သမ္မာကင်းထ၊ ကျင့်ပါပနှင့်၊ နှုတ်ကဘုရား၊ လက်ကားရားဖြင့်၊ တရားမစောင့်၊ စိတ်မဖြောင့်သား၊ သူကောင့်လက္ခဏာ၊ အပေါ်ဝါလျက်၊ ယုတ်မာစရိုက်၊ မိစ္ဆာလိုက်သည့်၊ ခွေးမိုက်ဗာလ၊ ဓမ္မိကသို့၊ စာရမကောင်း၊ လူ့တစောင်းလည်း၊ မပေါင်းဖြစ်သာ၊ ရှောင်လွဲရာ၏-လို့ မဃဒေ၀လင်္ကာသစ်မှာ ဆိုထားသည် မဟုတ်ပါလော။
အထက်ပါစကားရပ်ဟာ သူတော်ကောင်းဟန်ဆောင်ထားတဲ့ လူမိုက်ကို မပေါင်းသင်း မဆက်ဆံဖို့ ညွှန်ပြထားတဲ့ စကားရပ်ပါ။
မှန်ပါတယ်-ဟိုတုန်းက မြေခွေးတစ်ကောင်ရှိခဲ့ဘူးတယ်၊ အဲဒီမြေခွေးဟာ အရှေ့ဘက်ကို မျက်နှာမူပြီး ခြေထောက်တစ်ချောင်းထဲ မြေကြီးပေါ်မှာ ထောက်ကာ ပါးစပ်ကြီးဟပြီးတော့ နေရှာလေသတဲ့၊ အတော်ကို သူများထက်ထူးဆန်းအောင် လုပ်နေတာပေါ့။
အဲဒီလို ထူးထူးဆန်းဆန်း လုပ်နေဟန်ကို မနီးမဝေးမှာရှိကြတဲ့ ကြွက်အုပ်ကြီးတစ်သိုက်က မြင်ကြပါလေရော့၊ မြင်ရင်ဘာလုပ်မလဲဆိုတာ အားလုံးအသိပါ၊ ထူးဆန်းတာကို ကြည့်ချင်တာ လေ့လာချင်တာ မေးချင်တာ စုံစမ်းချင်တာက လူတို့ရဲ့သဘာဝမဟုတ်လား၊ ဒီတော့ ကြွက်တွေလဲ အဲဒီအတိုင်းပဲပေါ့၊ အနီးအပါးသွားပြီးတော့ စုံစမ်းမေးမြန်းကြတာ၊ မြေခွေးကို သင့်ရဲ့နာမည်က ဘယ်လိုလဲတဲ့၊ ဒီတော့ ဓမ္မိကလို့ဖြေလိုက်တယ်၊ ဓမ္မိကဆိုတာက တရားရှိတဲ့သူ တရားနှင့်နေတဲ့သူကို ဆိုတာပါ။ အဲဒီလိုဖြေတော့ ကြွက်တွေ အရမ်းအထင်ကြီးသွားကြတာပေါ့၊ ဆည်းကပ် ကိုးကွယ် အားကိုးချင်စိတ်တွေ ပေါက်သွားတာလေ။
နောက်ထပ် မေးခွန်းတစ်ခုထပ်မေးလိုက်သေးတယ်၊ ခြေတစ်ချောင်းထဲ ထောက်ထားတာကကော ဘာလဲတဲ့၊ ဒီတော့ အကယ်၍ လေးချောင်းထောက်မယ်ဆိုရင် ဒီမြေကြီးဟာ သူရဲ့ခန္ဓာကိုယ်ကြီးကို မနိုင်ဘူး၊ ဒါကြောင့် တစ်ချောင်းထဲ ထောက်ထားတာပါတဲ့၊ ဒီအချက်က သတ္တ၀ါတွေကို သနားတယ်ဆိုတဲ့ကရုဏာသဘော၊ လေးချောင်းထောက်လို့ မြေပြိုသွားရင် သတ္တ၀ါတွေသေကုန်မယ်၊ မသေရင်တောင် နေစရာရှိမှာမဟုတ်ဘူးဆိုတဲ့သဘောပေါ့။
အထင်ကြီးပြီး ဆက်တိုက်မေးခွန်းတွေထုတ်နေတယ်၊ နောက်တစ်ခုက ပါးစပ်ကြီးဟနေတာကကော ဘာပြုလို့တုန်းဆိုတော့ ငါကသူများတွေလို ထမင်းစတဲ့အစာအာဟာရကို မစားဘူး၊ လေကိုပဲစားတာတဲ့၊ ဒါလဲ သူရဲ့ ထူးခြားတဲ့ လောကသဘောကို ဖီဆန်ပြီး ကျင့်စဉ်တစ်ခုကို သူများသိသွားအောင် လုပ်နေတာပေါ့။
