တန်ဖိုးရှိတဲ့ ဂယ်ပေါက် လေးတွေ
ပြင်ဆင်ဖောက်လုပ် နိုင်ကြပါစေ။
(ဆောင်းပါး)
ခိုင်လေးစာဖတ်ပရိတ်သတ် အားလုံးမင်္ဂလာရှိသောနေ့ရက်လေး ဖြစ်ပါစေရှင် ။
ခုဆိုရင် ခိုင်လေးတို့ မြို့နယ်လေးမှာ နိုင်ငံရပ်ခြားကို သွားရောက်အလုပ်လုပ်ကိုင်နေသူတွေ တော်တော်လေးကို ပေါများပါတယ် ။ ဒီထဲမှာ ခိုင်လေးနဲ့ သိပ်ကိုရင်းနှီးတဲ့ မောင်ငယ်လေးတစ်ယောက်လည်းပါဝင်လေရဲ့။ သူနာမည်က မိုးကျော်သူလို့ခေါ်တယ် ။ သူနိုင်ငံခြားမှာ အလုပ်လုပ်နေတာဆို အတော်လေးကြာပါပြီ ။ 4နှစ်လောက်တော့ ရှိရော့မယ်လေ ။ တခါတလေ အကြောင်းအရာတွေက ပြောင်းပြန်လေးတွေ ဖြစ်တတ်တဲ့ သဘောရှိတယ်ဆိုတာကို မိုးကျော်သူအဖြစ်က သက်သေထူးနေခဲ့ပါတယ် ။
နိုင်ငံခြားသွားကြတယ် ။တစ်ချို့တွေက ရှိတာလေးတွေကို ရောင်းချသွားကြတယ် ။ တစ်ချို့ကြတော့လည်း ငွေပိုလေးရှိလို့ ပိုကြီးပွားအောင်သွားကြတယ် ။တစ်ချို့ကြတော့ ချေးငှားသွားကြတယ် ။ နိုင်ငံခြားရောက်တော့ ရောက်ကာစတော့ ကြိုးစားကြပါရဲ့ ။ အနေကြာတော့ သုံးတတ်လာတယ် ။ ဒီတော့ အကြွေးတောင်မကျေဖြစ်ကြတဲ့သူတွေလည်းတစ်ပုံတစ်ပင်ပါဘဲ ။ အတိုးတွေတက်နေပြီ ငွေကမလာတော့ ကျန်ရစ်သူမိသားစုတွေ ဖုန်းတွေ တစ်ဂွမ်ဂွမ်ဆက် ။ ဒီတော့ ဖုန်းနံပတ်တွေ ပြောင်းပစ်ကြတယ် ။ အိမ်ကို အဆက်သွယ်တွေ ဖြတ်ပစ်ကြတယ်ဆိုတာတွေတော့ မထပ်အောင် ကြားဖူးနေကြမယ်လို့ ထင်ပါတယ် ။ ခိုင်လေး မောင်လေး မိုးကျော်သူအဖြစ်ကကြတော့ တစ်မျိုးပါရှင် ။ ရသမျှလေးတွေ အိမ်ကို အကုန်ပို့ရှာပါတယ် ။ ကျန်ခဲ့တဲ့ မိခင်ဖြစ်သူတစ်ဦးတည်းပါ ။ သားလေးပို့သမျှကို မလိုတာတွေ သုံးလိုက် ဖြန်းလိုက်နေလာလိုက်တာ မိုးကျော်သူတစ်ယောက်သာ နိုင်ငံခြားမှာ နှစ်တွေ ကြာညောင်းလာတယ် သူမိခင်ကတော့ ထူးခြားတဲ့ တိုးတက်ပြောင်းလဲ မှုမရှိခဲ့ပါဘူး ။ ပေးလိုက်ရတဲ့ နတ်ပွဲတွေက တခြိမ်းခြိမ်း ။ ပတ်ဝန်းကျင်ကတောင် မျက်စိဆံပင်မွှေး စူးရလောက်အောင်ကို အသုံးအစွဲကြမ်းပါတယ် ။ ဒီလိုနဲ့ မိုးကျော်သူတစ်ယောက် မြန်မာပြည်ကို အလည်တခေါက်ပြန်လို့ရောက်လာခဲ့ပါတယ် ။ အိမ်ဆောက်ဖို့ ပို့လိုက်တဲ့ငွေတွေကလည်း အိမ်ဆောင်တဲ့ထဲ အကုန်မရောက်တော့ တစ်ဝက်တစ်ပျက် ။ ဆောက်တာတော့ အုတ်ပက်ကား ကာထားတာက ထရံဖြစ်နေပါတယ် ။ ရုတ်တစ်ရက်ဆိုသလို သားကပြန်လာမည်ဆိုတော့ ဘာလုပ်ရမှန်းမသိမျက်ရည်စမ်းစမ်းဖြစ်ရရှာလေတော့သည်။ သားက ပို့စဉ်က မလိုအပ်တာတွေ မတရားသုံးခဲ့တဲ့ ဆိုးကျိုးတွေကို ခုချိန်မှ သိမြင်ခဲ့တယ် ။ သားအနေနဲ့ကလည်း ရသမျှလေးကို မဖြစ်ဖြစ်အောင် ကြိုးစားပမ်းစားပို့ခဲ့ရှာတာပါ ။
မျှော်လင့်ချက်တွေ အပြည့်နဲ့ ပြန်လာတဲ့ မိုးကျော်သူတစ်ယောက် ပြန်ရောက်တာနဲ့ ဖြစ်ရပ်မှန်တွေကို သိလိုက်မြင်လိုက်ရတယ်ဆိုရင်ဘဲ အမောစို့စေတော့တာပါဘဲ ။ မိဘမို့ အပြစ်လည်းမဆိုသာပြန် ။ မချိတင်ခဲ သက်ပြင်းကိုတာ အခါခါချလို့ ကျိတ်ကာပူဆွေးယုံမှတပါး ဖြေစရာဘယ်မှာရှိမည်နည်း ။ ဆရာဇော်ဂျီရေးသားတဲ့ ကဗျာလေးထဲကလို
တော်ပါပြီ ဆက်မလှမ်းချင်ဘူး
ဆိုတဲ့ စာသားလေးကိုသာ အော်ဟစ်ကာညဉ်းတွားလိုက်ပါတော့တယ် ။
တာဝန်ကျေတဲ့ သားသမီးတွေကို ပိုင်ဆိုင်ထားကြပေမယ့် တစ်ချို့တစ်ချို့သော မိဘတွေရဲ့ တွေးခေါ်ဆင်ခြင်နိုင်မှု အင်အားတွေ နည်းပါးလွန်းနေတတ်ကြပါတယ် ။ မိုးကျော်သူ အမေလို မိဘလိုမျိုးတွေ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ရှိနေတတ်ကြအုံးမှာပါ ။ မိကျောင်းခင်းရေခင်းပြ လုပ်တာ မဟုတ်ပါဘူး ။ အခြေနေဆိုတာ အမြဲပေးမနေတတ်ပါဘူး ။ အခြေနေပေးတုန်းမှာ စုဆောင်းသင့်ပါတယ် ။ လူပျို လူရွယ် ၊ အပျိုတွေဆို ပိုလို့တောင် မိဘတွေ အနေနဲ့ ဆုပေးထားသင့်ပါတယ် ။ တစ်လကို သားသမီးက 2သိန်းပို့ရင် 5သောင်းလောက်တော့ သူတို့ နောင်ရေးအတွက် ဆုပေးသင့်တယ်လို့ မှတ်ယူမိပါတယ် ။မိဘ နဲ့ သားသမီးကြား နားလည်မှုလေးတွေ ထားတတ်မယ်ဆို လောကကြီးက ပိုလိုလှပစေမှာပါ ။
လောကကြီးမှာသင်အများဆုံးချစ်ခင်သည့်ပုဂ္ဂိုလ်မှာတခြားလူမဟုတ်ပါ။သင်ကိုယ်တိုင်ပင်ဖြစ်သည်။လူတိုင်းလူတိုင်းမှာပညာတတ်သူဖြစ်စေ၊မတက်သူဖြစ်ပါစေ၊ပြည်စုံသူ(သို့ မဟုတ်)မပြည့်စုံသူဖြစ်ပါစေလူအားလုံးတွင်မိမိအတွက်ဂယ်ပေါက်တစ်ခုတော့ ထားရှိဖို့ လိုအပ်ပါသည်။ ဒီနေရာမှာဂယ်ပေါက်ဆိုတာကိုတော့ခိုင်လေးအနည်းငယ်ရှင်းပြချင်ပါသည်။သိပြီးသားလူတွေရှိနေမှာပါ။မသိသေးတဲ့လူတွေအတွက်ရှင်းပြချင်ပါတယ်။
