက်တည်း အတွက်မဟုတ်ဘဲ … အများအတွက် … ရည်ရွယ်ပြီး လုပ်တဲ့ အလုပ်တွေက သာ …
ကိုယ်မရှိတော့ရင်တောင်မှ အများနဲ့အတူ ထာဝရ ကျန်ရှိနေခဲ့မှာပါ …
ဒါဟာ ကိုယ့်ဘ၀ဘယ်လောက် တန်ဖိုးရှိခဲ့လဲဆိုတာကို လောကစံနှုန်းနဲ့ တိုင်းတာတဲ့ နည်းပါပဲ …
ကိုယ့်အတွက် တစ်ယောက်တည်း မဟုတ်ဘဲ အများအတွက် ရည်ရွယ်ပြီး လုပ်တဲ့ အလုပ်တွေဟာ ပရဟိတ အလုပ်တွေပဲပေါ့ …။ မွန်မြတ်သန့်စင် လှပါတယ် …။
နောက်ပြီး ပရဟိတ ဆိုတာ လိုအပ်ပါသလားတဲ့ ….
မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်က “အတ္တာဟိ အတ္တနောနထော” မိမိ ကိုယ်ကိုယ်သာလျှင် ကိုးကွယ်ရာ၏ လို့ ကိုယ့်အားကိုယ်ကိုးဖို့ ဟောကြားတော်မူခဲ့တာ ပဲ … သူတပါးဆီက အကူအညီဖြစ်တဲ့ ပရဟိတ ဆိုတဲ့ အရာက ရှိသင့်နေသေးလား … တဲ့
ကျွန်တော့် သူငယ်ချင်းတစ်ယောက်က အဲ့သည်လို မေးခဲ့ဖူးတယ် …
ဒီနေရာမှာ တစ်ခု သိထားရမှာက …
ပရဟိတ ဆိုတာ ကိုယ့်အပေါ်ကို သူတပါးက မှီခိုအားထားလာအောင် လုပ်ဆောင်တဲ့လုပ်ငန်းမျိုးမဟုတ်ပါဘူး … ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် ကိုယ့်ဘ၀ကို ကိုယ် တည်ဆောက်နိုင်အောင် ကူညီအားပေး တဲ့ လုပ်ငန်း ဆိုတာလေးကို အခြေခံ ကျကျ သိထားရပါလိမ့်မယ် …..
ဆရာမပါဘဲ ကိုယ်ပိုင်ဥာဏ်တော်ဖြင့် ဆင်ခြင်သုံးသပ်ကာ သဗ္ဗညုတ ရွှေဥာဏ်တော်ကို ပိုင်ဆိုင်ခဲ့ရတဲ့ ဗုဒ္ဓရှင်တော် မြတ်ဘုရားပင်လျှင် လက်ဦးဆရာကြီး နှစ်ဦး ရဲ့ အခြေခံ အသိအမြင် ညွှန်ပြပေးမှု … ပဉ္စ၀င်္ဂီငါးဦး ရဲ့ အလုပ်အကျွေး စတဲ့ တပါးသူရဲ့ ပရဟိတ နဲ့ ကင်းပြီးတော့ ဘုရားအဖြစ် ရောက်ရှိခဲ့ရတာ မဟုတ်ပါ …။ ဒါဟာ အမှီအခို ပြုနေတာမျိုးမဟုတ်ဘဲ … ကိုယ်ပိုင်ရပ်တည်မှုအတွက် မရှိမဖြစ်လိုအပ်နေတဲ့ အထောက်အပံ့ တချို့ကို ခံယူခြင်း သက်သက်ပဲဖြစ်ပါတယ် …။ နောက်ပြီး မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ၄၅ ၀ါ ပတ်လုံး ကိုယ်ပိုင်အနားယူချိန်နည်းစွာနဲ့ သတ္တ၀ါအားလုံးထံ မှန်ကန်တဲ့ ငြိမ်းချမ်းခြင်း သဘော သက်ရောက်နိုင်ရေး ဆိုအတွက် တရားဒေသနာတော် တွေကို ဖြန့်ဝေပေးခဲ့တယ် ဆိုတာကလည်း ပရဟိတသဘောနွယ်တဲ့ မေတ္တာကရုဏာတော်ပဲ ဖြစ်ပါတယ် …
ဒါ့ကြောင့် ကောင်းမွန်ပြည့်စုံ တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ဖို့ ဆိုရင် … မွန်မြတ်တဲ့ပရဟိတ လုပ်ငန်း တွေလိုအပ်နေမယ် ဆိုတာ အသေအချာပါပဲ ….။
နောက်ထပ် တစ်ခုက အတ္တ ပရ မျှ ဖို့ပါ …..
