နှစ်သစ်ရောက်လေတိုင်း ခင်မင်သူတွေကို ဆုမွန်ကောင်းNew year Cardတွေပေးတတ်တဲ့ လူကြီးဖြစ်သူရဲ့ အစဉ်အလာက ဒီနှစ်တော့ ကျွန်မအတွက် ရင်ထိတ်စေပါတယ်… အလှပဆုံးColour full Cardတခုကိုရွေးပြီးလူကြီးပြောချင်၊ ဖြစ်စေချင်တဲ့စာသားအတိုင်း စာစီ၊ လှပအောင်အကွန့်အညွန့်လေးတွေထည့်လို့ တဆင့်ပေးသင့်တန်ပေး၊ အမြန်ချော ပို့သင့်တန်ပို့နဲ့ပေါ့။ ဖြစ်ချင်တော့ မဖြစ်မနေအလုပ်ကိစ္စတခု အကြောင်းပြုလို့ အလုပ်ကတဆင့် ရင်းနှီးခင်မင်တဲ့ ပုဂ္ဂိုလ်တယောက်ရဲ့ ရုံးခန်းကိုသွားဖို့ဖန်လာပါတယ်။ တချက်ခုတ်ရင် လေးငါးချက်လောက်အပိုင်းပိုင်းပြတ်စေဖို့ New Year Cardလေးပါယူလာ၊ ရုံးအတွက်လိုအပ်တာတွေပါဝယ်ဖို့ ရုံးကနေထွက်လာခဲ့ပါတယ်။ ဟိုကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပါလျက်နဲ့ ကံမကောင်းချင်တော့ ဓါတ်လှေကားကပြင်နေသတဲ့။
ဒီတော့လည်းပါလာတဲ့ခြေထောက်လေးကိုပဲအားကိုးလို့ လိုရာခရီးရောက်ဖို့အရေးအားစိုက်ရ တော့တယ်။ ၆လွှာလှေကားထစ်တွေကို မနည်းတက်လိုက်ရတယ်။ အပေါ်ရောက်တော့ အသက်တောင်ကောင်းကောင်း မရှုနိုင် တော့ပေမဲ့ ဟန်ကိုယ့်ဖို့လုပ်လို့ ၀န်ထမ်းလေးလိုက်ပို့တဲ့ ရုံးခန်းထဲဝင်လိုက်ပြီး မချိမဆန့်အပြုံးနဲ့နှုတ်ဆက်လိုက်ရင်း ပါလာတဲ့ New Year Cardစာအိတ်လေးကိုလှမ်းပေးလိုက်မိပါတယ်။ ပါးစပ်ကထွက်သွားတာကလည်း အန်ကယ့်အတွက်….. နောက်က စကားလုံးတွေကမောမောနဲ့ မဆက်ဖြစ်တော့ပါဘူး… ဘုမသိဘမသိပန်းရောင်စာအိတ်လေးကိုကြည့်ပြီး အမယ် အမယ် ငါ့ဆီတော့ရောက်လာသားပဲ… တော်သေးတာပေါ့ ငါ့ကိုတော့သတိရဖော်ရလို့…ဒိအထိဟုတ်နေပါသေးတယ်… ငါကညည်း အလုပ်ရှုပ်တဲ့လူကြီးနဲ့တွဲလုပ်နေကတည်းကမစွံတော့ဘူးထင်ထားတာ… ကောင်းတယ်… ကောင်းတယ်… ဖြစ်သင့်တာကြာပီ…. ဆိုတဲ့စကားလုံးတွေဆက်တိုက်လွှတ်ပါလေရော… မောမောနဲ့… မဟုတ်ဘူးအန်ကယ်.. မဟုတ်ဘူးပြောနေပေမဲ့ သူကကျွန်မကိုအထင်ကြိးစွာနဲ့ လက်ဆွဲနှုတ်ဆက်နေပါပြီ…သောက်နေတဲ့ရေတောင်သီးခဲ့ရပါတယ်…လိုရင်းကိုမြန်မြန် ရောက်အောင် ရှင်းမပြနိုင်ခဲ့တာက ဓါတ်လှေကားပျက်ကြောင့်လား… အမောမပြေမချင်း ရုံးခန်းရှေ့မှ ရပ်ပြီးအမောမဖြေခဲ့မိတဲ့အပြစ်ကြောင့်လား… ရေသီးခဲ့တာကြောင့်ပဲလား… အခြေအနေမှန်ကိုနားလည်တဲ့အချိန်မှ ကျန်ခဲ့တဲ့သူကအားရပါးရရယ်နိုင်ပေမဲ့… ကျွန်မကတော့နောက်ကို သတိထားစရာတခု သင်ခန်းစာရခဲ့ရတယ်… ဖိတ်စာမဟုတ်တဲ့New Year Cardကပေးတဲ့ သင်ခန်းစာပေါ့လေ…