ပဒက် ဆိုတဲ့သတ္တ၀ါကိုတော့ကြားဖူးကြမယ်လို့ ထင်ပါသည်။ပဒက် တစ်ကောင်ကိုဖမ်းမိဖို့ အတွက်ဆိုရင် အတွက်ပဒက်တစ်ကောင်ရဲ့ ဂယ်ပေါက်ကိုပိတ်တတ်ဖို့ လိုပါသည်။ပဒက် ကောင်ရဲ့ ဂယ်ပေါက်ကိုမပိတ်နိုင်ဘူးဆိုရင်ပဒက်ဆိုတဲ့သတ္တ၀ါကိုဘယ်လိုမှဖမ်းလို့ မမိနိုင်ပါဘူး။ပဒက်တွင်းနဲ့ ကင်းမြီးကောက်တွင်းလဲမှားတက်ပါသေးတယ်။ပဒက်တွင်းမှာပင်ကူမျှင်လိုအတန်းလေးတွေပါရှိတတ်ပါပြီး ကင်းမြီးကောက်တွင်းမှာတော့ မပါပါဘူး။ အသိဥာဏ်နည်းတဲ့ သတ္တ၀ါဖြစ်တဲ့ ပဒက် ကောင်တွေတောင် အန္တာရာယ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ မိမိတို့ ဆက်လက်အသက်ရှင်ဖို့ အတွက် ဂယ်ပေါက် တွေဖောက်ထားတတ်ကြပါတယ် ။ အန္တာရယ်ကို ရင်ဆိုင်တွေ့တဲ့ အခါ သူတို့ ဖောက်လုပ်ထားတဲ့ ဂယ်ပေါက်လေးတွေကနေ သူတို့ ဆက်လက် အသက်ရှင်ဖို့ ပြေးကြရပါတယ် ။ ဒီလိုဘဲ အသိဥာဏ်ပိုတဲ့ လူသားတွေမှာလည်း မိမိတို့ ဆက်လက်ရှင်သန်ရပ်တည်ဖို့ အတွက် ဂယ်ပေါက်လေးတွေ ဖောက်ထားသင့်တယ်လို့ ခိုင်လေးယူဆမိပါတယ် ။ မိဘကို လုပ်ကျွေးမယ်။ သိပ်ကို ကောင်းပြီး မင်္ဂလာရှိတဲ့ လုပ်ရပ်ပါ ။ ဒီလိုဘဲ မိမိအတွက်လည်း ဆက်လက်ရှင်သန်ဖို့အတွက်ငွေကြေးတွေကို သီးသန့်စုဆောင်းခြင်းဖြင့် မိမိတို့အတွက် ဂယ်ပေါက်လေးတွေ ဖောက်ထားဖို့ အထူးကိုလိုအပ်ပါတယ် ။
နမူနာအနေနဲ့ ဖြစ်ရပ်မှန်ဇတ်လမ်လေးတစ်ခုကိုထပ်ပြောပြချင်ပါတယ် ။(၁၉၅၄)ခုနှစ်ပတ်ဝန်ကျင်လောက်ကနယ်မြို့ လေးတစ်မြို့ မှာမိသားစုတစ်စုရှိပါသည်။အဲဒီမိသားစုလေးမှာအိမ်ထောင်ဦးစီးဖခင်ကမိခင်ထက်(၁၅)နှစ်ခန့် အသက်ကြီးပါတယ်။အိမ်ထောင်ဦးစီးကအသက်အရွယ်ကြီးရင့် လာတဲ့ အခါမှာမိန်းမလုပ်သူကအိမ်ထောင်တာဝန်တွေကိုဦးဆောင်ပါတယ်။မိန်းမလုပ်သူက ယောက်ကျားကို နေ့တိုင်းဆေးလိပ်ဖိုးပေးသတဲ့လေ ။ အဖိုးအိုက သူ့ မိန်းမပေးတဲ့ ဆေးလိပ်ဖိုးတွေကိုနေ့ တိုင်းဝယ်မသောက်ဘဲ ဆုထားသတဲ့ ။ဒီလိုနဲ့ ဆုလာလိုက်တာတစ်နေ့ တော့ အဖိုးရဲ့ ဇနီးကစိတ်ပျက်လက်ပျက်နဲ့ အိမ်ရှေ့မှာထိုင်နေတာကိုအဘိုးအိုကတွေ့ ရတယ်လေ။ဒီတော့ သူ့ မိန်းမကိုမေးတာပေါ့ …………..