နောက်ဆုံးမေးခွန်းကတော့ အရှေ့ဘက်ကို မျက်နှာကြီးမူနေတာကကောလို့ ဆိုတော့ လောကကြီးတစ်ခုလုံးကို အလင်းရောင်ပေးနေတဲ့ ကျေးဇူးရှင် နေမင်းကြီးကို ပူဇော်နေတာပါလို့ ဖြေလိုက်တယ်၊ ဒါလဲပဲ ကျေးဇူးရှိတာကို အခြားသူတွေ ကျေးဇူးဆပ်နည်းနဲ့ မတူအောင် သူရဲ့လုပ်ရပ် ထူးခြားအောင် ပြနေတာပဲလေ။
ကြွက်အုပ်ကြီးဟာ နာမည်အလွန်ကောင်းတဲ့ ဓမ္မိကကို လုပ်ရပ်ထူးခြားလွန်းတဲ့အတွက်ကြောင့် သူတော်စင် သူတော်ကောင်းကြီးပဲလို့ သမုတ်ကာ သတ်မှတ်ကာ တစ်နေ့တစ်ကြိမ် လက်ယာဘက် ရစ်လှည့်ပတ်ပြီး ပူဇော်ပသကြပါတော့တယ်။
ဒီလိုနဲ့ အချိန်တွေ နေ့ရက်တွေ ကြာလာတဲ့အခါ ကြွက်ခေါင်းဆောင်ကြီးဟာ သူရဲ့ကြွက်အုပ် သိသိသာသာ လျော့နည်းလာတာကို သတိထားမိလာတယ်၊ ဒါနဲ့ မြေခွေးအပေါ် သံသယ၀င်လာမိတယ်၊ ဒါကြောင့်စူးစမ်းလို့တဲ့ သဘောနဲ့ ကြွက်အုပ်ရဲ့နောက်က ချန်ပြီး လိုက်ပူဇော်တယ်၊ သူတို့အထင်ကြီးထားတဲ့ မြေခွေးကြီးဟာ အထင်နှင့် အမြင်တလွဲဆီဖြစ်အောင်ကိုာ
နောက်က ကြွက်တချို့ကို ဖမ်းစာနေတာတွေ့ရတော့တာပါပဲ၊ ခေါင်းဆောင်ကောင်းပီသစွာ မြေခွေးရဲ့လည်ပင်းကို အတင်းဝင်ခဲ့တော့တာပေါ့၊ နောက်လိုက် ကြွက်တွေလဲ ဘာရမလဲ ညီညီညာညာ ၀ိုင်းပြီး ကိုက်လိုက်ကြတာ မြေခွေးကြီး အနိစ္စရောက်သွားတော့တယ်။
ကဲ လောကထဲမှာ နေထိုင်ကြတဲ့လူတွေမှာလဲ မြေခွေးလို သူတော်ကောင်းယောင် ဆောင်ထားတဲ့လူတွေမနည်းပါဘူး၊ ကြွက်အုပ်လို ရိုးရိုးသားသား ဖြောင့်မတ်မှန်ကန်တဲ့ လူတွေဟာလဲ များစွာရှိကြတာပါပဲ၊ ချဲ့ကားပြီး မပြောတော့ပါဘူး၊ အားလုံးအသိဖြစ်နေလို့ပါ။
နောက် နိုင်ငံရေးဇာတ်ခုံထဲမှာလဲ မြေခွေးလို ဟန်ဆောင်ထားတဲ့ ခေါင်းဆောင်တွေ အလွန်များစွာ ရှိနေကြသလို ကြွက်အုပ်လို ရိုးသားဖြောင့်မတ် မှန်ကန်တဲ့ ပြည်သူတွေဆိုတာလဲ အလွန်များစွာ ရှိနေကြတာပါပဲ။ ဒါလဲ ကမ္ဘာအရပ်ရပ်မှာ ရှိနေတဲ့အတွက်ကြောင့် အားလုံးအသိဖြစ်နေလို့ ချဲ့ပြီး မပြောတော့ပါ။
အဲဒါကြောင့် အားလုံးကို သတိပေးချင်တာက ဘယ်လောကထဲမှာပဲဖြစ်ဖြစ် အယောင်ဆောင်ထားတဲ့ မြေခွေးဓမ္မိကလို လူသားမျိုနှင့် ဝေးဝေးရှောင်ရှားနိုင်ကြပါမှ ဒုက္ခစက်ကွင်း ဆင်းရဲတွင်းမှ လွတ်မြောက်နိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
(၂၅-၁၂-၂၀၁၂) အင်္ဂါနေ့ နံနက် 1-နာရီခွဲီ
သုခီ ဒီဃာယုကော ဘ၀။ (ဆရာဗန်)