အများကောင်းကျိုးပြုတဲ့ ပရဟိတတော့ လုပ်ပါရဲ့ … ကိုယ့် အတွက် ထိခိုက်ဆုံးရှုံးမှုတွေ ရှိလာရမယ် ပျက်စီးမှုတွေ များလာ မယ်ဆိုရင်တော့ အဲ့ဒါ မဖြစ်သေးပါဘူး …။ ပရဟိတ ဆိုတာ မိမိ သူတပါး နှစ်ဦးသား အကျိုးရှိပါမှ စစ်မှန်တဲ့ ပရဟိတ ဖြစ်နိုင်ပါတယ် …။
“သစ်တစ်ပင်ကောင်း … ငှက်တစ်သောင်း နားနိုင်” ပါသတဲ့ …
ကိုယ်က အခုမှ ပျိုးပင်အရွယ် အပင်ငယ်ဖြစ်နေပါရင် ငှက်တစ်သောင်းမပြောပါနဲ့ ငှက် တစ်ကောင် အတွက်နဲ့ကို အညွှန့်ကျိုး ပျက်စီးသွားနိုင်ပါတယ် …။ ဒါကြောင့် ကိုယ်ကိုယ်တိုင် သစ်ကောင်းတစ်ပင် အရင်ဖြစ်ဖို့ လိုပါသေးတယ် …။ အခြေခံ ဖောင်ဒေးရှင်း ကောင်းနေရင် အထပ်ဘယ်လောက်ပဲ မြင့်လာလာ ထမ်းထားနိုင်တဲ့ အဆောက်အအုံလိုပါပဲ … ကိုယ်က အရင် ဖောင်ဒေးရှင်းကောင်းနေဖို့လိုပါတယ် …။
ကျွန်တော်တို့မှာ လက်နှစ်ဖက် ပါပါတယ် …။ လက်တစ်ဖက်က သူတပါးကို ပေးကမ်းဖို့ လှမ်းနေတဲ့ အချိန် …. ကျန်တစ်ဖက်ကလည်း ကိုယ့်အတွက် … ပြီးတော့ အများအကျိုးအတွက် …. ပြန်လည်မျှဝေ နိုင်လောက်အောင် ရှာဖွေသိုမှီးမှု တွေ ပြုနေရပါမယ် …. လက်နှစ်ဖက်လုံးက သူတပါး အတွက် ဆိုတာပဲ ဖြစ်နေတာမျိုး … လက်နှစ်ဖက်လုံးက ကိုယ့် အတွက် ဆိုတာပဲ ဖြစ်နေတာမျိုး … အဲ့သည်လို အစွန်းနှစ်ဖက် ရှောင်နိုင်ရပါမယ် …. အကျဉ်းချုံ့လိုက်ရင်တော့ အတ္တ ပရ မျှတ ဖို့ လိုပါသေးတယ် …..။
ပြည့်စုံတဲ့ ဖွင့်ဆိုချက် … လိုအပ်ချက်မရှိတဲ့ တင်ပြချက် ဖြစ်ချင်မှ ဖြစ်မယ် …
ဒါပေမယ့် အခုဖော်ပြချက် တွေကတော့ ….
ကျွန်တော်နားလည် လက်ခံထားတဲ့ “ပရဟိတ” ပဲ ဖြစ်ပါတယ် …..။
အစဉ်လေးစားလျှက်
MgKaung
December 21, 2012
(10:55 PM)