*မိန်းမမင်းမျက်နှာမကောင်းပါလား။ဘာဖြစ်နေတာလဲ* *ကျွန်မအရင်းတွေလဲမရှိတော့ ဘူးရှင်။ဒီနေ့ ဆိုကျွန်မစားဖို့ တောင်တပြားမှလက်ထဲမရှိတော့ ဘူး။အဲဒါ…….တွေးပြီးစိတ်ညစ်နေတာ။*
အဖိုးအိုကရုတ်တရက်သူ့ မိန်းမဘေးကနေထထွက်သွားတယ်။ခဏအကြာမှာ ငွေတစ်ထပ်ကိုကိုင်ပြီးအဖိုးအိုပြန်ရောက်လာပါတယ်။ဇနီးသည်အားသူ့ လက်ထဲမှငွေများကိုပေးလိုက်တယ်။ ဇနီးသည်မှာအံ့သြစွာနှင့် 
**ရှင်ဒီပိုက်ဆံတွေဘယ်ကရတာလဲ။**
အဖိုးအိုပေးတဲ့ငွေမှာ (၁၀၀)ကျပ်တိတိရှိပါတယ်။အဲဒီခေတ်က ငွေ(၁၀၀)ဆိုတာခုခေါတ်ငွေ(၂)သိန်းလောက်နှင့်တန်ဘိုးညီမျှပါတယ်။
**မိန်းမ !မင်းပေးတဲ့ ဆေးလိပ်ဖိုးငွေထဲကနေငါဆုထားတဲ့ ငွေတွေပါ။အရေးကြီးတဲ့ အချိန်ဆိုတာလူတိုင်းရင်ဆိုင်ကြုံတွေ့ရတတ်တယ်။ဒီလိုရင်ဆိုင်ရတဲ့ အချိန်မှာကိုယ့် ကိုယ်ကိုကယ်နိုင်ဖို့ အတွက်ဂယ်ပေါက်ဆိုတာရှိထားရမယ် ။ အသိဥာဏ်နည်းတဲ့သတ္တ၀ါလေးတွေဖြစ်တဲ့ ပဒက် ကောင်တွေတောင်သူတို့ ရှင်သန်ဖို့ အတွက် ဂယ်ပေါက် တွေဖောက်ထားတတ်ရင် အသိဥာဏ်ပိုတဲ့ လူသားတွေကပိုပြီး မိမိဂယ်ပေါက်တွေကိုအဆင်သင့် ပြင်ဆင်စုဆောင်းထားသင့် တယ်လို့ သူဇနီးကိုရှင်းပြလိုက်ပါသတဲ့ လေး ။ ***
ကျွန်မတို့ အသိဥာဏ်ရှိတဲ့ လူသားတိုင်း ကိုယ်အတွက် ကိုယ်ဘ၀ ရှင်သန်အောင်မြင်ရေးအတွက် ဂယ်ပေါက်လေးတွေကို အကောင်းဆုံး ပြင်ဆင်ဖောက်လုပ်နိုင်ကြပါစေလို့ ဒီဆောင်ပါးလေးကနေ လေးနက်စွာ သတိပေးဆုတောင်းပေးလိုက်ပါတယ်ရှင် ။
ခိုင်လေး (ရွှေတောင်)